ယူကေ- ဘဏ္ဍာရေးနဲ့ ကျန်းမာရေးဝန်ကြီးတို့ ရာထူးကနုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့ထဲကနေ ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူနက်ခ်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် တို့ နုတ်ထွက်သွားပါတယ်။
လိင်ပိုင်းမဖွယ်မရာတွေ လုပ်ခဲ့တယ်လို့ တိုင်ကြားခံထားရတဲ့ ပါလီမန် အမတ် ခရစ်စ် ပင်ချာကို ကွန်ဆာဗေးတစ်ပါတီဝင်တွေ အကြား ပါလီမန်စည်းမျဉ်း လိုက်နာရေး ကြီးကြပ်ဆောင်ရွက်ဖို့ လက်ထောက်တာဝန်ခံအဖြစ် ခန့်အပ်ခဲ့တာနဲ့ ပတ်သက်လို့ အချေအတင် အငြင်းပွားနေကြချိန်မှာပဲ ဝန်ကြီးနှစ်ဦး အခုလို နုတ်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။
အစိုးရအဖွဲ့အနေနဲ့ အသေအချာ၊ ပိုင်ပိုင်နိုင်နိုင် အလေးအနက် ကိုင်တွယ် ဖြေရှင်းဖို့ လူထုက မျှော်လင့်ထားတာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆူနက်ခ်က ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် ကလည်း ဒီအစိုးရအဖွဲ့ထဲမှာ ဆက်တာဝန်ထမ်းဆောင်ဖို့ သူ့အနေနဲ့ စိတ် မသန့်တော့ဘူးလို့ ဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။
ခရစ်စ် ပင်ချာ ရဲ့ ပြုမူပုံနဲ့ ဆက်နွှယ်ပတ်သက်လို့ ကြေညာချက်တွေ ဆက်တိုက် ထုတ်ပြန်ခဲ့အပြီးမှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
လိင်ပိုင်းဆိုင်ရာ မလျော်မကန်လုပ်မှုတွေ ရှိတယ်လို့ တိုင်တန်းခံထားရတဲ့ ကွန်ဆာဗေးတစ် ပါလီမန် အမတ် ခရစ်စ် ပင်ချာကို အစိုးရအဖွဲ့ထဲမှာ ရာထူးတစ်နေရာ ပေးခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က တောင်းပန်စကား ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ခရစ်စ် ပင်ချာနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုအကြောင်း သူ့ကို ၂၀၁၉ ခုနှစ်က အသိပေးခဲ့ကြောင်း၊ ဒါပေမဲ့ အပြစ်ပေးအရေးယူတာမျိုး မလုပ်ခဲ့တာဟာ မဟာအမှားကြီးတရပ်ကို ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
ဝန်ကြီးချုပ်က အခုလို ထုတ်ဖော်ဝန်ခံခဲ့အပြီး မိနစ်ပိုင်းအကြာမှာပဲ ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူနက်ခ်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် တို့ ရာထူးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က မစ္စတာ ပင်ချာ ကို ကွန်ဆာဗေးတစ်ပါတီ ပါလီမန်အမတ် အဖြစ်ကနေ ဆိုင်းငံ့ခဲ့ပါတယ်။
မစ္စတာ ပင်ချာက သူ့အပေါ် စွပ်စွဲထားချက်တွေကို ငြင်းဆိုထားပါတယ်။ ၂၀၁၉ ခုနှစ်က တိုင်တန်းထားချက်တွေနဲ့ပတ်သက်လို့ ဘီဘီစီက မစ္စတာ ပင်ချာကို ဆက်သွယ်ခဲ့ပေမဲ့ တုန့်ပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။
လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေအကြောင်း သိသိကြီးနဲ့ မစ္စတာ ပင်ချာကို ရာထူး ခန့်အပ်ခဲ့တာနဲ့ ပတ်သက်လို့ အချေအတင် အငြင်းပွား ပြောဆိုနေမှုတွေကို ဝန်ကြီးချုပ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံအပေါ် အတိုက်အခံ ပါတီတွေနဲ့ ကွန်ဆာဗေးတစ်ပါတီ အမတ်တွေက ဝေဖန်ပြစ်တင်နေကြတာပါ။
မစ္စတာ ဆူနက်ခ်က သူ့ရဲ့ ရာထူးနုတ်ထွက်စာထဲမှာ "အစိုးရအဖွဲ့အနေနဲ့ အသေအချာ၊ ပိုင်ပိုင်နိုင်နိုင် အလေးအနက် ကိုင်တွယ်ဖြေရှင်းဖို့ လူထုက မျှော်လင့်တာက မှန်ကန်တယ် ""ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး ဝန်ကြီးရာထူး ဖြစ်ကောင်း ဖြစ်မယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ဒီစံချိန်စံညွှန်းတွေဟာ တိုက်ပွဲဝင်သင့်တယ်လို့ ကျွန်တော် ယုံကြည်တဲ့အတွက် အခုလို ရာထူးကနေ နုတ်ထွက်တာ ဖြစ်ပါတယ်"လို့ ဖော်ပြထားပါတယ်။
မစ္စတာ ဂျာဗစ်ကလည်း သူ့ရဲ့ ရာထူးနုတ်ထွက်စာထဲမှာ ဝန်ကြီးချုပ်အပေါ် သူ့အနေနဲ့ ယုံကြည်စိတ် ကင်းမဲ့သွားပြီ ဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ လက်အောက်မှာ ဆက်အလုပ်လုပ်ဖို့ သူစိတ်မသန့်တော့ဘူး လို့ ဖော်ပြထားပါတယ်။








