အိပ်လို့မရတာဘာ့ကြောင့်လဲ၊ တောင်ကိုရီးယားရဲ့နိုင်ငံတော်ပြဿနာ

ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ အိပ်မပျော်တဲ့ရောဂါအများဆုံးဖြစ်ပွားနေတဲ့ တောင်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ အိပ်မပျော်တဲ့ရောဂါအများဆုံးဖြစ်ပွားနေတဲ့ တောင်ကိုရီးယား

ကမ္ဘာပေါ်မှာ အိပ်လို့မရတဲ့ဒုက္ခကို အဆိုးဆုံးခံစားနေရတဲ့ နိုင်ငံတနိုင်ငံကတော့ တောင်ကိုရီးယားပါပဲ။ တောင်ကိုရီးယားနိုင်ငံမှာ အိပ်မပျော်တဲ့ရောဂါ ခံစားနေရသူပေါင်း မြောက်မြားစွာ ရှိနေပါတယ်။

ဂျီအွန်းမှာ ရုံးအလုပ်ချိန်ကသိပ်များလွန်းတော့ ပေါ့ပေါ့ပါးပါး အပန်းဖြေနားနေဖို့အချိန်ဆိုတာတောင် မရနိုင်အောင် ဖြစ်နေပါတယ်။ အဲဒီကစပြီး သူ့မှာ အိပ်လို့မရတဲ့ဒုက္ခစပြီး ကြုံလာရတော့တာပါပဲ။

ဂျီအွန်းဟာ များသောအားဖြင့် မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ အလုပ်လုပ်လေ့ရှိပြီး အထူးသဖြင့်ကတော့ အလုပ်ရှုပ်တဲ့နေ့တွေမှာ တခါတလေ မနက် ၃ နာရီထိုးတဲ့အထိ သူဟာရုံးမှာပဲ ရှိနေပါသေးတယ် သူက အသက် ၂၉ နှစ်အရွယ် ပြင်ပဆက်ဆံရေးအရာရှိပါ။ ။

သူ့အလုပ်ရှင်က တခါတလေ ညလယ်သန်းခေါင်ဖုန်းလှမ်းဆက်ပြီး တခုခုလုပ်ပေးဖို့ခိုင်းတတ်ပါတယ်။

“ကျွန်မဟာ ဘယ်လိုအပန်းဖြေရတယ်ဆိုတာတောင် မေ့နေသလောက်ပဲ” လို့သူက ပြောပါတယ်။

ပျားပန်းခပ်မျှစည်ကားလှတဲ့ ဆိုးလ်မြို့တော်ဂန်နမ်ရပ်ကွက်မှာ အိပ်မက်နဲ့အိပ်စက်ခြင်းဆေးခန်းဆိုတာ ရှိပါတယ်။ အိပ်မပျော်လို့ဆိုပြီး တညတည်းနဲ့အိပ်ဆေးအလုံး ၂၀ သောက်တဲ့သူတွေကိုတောင် သူခဏခဏတွေ့ဖူးတယ်လို့ အဲဒီဆေးခန်းက ဆရာဝန်ဒေါက်တာဂျီဟွန်းလီကပြောပါတယ်။ ဒေါက်တာဂျီဟွန်းလီဟာ အိပ်စက်ခြင်းဆိုင်ရာ စိတ်အထူးကုဆရာဝန်ပါ။

“အိပ်ပျော်ဖို့ဆိုတာ ဘယ်သူမဆို အချိန်နည်းနည်းတော့ ယူရတာပါပဲ။ ဒါပေမဲ့ကိုရီးယားတွေက မြန်မြန်အိပ်ပျော်ချင်ကြတော့ အိပ်ဆေးသောက်ကြတယ်ရှင့်” လို့ ဒေါက်တာဂျီဟွန်းလီက ပြောပါတယ်။

ကိုရီးယားမှာအိပ်ဆေးစွဲကြတာဟာ နိုင်ငံလုံးဆိုင်ရာကပ်ရောဂါတခုတောင်ဖြစ်နေပါပြီ။ တရားဝင်ကောက်ယူထားတဲ့ စာရင်းအင်းတော့မရှိပါဘူး။ ဒါပေမဲ့ အိပ်ဆေးစွဲနေသူဦးရေဟာ တသိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

အိပ်ဆေးသောက်ပြီးတော့လည်း အိပ်မပျော်သေးဘဲဖြစ်နေတဲ့အခါ သူတို့က အရက်ထသောက်တတ်ကြပါတယ်။ ဒါက အန္တရာယ်မကင်းတဲ့လုပ်ရပ်ပါ။

အိပ်မပျော်တဲ့ဝေဒနာရှင်တချို့မှာ အိပ်မက်ယောင်လမ်းလျှောက်တဲ့အကျင့်ရှိတတ်ပါတယ်။

“တချို့ကအိပ်နေရင်းလမ်းလျှောက်တတ်တယ်။ ရေခဲသေတ္တာကိုဖွင့်ပြီး တွေ့တဲ့ အစားအသောက်တွေကို အိပ်မက်ယောင်ရင်းစားကြတယ်လေ။ တခါတလေ မချက်မပြုတ်ရသေးတဲ့ဟာတွေပါ စားပစ်ကြတာပဲ။” လို့ ဒေါက်တာလီက ပြောပါတယ်။ “အိပ်မက်ယောင်လမ်းလျှောက်ရောဂါကြောင့် ဆိုးလ်မြို့လယ်ခေါင်မှာ ကားတိုက်မှုတွေဖြစ်ကြတာတောင်ရှိပါတယ်” လို့လည်း ပြောပါတယ်။

အိပ်မပျော်တဲ့ရောဂါတာရှည်လာရင် အနိုးကြားလွန်ရောဂါ hyper-arousal ဖြစ်တတ်ပါတယ်။ အနိုးကြားလွန်ရောဂါတာရှည်လာလို့ စိတ်ရောကိုယ်ပါ ပင်ပန်းလာရင် ထုံထိုင်းလွန်ရောဂါ hypo-arousal ဖြစ်သွားတတ်ပါတယ်။ အိပ်မပျော်လို့ အနိုးကြားလွန်ရောဂါဖြစ်နေချိန်မှာ လူက အိပ်ရေးမဝ၊ အာရုံစိုက်လို့မရ၊ စိတ်တို၊ ပေါက်ကွဲ၊ ပူပန်ဆိုတာတွေဖြစ်တတ်ပါတယ်။ အနိုးကြားလွန်ရောဂါ ဟိုင်ပါအရောက်ဇယ် ကြာလာရင် ထုံထိုင်းလွန်ရောဂါ ဟိုင်ပိုအရောက်ဇယ်ဆီကူးသွားတတ်ပါတယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်လာပြီး စိတ်ထဲမှာ ဘာမှမရှိ ဟာလာဟင်းလင်းကြီးဖြစ်၊ ခံစားချက်တွေပျောက်၊ ထုံထိုင်းလာရာက ပိုဆိုးလာရင် အကြောတောင် သေသွားတတ်ပါတယ်။ အဲဒါကတော့ ထုံထိုင်းလွန်ရောဂါဆိုတဲ့ ဟိုင်ပိုအရောက်ဇယ် အဆင့်ရောက်သွားတာပါ။

ဒေါက်တာလီနဲ့လာတွေ့တဲ့ တချို့ဝေဒနာရှင်တွေဟာ “ငိုတောင်ငိုကြပါတယ်။ ဒါပေမဲ့ ဒီကိုရောက်လာတော့ သူတို့မှာ ကောက်ရိုးတမျှင်ကို ဆွဲမိသလိုပါပဲ။ စိတ်မကောင်းစရာပါ” လို့ သူက ဆိုပါတယ်။

Female အိပ်မပျော်လို့ဆိုပြီး တညတည်းနဲ့အိပ်ဆေးအလုံး ၂၀ သောက်တဲ့သူတွေကိုတောင် သူခဏခဏတွေ့ဖူးတယ်လို့ ဒေါက်တာဂျီဟွန်းလီကပြောပါတယ်။ doctor stands in front of a reception desk with the sign Dream Sleep Clinic glowing in the background
ဓာတ်ပုံ ပုံစာ, အိပ်မပျော်လို့ဆိုပြီး တညတည်းနဲ့အိပ်ဆေးအလုံး ၂၀ သောက်တဲ့သူတွေကိုတောင် သူခဏခဏတွေ့ဖူးတယ်လို့ ဒေါက်တာဂျီဟွန်းလီကပြောပါတယ်။

အလုပ်လွန်၊ စိတ်ဖိစီး၊ အိပ်မပျော်ဝေဒနာ

အိပ်မပျော်တဲ့ဝေဒနာသည် အများဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်းကလည်း သိပ်မြင့်ပါတယ်။ ဖွံဖြိုးပြီး နိုင်ငံတွေထဲမှာ တောင်ကိုရီးယားဟာ သတ်သေနှုန်းအမြင့်ဆုံးနိုင်ငံပါ။ ဒါ့အပြင် အရက်ပြင်းသောက်သုံးမှုအများဆုံးနိုင်ငံတနိုင်ငံဖြစ်သလို စိတ်ကျပျောက်ဆေးသောက်နေရတဲ့သူကလည်း အမြောက်အမြားပါပဲ။ ဒီကိန်းဂဏန်းတွေ ဒီလိုမြင့်နေတာဟာ သူ့နိုင်ငံသမိုင်းနဲ့ပါ ဆက်စပ်နေပါတယ်။

တောင်ကိုရီးယားဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အဆင်းရဲဆုံးတိုင်းပြည်တပြည်အဖြစ်ကနေ နည်းပညာအဖွံ့ဖြိုးဆုံးတိုင်းပြည်တပြည် ဖြစ်လာတဲ့နိုင်ငံပါ။ နည်းပညာဘက်သာမက ပေါ့ပ်ယဉ်ကျေးမှုကလည်း လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါဟာခုခေတ်အခေါ် အနုစားအာဏာ soft power လည်းတစုံတရာရှိတယ်ဆိုတဲ့သဘောပါ။

ဆော်ဒီအာရေဗျတို့၊ အာရပ်စော်ဘွားများနိုင်ငံယူအေအီးတို့ကလည်း တောင်ကိုရီးယားလို ဟုန်းကနဲထတောက်လောင် လာတဲ့နိုင်ငံတွေပါပဲ။ ဒါပေမဲ့အဲဒီနိုင်ငံတွေက သဘာဝသယံဇာတတွေကြောင့် ရုတ်တရက် အောင်မြင်လာကြတာ။ တောင်ကိုရီးယားမှာ ဘာသယံဇာတမှရှိတာ မဟုတ်ဘူး။ တောင်ကိုရီးယားအောင်မြင်လာတာက လူအားသက်သက်နဲ့ ဟုန်းကနဲ မြောက်တက်လာတာပါ။ ပြင်းပြင်းထန်ထန်လုပ်၊ မြန်မြန်ဆန်ဆန်လုပ်ဆိုတဲ့ အမျိုးသားရေးလှုံ့ဆော်မှုနဲ့ အောင်မြင်လာတာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားရေးလှုံ့ဆော်မှုနဲ့ အတူတွဲပါလာတာက အလုပ်အလွန်အကျွံလုပ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်မပျော်ခြင်း ဆိုတဲ့ ပြဿနာတွေပါပဲ။

အခုဆိုရင် အိပ်မပျော်တဲ့သူတွေအတွက် အကျိုးဆောင်ပေးနေတဲ့ အိပ်စက်ခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းစုကြီးတောင် ပေါ်ပေါက်ဖြစ်ထွန်းလာပါပြီ။ အဲဒီအိပ်စက်ခြင်းအထောက်အကူပြု စီးပွားရေးလုပ်ငန်းစုကြီးရဲ့ပမာဏဟာ ၂၀၁၉ ခုနှစ် ကိန်းဂဏန်းအရ ဒေါ်လာ ၂ ဘီလျံခွဲတောင်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အိပ်ထောက်ကူစီးပွားရေးလုပ်ငန်းစုပေါ်ထွန်းလာခြင်း

ဆိုးလ်မြို့တော်မှာ ကုန်တိုက်ကြီးတခုလုံးကို အိပ်ထောက်ကူပစ္စည်းတွေနဲ့ချည်း ဖွင့်ထားတာတောင်ရှိပါတယ်။ အိပ်ရာခင်းကောင်းကောင်း၊ အနေတော်ခေါင်းအုံးဆိုတာမျိုးကစပြီး သဘာဝအသီးအနှံအရွက်အမြစ်တွေကနေ ထုတ်လုပ်ထားတဲ့ ပရဆေးအိပ်ဆေး၊ အားဆေးတွေအထိ အစုံအလင်ရှိပါတယ်။

ဒါ့အပြင် အိပ်ထောက်ကူနည်းစနစ်တွေကိုလည်း အဲဒီမှာရနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်လောက်က ကော့ကီရီ ဆိုတဲ့ စိတ်ကျင့်စဉ်မိုဘိုင်းအပလီကေးရှင်း meditation app တခုကို ဒန်နီယယ်တူးဒိုးက ရောင်းချခဲ့ပါတယ်။ အဲဒီအပလီကေးရှင်းဟာ စိတ်ကျင့်စဉ် သို့မဟုတ် မက်ဒီတေးရှင်း သို့မဟုတ် တရားထိုင်ခြင်းကို သင်ကြားပေးတာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ကိုရီးယားလူငယ်တွေ စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့ပါ။

အစဉ်အလာအရ ကိုရီးယားဟာ ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံဖြစ်ပေမဲ့ စိတ်ကျင့်စဉ်လုပ်ငန်းဟာ အဘိုးကြီးအဘွားကြီးတွေနဲ့ပဲဆိုင်တယ်လို့ လူငယ်အများစုကမှတ်ယူကြတာပါ။ ဆိုးလ်မြို့တော်ကြီးမှာ ရုံးလုပ်ငန်းလုပ်နေသူများနဲ့ မသက်ဆိုင်တဲ့အရာလို့ သဘောထားတတ်ကြပါတယ်။ လူငယ်တွေကို ဆွဲဆောင်မှုရှိစေဖို့အတွက် အရှေ့တိုင်းတရားထိုင်နည်းကို အနောက်ဟန်မက်ဒီတေးရှင်းပုံစံ ပြန်လည်ဖွဲ့စည်း ပြုလုပ်ထားတယ်လို့ ဒန်နီယယ်က ဆိုပါတယ်။

တောင်ကိုရီးယားလူငယ်တော်တော်များများမှာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေဖြစ်ပွားနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားလူငယ်တော်တော်များများမှာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေဖြစ်ပွားနေ

စိတ်ကျင့်စဉ်ပြန်ခေတ်စားလာတော့ မိရိုးဖလာတရားထိုင်တဲ့အသင်းအဖွဲ့တွေဟာလည်း ဒီလောကထဲပါဝင်လာကြပါတယ်။ အိပ်မပျော်တဲ့သူတွေ တရားထိုင်နိုင်ဖို့ ဗုဒ္ဓကျင့်စဉ်တွေ သင်ကြားပေးတဲ့ တရားစခန်းတခုကို ဆိုးလ်မြို့အစွန်မှာ ဟေရန်ဆူနင်မ်ဆိုတဲ့သီလရင်တပါးက ဖွင့်လှစ်ထားပါတယ်။

အရင်တုန်းကတော့ အဲသလို ရက်တိုသင်တန်းမျိုးဟာ ပင်စင်စားအဘိုးကြီးတွေ ဘာသာရေးရည်မှန်းချက်နဲ့ လာရောက်လုပ်ကိုင်ကြတဲ့နေရာမျိုးပါ။ အခုတော့ လူငယ်တွေ၊ အလုပ်လုပ်နေသူတွေလည်း ပါဝင်လာကြပါပြီ။ ဒါပေမဲ့ တချို့ဘုန်းကြီးကျောင်းတွေ၊ တရားစခန်းတွေဟာ တရားထိုင်တဲ့လုပ်ငန်းနဲ့ စီးပွားရေးအကျိုးအမြတ်ရှာနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

“ဟုတ်ပါတယ်။ အဲဒီအချက်ကိုစိတ်ပူစရာရှိပါတယ်။ ဒါပေမဲ့ကောင်းကျိုးက ဆိုးကျိုးထက်ပိုများပါတယ်” လို့ သီလရင်ဟေရန်ဆူနင်မ်က ဆိုပါတယ်။ “ထုံးတမ်းစဉ်လာအတိုင်းဆိုရင် လူငယ်တွေ ဗုဒ္ဓကျင့်စဉ် ကျင့်ကြံကြားနာတာမျိုးဟာ တော်တော်ရှားပါတယ်။ အခုကျောင်းမှာတရားစခန်းမှာရောက်လာကြတော့ အပြန်အလှန်ပြောဆိုဆွေးနွေးမှုတွေလည်း ရှိလာပါတယ်” လို့ ဆရာလေးဟေရန်ဆူနင်မ်က ဆိုပါတယ်။

အခြေခံကျကျပြောင်းလဲဖို့လိုပြီ

အလုပ်ထဲမှာသိပ်ပင်ပန်းလာပြီးနောက် အဲသလိုဗုဒ္ဓတရားစခန်းတခုကိုရောက်လာတဲ့ လီဟေးရီက စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အခုသူသဘောပေါက်လာပြီလို့ ဆိုပါတယ်။

“အားလုံးဟာကိုယ့်ဆီက စတာပဲ။ ပြဿနာအားလုံးဟာကိုယ့်ဆီက စတာပဲ။ ဒီအချက်ကို ကျွန်မသဘောပေါက်ခဲ့ပါတယ်။”

ဒါပေမဲ့ စိတ်ဖိစီးမှုနဲ့ အိပ်မပျော်တဲ့ရောဂါကို လူတဦးချင်းစီက ကိုယ့်ဘာသာဖြေရှင်းရမဲ့ကိစ္စလို့ သဘောထားတာဟာ ပြဿနာရှိပါတယ်။

ဗုဒ္ဓဘာသာတရားစခန်းတွေဟာ စိတ်ဖိစီးမှုလျှော့ချရာမှာအထောက်အကူဖြစ်ပေမဲ့ အကျိုးအမြတ်ရယူမှုအတွက် အဝေဖန်ခံရ

ဓာတ်ပုံ ရင်းမြစ်, getty images

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဘာသာတရားစခန်းတွေဟာ စိတ်ဖိစီးမှုလျှော့ချရာမှာအထောက်အကူဖြစ်ပေမဲ့ အကျိုးအမြတ်ရယူမှုအတွက် အဝေဖန်ခံရ

စိတ်ဖိစီးမှုနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေဟာ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အလုပ်ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းဆိုင်ရာ ဖိစီးမှုအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတယ်လို့ယုံကြည်ကြသူတွေက အခုလို တဦးချင်းစီရဲ့ကိုယ်ပိုင်ပြဿနာလို့ ပြောနေတာဟာ ဒုက္ခရောက်သူကိုအပြစ်ပုံချတဲ့ victim-blaming ချဉ်းကပ်နည်းပဲလို့ ဝေဖန်ကြပါတယ်။

မက်ဒီတေးရှင်းနည်းဟာ လူ့အဖွဲ့အစည်းနဲ့ အလုပ်ယဉ်ကျေးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဆိုးကို မန်းဆေးနဲ့ ကုနေတာသာဖြစ်ပြီး တကယ်တမ်း ရောဂါကြီးတခုလုံးပျောက်ကင်းဖို့ဆိုရင် လူ့အဖွဲ့အစည်းတခုလုံးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့လိုနေပြီလို့ ဝေဖန်သုံးသပ်သူတွေက ဆိုကြပါတယ်။

နောက်ဆုံးမှာတော့ ဂျီအွန်းဟာ ဘယ်လိုမှအိပ်မပျော်၊ စိတ်ဖိစီးမှုလည်း သိပ်ကြီးလို့ အလုပ်ကနေ ထွက်ခဲ့ပါတယ်။ အခုတော့သူဟာ အမြဲတန်းဝန်ထမ်းဘဝကနုတ်ထွက်ပြီး သင့်တင့်တဲ့နာရီလောက်သာ အလုပ်လုပ်ပါတော့တယ်။ ကိုဗစ်ကပ်ရောဂါဖြစ်လာတော့ အိမ်ကနေ အလုပ်လုပ်ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ဒေါက်တာလီဆီမှာလည်း သွားရောက်ကုသပါတယ်။

“ဒီလိုနိုင်ငံတနိုင်ငံထူထောင်ပြီးပြီပဲ။ ကျွန်မတို့ကဘာလို့ အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေဖို့လိုသေးသလဲ။ ကျွန်မတို့ အပန်းဖြေကြဖို့ သင့်ပါပြီ” လို့ ဂျီအွန်းက ဆိုပါတယ်။