တိုးတက်ခိုင်မာတဲ့ချစ်ကြည်မှုကို ထိုင်ဝမ်နဲ့တည်ဆောက်ထားနိုင်ပြီးဖြစ်ပါတယ်- ပလိုစီ

ထိုင်ဝမ်ကို ပစ်ပယ်ထားမှာမဟုတ်ဘူးဆိုပြီး တိုင်ပေမြို့ကို ရောက်နေတဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီက ဒီနေ့ သြဂုတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာပဲ ထုတ်ပြောလာပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့တွေ့ဆုံချိန်မှာ မစ္စစ်ပလိုစီက အခုလို ထုတ်ပြောလိုက်တာပါ။

သမ္မတနန်းတော်မှာတွေ့ဆုံချိန် ''ဒီနေ့မှာ ကျွန်မတို့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို ပစ်ထားမဟုတ်ဘူးဆိုတဲ့ ကျွန်မတို့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြသတာဖြစ်ပါတယ်။ ခိုင်မာတဲ့ကျွန်မတို့ ချစ်ကြည်ရင်းနှီးမှုကိုလည်း ဂုဏ်ယူမိပါတယ်''လို့ သူက ပြောပါတယ်။

''အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နဲ့တသားတည်းရှိမှုဟာ သိပ်ကို အရေးကြီးပါတယ်။ဒါဟာ ကျွန်မ ဒီနေ့ ဒီကို ဆောင်ကျဥ်းလာတဲ့သတင်းစကားပါပဲ'' လို့ သူက ထပ်လောင်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့မိနစ်ပိုင်းတုန်းကတော့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ ထိုင်ဝမ်ကို ကောင်းကျိုးပြုတဲ့ အရပ်သားတွေနဲ့ နိုင်ငံခြားသားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ကောင်းကျိုးဆု( Order of Propitious Clouds)ကို မစ္စစ် ပလိုစီကို သမ္မတနန်းတော်မှာပဲ ချီးမြှင့်ထားပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကတော့ မစ္စစ်ပလိုစီရဲ့ ထိုင်ဝမ်အတွက် မဆုတ်မနစ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်တဲ့အကြောင်း ထုတ်ပြောထားပါတယ်။

မစ္စစ် ပလိုစီရဲ့ အခု ထိုင်ဝမ် ခရီးစဥ်ကို ထိုင်ဝမ်အာဏာရပါတီရော၊ အတိုက်အခံ ပါတီတို့ကပါ လှိုက်လှိုက်လှဲလှဲကြိုဆိုထားကြတာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း မစ္စစ် ပလိုစီရဲ့ ထိုင်ဝမ် ခရီးစဥ်ဟာ ကြိုဆိုမှုရော၊ ကန့်ကွက်မှုနဲ့ပါ ရောယှက်နေပါတယ်။

တိုင်ပေက နာမည်ကျော်မိုးမျှော်တိုက်ကြီးကတော့ သူ့ခရီးစဥ်ကို ကြိုဆိုကြောင်းပြသတဲ့အနေနဲ့ ထိုင်ဝမ်နဲ့အမေရိကန်ဆိုတဲ့စာလုံးကြားမှာ အနီရောင်အသည်းပုံကို မနေ့ညတုန်းက မီးလုံးတွေနဲ့ပုံဖော်ပြသခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တိုင်ပေမှာ မစ္စစ်ပလိုစီခရီစဥ်ကို ကန့်ကွက်ကြောင်းစာတန်းတွေကိုင်ဆောင်တဲ့လူစုလူဝေး ဆန္ဒဖော်ထုတ်မှုတွေလည်း ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ မစ္စစ်ပလိုစီရဲ့ အခုခရီးစဥ်ကို ကန့်ကွက်ကြောင်းပြသဖို့ တရုတ်နိုင်ငံခြားရေဝန်ကြီးဌာနက အမေရိကန်သံအမတ်ကိုဆင့်ခေါ်ထားပါတယ်။