အပူလှိုင်းဖြတ်ရင် ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်နိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
အင်္ဂလန်မှာ အပူလှိုင်းဖြတ်မယ်ဆိုတဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားရာမှာ အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်အထိတောင် ဖြစ်သွားနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
အခုလို သတိပေးချက်အဆင့်မှာ လူ့အသက်အန္တရာယ်အထိ ထိခိုက်နိုင်တဲ့ အဆင့်အမြင့်ဆုံး အနီရောင် သတိပေးချက် ဖြစ်တဲ့အတွက် အရေးပေါ်အခြေအနေလည်း ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
အခုလို အနီရောင်သတိပေးချက်နဲ့ အကျုံးဝင်တဲ့ နေရာတွေကတော့ မြို့တော် လန်ဒန် အပါအဝင် အင်္ဂလန်ရဲ့ အလယ်ပိုင်း ဒေသတချို့ ဖြစ်ပြီး အထူးသဖြင့် ဒီသတိပေးချက်ကို ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်တို့အတွက် အထူးသတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အခုလို ဖြတ်လာတဲ့ အပူလှိုင်းဟာ မြောက်အာဖရိကဒေသက အစပြုတယ်လို့ ခန့်မှန်းထားပြီး ဥရောပကိုလည်း ပျံ့နှံ့လာရာမှာ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်တို့မှာလည်း လက်ရှိ တောမီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။
ပေါ်တူဂီမှာဆိုရင် ပြီးခဲ့တဲ့အပတ်က နေ့အပူချိန် ၄၇ ဒီဂရီ စင်တီဂရိတ် အထိအောင် မြင့်တက်ခဲ့ပြီး စပိန်မှာလည်း ၄၀ ဒီဂရီ စင်တီဂရိတ်အထက် ရှိနေခဲ့သလို ပြင်သစ်မှာလည်း ၄၁ ဒီဂရီ စင်တီဂရိတ်အထိ ပူလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။
အပူချိန် ပြင်းထန်လွန်းရင် ခန္ဓာကိုယ်မှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်စေသလဲ
လူ့ခန္ဓာကိုယ်မှာ အပူချိန်တက်လာတဲ့အခါမှာ သွေးကြောတွေ ပိုပွင့်လာပြီး သွေးဖိအား ကျသွားစေတဲ့အတွက် နှလုံးကနေ သွေးတွေ ခန္ဓာကိုယ်အနှံ့ရောက်ဖို့ ပိုပြီး အလုပ်ပိုလုပ်လာရပါတယ်။
အခုလို ဖြစ်လာတဲ့အခါမှာ ယားယံစေတဲ့ အပူပြင်ထတာနဲ့ သွေးကြောတွေက စိမ့်ထွက်မှုတွေ ရှိလာလို့ ခြေထောက်ယောင်တာ အစရှိတဲ့ အပျော့စား လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ချွေးထွက်များမှုကြောင့် ခန္ဓာကိုယ်ထဲက ရေနဲ့ ဆားဓာတ်တွေ ဆုံးရှုံးရပြီး အဓိကအားဖြင့် ခန္ဓာကိုယ်ထဲက ရေနဲ့ ဆားဓါတ်တို့ ရဲ့ မျှခြေ ပမာဏကို ထိခိုက်စေတာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေက သွေးဖိအားကျဆင်းမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အပူကြောင့် နွမ်းနယ်အားကုန်တဲ့ လက္ခဏာတွေ ဖြစ်လာပါတော့တယ်။
အဲဒီ လက္ခဏာတွေကတော့ မူးဝေခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းမကြည် အာရုံမစိုက်နိုင်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်လွန်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်နေခြင်း တို့ ဖြစ်ပါတယ်။
အခုလို ဖြစ်နေတဲ့အချိန်မှာ သွေးဖိအား အကျလွန်သွားမယ်ဆိုရင် နှလုံးဖောက်ပြန်မှု ဖြစ်သွားနိုင်တဲ့ အလားအလာလည်း တက်သွားနိုင်ပါတယ်။
ခန္ဓာကိုယ်က အပူဒဏ်ကို ဘာ့ကြောင့် ဒီလို တုံ့ ပြန်ရတာလဲ
လူတွေရဲ့ ကိုယ်ခန္ဓာဟာ နှင်းမုန်တိုင်းထဲမှာ ရောက်နေတာပဲ ဖြစ်ဖြစ်၊ အပူလှိုင်းရာသီဥတုမှာ ရောက်နေပဲ ဖြစ်ဖြစ် ကိုယ်တွင်း အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်မှာ ထိန်းထားနိုင်အောင် ကြိုးစားလေ့ ရှိပါတယ်။
ဒီအပူချိန်ပမာဏဟာ လူ့ ခန္ဓာကိုယ် ပုံမှန် အလုပ်လုပ်နိုင်အောင် ဆင့်ကဲပြောင်းလဲ တည်မြဲလာခဲ့တဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ပြင်ပရာသီဥတုအပူချိန် တက်လာတဲ့ အခါမှာ ဆိုရင်လည်း လူ့ ခန္ဓာကိုယ်အနေနဲ့ ကိုယ်တွင်း တစ်သမတ်တည်း အပူချိန်ကို ထိန်းထားနိုင်အောင် အရေပြားနဲ့ နီးတဲ့ သွေးကြောတွေကို ကျယ်စေပြီး ချွေးထွက်အောင် လုပ်ခြင်းအားဖြင့် အပူဓာတ်တွေကို အပြင်ကို ပို့ဖို့ ကြိုးစားပါတယ်။
အခုလို ထွက်လာတဲ့ ချွေးတွေ အငွေ့ ပျံသွားပြီဆိုရင် ခန္ဓာကိုယ်က အပူဓာတ်ကလည်း အများကြီးလျော့ကျ သွားလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
ပူပြင်းလှတဲ့ ရာသီဥတုအခြေအနေမှာ ဘယ်လို လုံခြုံအောင်နေမလဲ
ယူကေနိုင်ငံ ကျန်းမာလုံခြုံရေးအဖွဲ့ ရဲ့ အကြံပေးချက်အရ အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ တစ်ယောက်တည်း နေထိုင်သူတွေ ပိုပြီး သတိထားရမယ်လို့ ဆိုပါတယ်။
အိမ်မှာဆိုရင်လည်း နေရောင်ထိုးတဲ့ဘက်က ပြတင်းပေါက် ခန်းဆီးတွေကို ပိတ်ထားသင့်ပြီး အရည်များများ သောက်ရမှာဖြစ်သလို အရက်ကိုလည်း အများကြီး မသောက်သင့်ဘူးလို့ ဆိုပါတယ်။
အပြင်ထွက်တဲ့ အခါမှာဆိုရင်လည်း မွေးကင်းစနဲ့ ကလေးငယ်တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ကားထဲမှာ သော့ပိတ်မထားခဲ့သင့်ဘဲ နေရောင် အပြင်းဆုံး မနက် ၁၁ နာရီက မွန်းလွဲ ၃ နာရီ အထိ ကာလအတွင်း အပြင်မထွက်သင့်ပါဘူး။
အပြင်ထွက်ရတဲ့ အချိန်တွေမှာလည်း ရေဆောင်သွားပြီး အရိပ်ထဲမှာ တတ်နိုင်သမျှနေသင့်သလို နေလောင်တာနဲ့ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်စွမ်းမြင့်တဲ့ ခရင်မ်တွေကို လိမ်းသင့်သလို ဗြက်ကျယ်တဲ့ ဦးထုပ်လည်း ဆောင်းသင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပူချိန်အမြင့်ဆုံး အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်တာမျိုးလည်း ရှောင်သင့်ပြီး အပူရှောင်တဲ့အနေနဲ့ မြစ်ရေ၊ ကန်ရေအတွင်း ရေဆင်းချိုးရာမှာလည်း ရေထဲမှာ ရှိနေနိုင်တဲ့ ခန္ဓာကိုယ် ထိခိုက်နိုင်တဲ့ အတားအဆီးတွေကို ဂရုပြုရမယ်လို့ ယူကေ ကျန်းမာရေး လုံခြုံရေး အဖွဲ့က အကြံပေးထားပါတယ်။
ပူပြင်းတဲ့ ညဘက်တွေမှာ အိပ်တဲ့အခါ အိပ်ရာခင်းပါးပါး ခင်းအိပ်သင့်ပြီး မအိပ် ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ခြေစွပ်ကို စွပ်ပြီး အိပ်နိုင်သလို အိပ်ချိန်ကိုလည်း တသမတ်တည်းထားပြီး အိပ်သင့်တယ်လို့ လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
·

အပူဒဏ်ကြောင့် နွမ်းနယ်အားကုန်တဲ့ လက္ခဏာတွေ ခံစားနေရသူကို တွေ့ရင် ဘယ်လိုကူညီနိုင်မလဲ
အပူဒဏ်ကြောင့် နွမ်းနယ်အားကုန်တဲ့ လက္ခဏာတွေ ခံစားရသူအနေနဲ့ နာရီဝက်လောက်အတွင်း ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုရင် ဒါကို စိုးရိမ်ရတယ်ဆိုပြီး သတ်မှတ်လေ့မရှိဘူးလို့ ဆိုပါတယ်။
ယူကေနိုင်ငံ နိုင်ငံတော် ကျန်းမာရေး ဝန်ဆောင်မှုဌာန NHS ကတော့ ဒီလို ဝေဒနာ ခံစားရသူတွေကို အေးတဲ့ နေရာ ရွှေ့ပေးစေပြီး ခြေထောက်ကို အနည်းငယ်မြှင့်ကာ လှဲလျောင်း အနားယူစေရမယ်လို့ အကြံပေးပါတယ်။
ပြီးတဲ့အခါမှာတော့ ရေများများ ဒါမှမဟုတ် အားကစားဆိုင်ရာ အားပြည့် အချိုရည်တွေလည်း တိုက်ပေးရမယ်လို့ ဆိုပါတယ်။
အရေပြား အပူချိန်အေးသွားဖို့အတွက်ကိုလည်း ရေအေးကို ဖြန်းပေးတာ၊ ရေပတ်တိုက်ပေးတာ လုပ်သင့်ပြီး ပန်ကာလည်း ဖွင့်ထားပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်မောင်းအောက် ချိုင်းကြားနဲ့ လည်ကုပ်နေရာတွေကို အအေးကပ်ပေးနိုင်ပြီး ဒီလိုတွေ လုပ်ပေးပြီးလို့ နာရီဝက်လောက် နေတဲ့အထိမှ မသက်သာရင်တော့ အပူရှပ် လေဖြတ်တဲ့ အဆင့် ရောက်သွားပြီလို့ ဆိုပါတယ်။
အခုလို အပူရှပ် လေဖြတ်သွားတဲ့သူတွေ အနေနဲ့ သူတို့ ပူလွန်းရင်တောင် ချွေးထွက်တာက ရပ်သွားပြီး ကိုယ်တွင်း အပူချိန်လည်း ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်တဲ့အထိ တက်လာကာ တက်သွားပြီး သတိလစ်တာမျိုး ဖြစ်နိုင်တဲ့အတွက် အရေးပေါ် လူနာတင်ကား ခေါ်ရမယ့် အဆင့် ဖြစ်သွားပြီလို့ NHS က ဆိုပါတယ်။
ဘယ်လို လူမျိုးတွေမှာ အပူရှပ် လေဖြတ်မှုတွေ ပိုဖြစ်နိုင်သလဲ
အသက်ကြီးတဲ့သူတွေနဲ့ နှလုံးရောဂါလို နာတာရှည် ရောဂါရှိသူတွေဟာ ရာသီဥတုပူပြင်းမှုကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာလာတဲ့ ဒဏ်ကို သာမန်လူတွေလောက် မခံနိုင်ကြဘူးလို့ ဆိုပါတယ်။
ဆီးချိုရောဂါရှိသူတွေ ဆိုရင်လည်း အပူဒဏ်အောက်မှာ ခန္ဓာကိုယ်က ရေဓါတ်ဆုံးရှုံးမှု လျင်မြန်နိုင်ပြီး ဒီရောဂါကြောင့် သွေးကြောအနေအထားတွေ ပြောင်းသွားစေသလို ချွေးမထွက်နိုင်ပဲ ဖြစ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။
ကလေးသူငယ်တွေနဲ့ အသွားအလာ မလွယ်ကူသူတွေမှာလည်း အခုလို အပူဒဏ် မခံနိုင်တာမျိုးဖြစ်နိုင်သလို dementia လို ဦးနှောက်အာရုံကြောရောဂါတစ်မျိုးရှိသူတွေ အနေနဲ့လည်း အပူဒဏ်ကို မခံစားမိဘဲ မလုပ်တတ် မကိုင်တတ် ဖြစ်သွားတာမျိုးလည်း ရှိနိုင်တယ်လို့ ဆိုပြန်ပါတယ်။
ဒါ့အပြင် အိမ်ခြေရာမဲ့တွေ အနေနဲ့လည်း အပူဒဏ်ကို ပိုခံရနိုင်ပြီး အထပ်မြင့်တိုက်မှာ နေတဲ့သူတွေ အနေနဲ့လည်း ပိုမြင့်တဲ့ အပူချိန် ခံစားရမှာကို သတိထားရမယ်လို့ ဆိုပါတယ်။
ဘယ်လို ဆေးဝါးတွေကြောင့် အပူဒဏ် ခံစားရမှု ပိုများနိုင်သလဲ
တချိုဆေးဝါးအမျိုးအစားတွေကြောင့် အပူဒဏ် မခံနိုင်တာမျိုး ပိုဖြစ်နိုင်ပေမယ့် ကိုယ့်ကျန်းမာရေးလိုအပ်ချက်အရ သောက်နေရတဲ့ ဆေးတွေကိုတော့ ဆက်သောက်သင့်ပြီး ခန္ဓာကိုယ် အအေးသက်သာ၊ ရေဓါတ်ပြည့်အောင်သာ ပိုကြိုးစားသင့်တယ်လို့ ဆိုပါတယ်။
Diuretics ဆေးတွေဆိုရင် ခန္ဓာကိုယ်ရဲ့ ရေစွန့်ထုတ်မှုကို ပိုများစေပြီး ဒီဆေးတွေကို နှလုံးပုံမှန် အလုပ်မလုပ်တဲ့ အခြေအနေတွေ အပါအဝင် ရောဂါလက္ခဏာ အတော်များများအတွက် သုံးနေတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီလိုဆေးသောက်နေရတဲ့ သူတွေ အနေနဲ့ အပူဒဏ် ခံစားရချိန်မှာ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်တဲ့ အခြေအနေကို ပိုခံစားရနိုင်ပြီး ကိုယ်တွင်း အဓိကကျတဲ့ သတ္ထုဓါတ်တွေ ဘက်မမျှတဲ့ ပြဿနာတွေလည်း ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
သွေးတိုးရောဂါရှိသူတွေ သောက်တဲ့ ဆေးတွေ ဆိုရင်လည်း အပူဒဏ် ခံစားရချိန်မှာ ဆေးကြောင့် သွေးဖိအားနည်းတာသာမက အပူဒဏ်ကြောင့် သွေးကြောတွေ ကျယ်ပြီး သွေးဖိအားတွေ အသက်အန္တရာယ်ဖြစ်လောက်အောင် ပိုကျသွားနိုင်ပါတယ်။
အတက်ရောဂါနဲ့ အကြောအားနည်းပြီး ခြေလက် တုန်တဲ့ Parkinson ရောဂါတွေအတွက် သောက်ရတဲ့ ဆေးတွေ ဆိုရင်လည်း ခန္ဓာကိုယ်ကို ချွေးထွက်ရ ခက်စေတဲ့ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် အပူဒဏ် ခံစားရချိန်မှာ ခန္ဓာကိုယ်က အေးအောင် လုပ်ဖို့ ပိုခက်သွားနိုင်တယ်လို့ ဆိုပါတယ်။
စိတ်ရောဂါအတွက် သောက်ရတဲ့ lithium ဆေးအမျိုးအစားနဲ့ နှလုံးအတွက် ကိုလက်စရောနည်းအောင် သောက်ရတဲ့ statin အမျိုးအစားဆေးတွေဆိုရင်လည်း သောက်ထားသူတွေ အပူဒဏ်ခံစားလို့ ရေဓာတ်နည်းသွားတဲ့အချိန်မှာ အဲဒီဆေးတွေက သွေးထဲမှာ သိပ်သည်းသွားပြီး ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပြန်ပါတယ်။
အပူဒဏ်ကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်သလား
ယူကေနိုင်ငံ အင်္ဂလန်ဒေသ တစ်ခုတည်းမှာတင်ပဲ နှစ်စဉ် အပူဒဏ်ကြောင့် သေဆုံးရသူ ၂၀ဝ၀ လောက် ရှိနေပါတယ်။
အဲဒီအထဲမှာ အများစုက ခန္ဓာကိုယ်က ကိုယ်တွင်း အပူချိန် ထိန်းညှိဖို့ ကြိုးစားရင်း နှလုံးဖောက်တာနဲ့ လေဖြတ်တာတွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။
ရာသီဥတုအပူချိန် ၂၅ ဒါမှမဟုတ် ၂၆ ဒီဂရီ စင်တီဂရိတ် ထက်ပိုပြီး တက်လာရင်ကိုပဲ အခုလို အင်္ဂလန်ဒေသအတွင်း သေဆုံးမှုနှုန်းတွေ ပိုမြင့်လာတယ်လို့ ဆိုပါတယ်။
အခုလို အပူဒဏ်ကြောင့် သေဆုံးမှုတွေဟာ နွေရာသီ အရှိန်အမြင့်ဆုံး အပူဆုံး ဆိုတဲ့ အချိန်တွေမှာထက် နွေဦးရာသီ ဒါမှမဟုတ် နွေရာသီ တကယ်ဝင်ကာစ အချိန်တွေမှာဖြစ်တာတော့ ပိုများတယ်လို့လည်း ဆိုပါတယ်။
အကြောင်းကတော့ နွေဝင်လာချိန်မှာ လူတွေရဲ့ ခန္ဓာကိုယ်နဲ့တကွ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အပူချိန်ကြောင့် ပြောင်းလဲလာရပြီး နွေဝင်လာတာနဲ့အမျှ အပူဒဏ်ကို ပိုပြီး အသားကျ ခံနိုင်လာတာကြောင့် ဖြစ်နိုင်ပါတယ်။
အင်္ဂလန်ဒေသရဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီ အပူလှိုင်းဖြတ်ချိန်က အချက်အလက်တွေ အရဆိုရင် သေဆုံးမှု မြင့်တက်လာတဲ့ အချိန်က လျင်လျင်မြန်မြန် ဖြစ်ပေါ်လေ့ရှိပြီး အပူလှိုင်းဖြတ်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ဖြစ်တယ်လို့ ဆိုပါတယ်။












