ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ရဲ့ ကိုယ်ဝန်ဖျက်ချမှု ဥပဒေအပေါ် ကမ္ဘာတစ်ဝန်း တုံ့ပြန်မှုများ
ကိုယ်ဝန်ဖျက်ချခွင့်ဟာ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အခွင့်အရေးဖြစ်တယ်ဆိုတဲ့ ဥပဒေကို အမေရိကန် တရားရုံးချုပ်က ပယ်ဖျက်လိုက်တာဟာ ကမ္ဘာတစ်ဝန်း နိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှု ရှိခဲ့ပါတယ်။
ဒီကိစ္စအပေါ် မတူတဲ့အမြင် နှစ်ဖက်လုံးကနေ ဆွေးနွေးငြင်းခုန်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေက သူတို့ရဲ့ အမြင်တွေကို ရှင်းလင်းပြောကြားနေပါတယ်။
အီတလီ၊ အယ် ဆာဗေးဒိုး၊ အိန္ဒိယ၊ အိုင်ယာလန်နဲ့ ကနေဒါနိုင်ငံတွေက ဘီဘီစီ သတင်းထောက်တွေက အဲဒီနိုင်ငံတွေမှာ သူတို့ကြုံတွေ့နေရတဲ့ ဂယက်ရိုက်မှုတွေအကြောင်း တင်ပြထားပါတယ်။
အနာပေါ် တုတ်ကျခဲ့တဲ့ အီတလီ
မာ့ခ် လိုဝင်
ဘီဘီစီ သတင်းထောက်၊ ရောမမြို့
ကိုယ်ဝန်ဖျက်ချခွင့်ဟာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တယ်လို့ ပြဋ္ဌာန်းခဲ့တဲ့ Roe v Wade စီရင်ထုံး အမေရိကန်မှာ ပြဋ္ဌာန်းပြီး ငါးနှစ်အကြာမှာ အီတလီနိုင်ငံမှာလည်း Law 194 အရ သန္ဓေသားဖျက်ချခွင့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
အီတလီနိုင်ငံမှာတော့ ဒီကိစ္စဟာ မကြာခဏ ပြောဆိုဝေဖန်ကြတဲ့ နိုင်ငံရေး ပြဿနာမဟုတ်ခဲ့ပေမယ့် ကတ်သလစ် ဘုရားကျောင်းနဲ့ အမြဲနီးစပ်တဲ့ လက်ယာစွန်း ရှေးရိုးစွန်း နိုင်ငံရေး ရေချိန်မြင့်တက်လာမှုကြောင့် အာရုံစိုက်ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် အမေရိကန် ဗဟိုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အီတလီနိုင်ငံမှာလည်း ဂယက်ရိုက်မှုတွေ ရှိခဲ့ပါတယ်။
လက်ဝဲ နိုင်ငံရေးကနေ ဗဟိုနိုင်ငံရေးအမြင်ရှိသူတွေကြားမှာတော့ ဒီကိစ္စဟာ ရှုတ်ချမှုတွေ၊ သတိပေးမှုတွေ တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့ပါတယ်။
Law 194 ဥပဒေကို ပြဋ္ဌာန်းနိုင်အောင် ပံ့ပိုးကူညီခဲ့တဲ့ လက်ဝဲ နိုင်ငံရေးသမား နိုင်ငံခြားရေးဝန်ကြီးဟောင်း Emma Bonino ကတော့ ဒီကိစ္စဟာ အီတလီနိုင်ငံမှာ နောက်ပြန်ဆွဲမယ့် အလားအလာရှိပြီး အမြဲတမ်း ရရှိခဲ့တယ်လို့ ယူဆရတဲ့ အောင်မြင်မှုတွေ ဆုံးရှုံးတော့မယ့် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ယာယိမ်း နိုင်ငံရေးသမားတချို့ကတော့ အမေရိကန်အတိုင်း လိုက်လုပ်ဖို့ ဆော်သြနေပါတယ်။
လက်ယာယိမ်းနိုင်ငံရေးပါတီက Simone Pillon ကတော့ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ ကြေညာလိုက်ပြီး အီတလီကော ဥရောပပါ ဒီအတိုင်းလုပ်လိုက်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။
ဒါပေမဲ့လည်း သူ့ပါတီခေါင်းဆောင် Matteo Salvini နဲ့ သဘောထားချင်း သိသိသာသာ ကွဲလွဲနေပါတယ်။
အသက်တစ်ချောင်းတန်ဖိုးကို သူယုံကြည်တယ်၊ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မှုကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ အမျိုးသမီးတွေအပေါ် မူတည်တယ်လို့ ပါတီခေါင်းဆောင် Matteo Salvini က ပြောဆိုထားပါတယ်။
ဒါဟာ ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးကို ဆက်လက် ထောက်ခံနေသေးတယ်လို့ ပြောဆိုနေကြတဲ့ အီတလီနိုင်ငံသားအများစုကို အသိအမှတ်ပြုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သန္ဓေသားဖျက်ချခွင့်ကို အီတလီနိုင်ငံမှာ ကန့်သတ်ဖွယ် မရှိသေးပေမယ့် Law 194 အရ ဆရာ၀န်တွေအနေနဲ့ လူကျင့်ဝတ်အရ ငြင်းဆိုပိုင်ခွင့် ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံတစ်ဝန်း ဆေးဝန်ထမ်း ၇ဝ ရာခိုင်နှုန်းနီးပါးဟာ ကိုယ်ဝန်ဖျက်ချပေးဖို့ အခုအခါ ငြင်းဆန်လာကြပါတယ်။
တချို့ဒေသတွေမှာဆို အဲဒီလိုလုပ်တာ ၉၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ပုပ်ရဟန်းမင်းကြီး သီတင်းသုံးရာ ဗာတီကန်နန်းတော် တည်ရှိနေလို့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ အရေးလို လူမှုရေးဆိုင်ရာ ကိစ္စရပ်တချို့ကို ပြောင်းလဲဖို့ အီတလီနိုင်ငံဟာ မကြာခဏ နောက်ကျ ကျန်ရစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကိုယ်ဝန်ဖျက်ချမှုအတွက် တိုက်ပွဲဝင်ခဲ့ပြီး ဥပဒေမှာ ပြဌာန်းခဲ့တဲ့ လူအများကြားမှာတော့ ဒီကိစ္စဟာ ဂုဏ်ယူစရာတခု ဖြစ်ပါတယ်။
ဒါပေမဲ့ တချို့သူတွေအတွက်တော့ ဒီကိစ္စဟာ စိတ်ပျက်စရာတခုဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အနာပေါ် တုတ်ကျသလို ဖြစ်လာဖွယ် ရှိပါတယ်။
အိုင်ယာလန်နိုင်ငံတဝန်း ပြင်းထန်တဲ့ တုံ့ပြန်မှု
အမ်မာ ဗာဒီ ၊ ဘီဘီစီ အိုင်ယာလန် သတင်းထောက်
အိုင်ယာလန်တစ်ဝန်းမှာတော့ အမေရိကန် ဗဟိုတရားရုံးချုပ်ရဲ့ စီရင်ချက် သတင်းကြောင့် ပြင်းပြတဲ့ စိတ်ခံစားချက်တွေနဲ့အတူ တုံ့ပြန်မှုတခု အလျင်အမြန် ပေါ်ထွက်လာခဲ့ပါတယ်။
ကိုယ်ဝန်ဖျက်ချမှုကို မကြာသေးမီကပဲ တရားဝင်အဖြစ် ပြဋ္ဌာန်းခဲ့တဲ့ အိုင်ယာလန်နိုင်ငံမှာ ဒီကိစ္စဟာ ပြင်းထန်တဲ့ ခံစားချက်တွေ ရောထွေးနေပါတယ်။
အိုင်ယာလန်နိုင်ငံတွင်း စည်းရုံးလှုပ်ရှားသူ အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူအများအပြားကလည်း ဘက်နှစ်ဖက်လုံးမှာ ဆက်လက်ရပ်တည်နေကြပါတယ်။
"အမေရိကန်ဟာ သတိပြုမိလောက်စရာ နိုင်ငံမဟုတ်တော့ဘူးဆိုတာ ကမ္ဘာကြီးက ဆက်လက် စောင့်ကြည့်သွားမယ်" လို့ ဒေါက်တာ Jennifer Cassidy က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သူဟာ ၂၀၁၈ ခုနှစ် အိုင်ယာလန်နိုင်ငံမှာ ကိုယ်၀န်ဖျက်ချမှုကို တရားဝင် ဖြစ်လာအောင် မဲပေးခဲ့ကြတုန်းက ၀မ်းသာပျော်ရွှင်နေတဲ့ လူအုပ်နဲ့အတူ ဒဗ္ဗလင်မြို့မှာ အောင်ပွဲခံခဲ့တဲ့ တက္ကသိုလ် ဆရာမတစ်ဦး ဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ဖြစ်ဖို့ ထောက်ခံသူအများအပြားကတော့ အဲဒီနေ့က အဖြစ်အပျက်တွေကို ပြန်လည် တမ်းတသတိရနေကြပါတယ်။
ဒါပေမဲ့ အခုတော့ အမေရိကန်မှာ ဖြစ်ပျက်ခဲ့တာဟာ သူတို့အတွက် ထိတ်လန့်စရာ တစ်ခုဖြစ်လာတယ်လို့လည်း ပြောဆိုကြပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့် မပြုခဲ့လို့ ၂၀၁၂ ခုနှစ်က သွေးဆိပ်တက်တဲ့ ရောဂါနဲ့ သေဆုံးခဲ့တဲ့ Savita Halappanavar ရဲ့ အဖြစ်အပျက်ကို အိုင်ယာလန်မှာ လက်တလော ပြန်လည် မျှဝေနေကြပါတယ်။
ဒီလိုမျိုး အလားတူ သေဆုံးမှုတွေအတွက် အမေရိကန်နိုင်ငံသားတွေ ပြင်ဆင်ထားကြလို့လား ဒီက လူတွေက သတိပေးနေကြပါတယ်။
မြောက်ပိုင်းအိုင်ယာလန်မှာ ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးအတွက် အပြင်းအထန် တိုက်ပွဲဝင်နေတဲ့ အေအိုင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က Grainne Taggart ကတော့ ဒါဟာ အင်မတန် ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အိုင်ယာလန်ကျွန်းမှာ ကိုယ်၀န်ဖျက်ချခွင့်ကို တရားဝင် ပြဋ္ဌာန်းခဲ့မှုကြောင့် စိတ်ပျက်ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ပြန်လည်သက်ဝင် လှုပ်ရှားလာပါတယ်။
"အနည်းငယ် ပြန်လည်နိုးထလာမှု တစ်ခုဖြစ်တယ်" လို့ ကိုယ်ဝန်ဖျက်ချမှုကို ကန့်ကွက်သူတွေထဲ မြောက်ပိုင်းအိုင်ယာလန်မှာ လူသိအများဆုံး တက်ကြွလှုပ်ရှားသူ Bernie Smyth က ပြောပါတယ်။
အမေရိကန်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ လေ့လာဖို့ အများကြီးလိုသေးတယ်လို့လည်း သူက ဆိုပါတယ်။
"တနေ့နေ့တော့ ကျွန်မတို့ဆီမှာလည်း ဒီဥပဒေကို ပြောင်းပြန်လှန်ပစ်ဖို့ နောက်အနာဂတ်မှာ ကျွန်မအနေနဲ့ မျှော်လင့်မိတယ်။ အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်မှုဟာ အင်မတန် ပညာသားပါတယ်။ ဒီကိစ္စကြောင့် မျှော်လင့်ချက်တွေ အများကြီး ရှိလာတယ်။ ဆက်လိုက်တိုက်ပွဲ ဝင်သွားရဦးမှာပါ" လို့လည်း ပြောပါတယ်။
ရှေးရိုးစွဲအဖွဲ့တွေအတွက် တွန်းအား
ဝဲလ် ဂရန့်၊ ဘီဘီစီ သတင်းထောက်၊ အယ် ဆာဗေးဒိုး
လက်တင်အမေရိကနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်တဲ့ ဒီရေ စတင်မြင့်တက်လာပြီလို့ ယူဆနေတုန်းမှာပဲ ဗဟိုတရားရုံးချုပ်ရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ Roe V Wade အမိန့်နောက်ပိုင်း မျိုးဆက်ပွားမှုဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူတွေသူအများအပြားကတော့ လက်ရှိမှာ အကြီးအကျယ် စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို တလျှောက်လုံး ငြင်းဆန်ခဲ့တဲ့ ကျွန်မတို့နိုင်ငံတွင်းက ရှေးရိုးစွဲဝါဒီအဖြစ်ဆုံး အဖွဲ့တွေကို ဒီအမိန့်က ရဲဆေးတင်ပေးလိုက်သလို ဖြစ်လာလိမ့်မယ်လို့ အယ် ဆာဗေးဒိုးနိုင်ငံက ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ အခွင့်အရေး တောင်းဆိုနေတဲ့ တက်ကြွလှုပ်ရှားသူ Mariana Moisa က ပြောပါတယ်။
အယ် ဆာဗေးဒိုးနိုင်ငံမှာက မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရလို့ပဲ ဖြစ်ဖြစ်၊ သားမယားပြုကျင့်ခံရမှု ဒါမှမဟုတ် ကိုယ့်သွေးသားအရင်းကြောင့် ရတဲ့ကိုယ်ဝန်ကြောင့် ဖြစ်ပါစေ ဘယ်ကိစ္စမျိုးကိုမဆို ကိုယ်ဝန်ဖျက်ခွင့်ပြုမထားပါဘူး။
မတရားပြုကျင့်ခံရမှုကနေ ရလာတဲ့ ကလေးငယ်တွေကို လက်ခံဖို့ ဖိအားပေးခံရတဲ့ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို ငြင်းဆန်တာဟာ လူ့အသိုင်းအဝိုင်းတွင်းက အဆင်းရဲဆုံး သူတွေမှာ မမျှမတ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အယ်ဆာဗေးဒိုးနိုင်ငံ လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေက ဒီလုပ်ဆောင်မှုကို ကြိုဆိုလိုက်ပြီး ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ ယူဆချက်ဟာ အမေရိကန်မှာ ဆက်လက် ကြီးစိုးထားတယ်လို့လည်း အခိုင်အမာပြောပါတယ်။
မစ္စ Moisa ကတော့ တရားရုံးချုပ် အမိန့်ကနေ ထွက်လာတဲ့ သတင်းစကားဟာ ပြင်းထန်လွန်းတယ်လို့ ပြောပါတယ်။
အင်မတန် စိတ်ပျက်စရာကောင်းတယ်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေအတွက် ရှိနေတဲ့ စိုးရိမ်မှုတွေကို အလေးမထားရာရောက်တဲ့ နောက်ကြောင်းပြန်ဆုတ်မှုတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စိတ်ပျက်စရာကောင်းတဲ့ နောက်ကြောင်းပြန်မှု
ရော်ဘင် လီဗင်ဆန် ကင်း
ဘီဘီစီ သတင်းထောက်၊ တိုရန်တိုမြို့
ကနေဒါနိုင်ငံဟာ သူတို့ရဲ့ အကြီးဆုံး ကုန်သွယ်ရေး နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း အမေရိကန်နိုင်ငံရဲ့ ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး။
ဒါပေမဲ့ Roe v Wade စီရင်ထုံးကို ဗဟိုတရားရုံးချုပ်က ပယ်ဖျက်လိုက်တဲ့အခါမှာတော့ တိုးတက်ပြောင်းလဲရေး ဝါဒရှိတဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက စကားပလ္လင်မခံတော့ပဲ ဒါဟာ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ နောက်ကြောင်းပြန်မှုတစ်ခု ဖြစ်ပြီး အမျိုးသမီးတွေအတွက် ကြောက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ လူတိုင်းရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို တိုက်ခိုက်တာ ဖြစ်တယ်" လို့လည်း မစ္စတာ ထရူးဒိုးက ရဝမ်ဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဓနသဟာယနိုင်ငံများ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
ကိုယ်ဝန်ဖျက်ခွင့်ကို ကနေဒါနိုင်ငံမှာ ၁၉၈၃ ခုနှစ်ကတည်းက တရားဝင်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချနိုင်တဲ့ လမ်းကြောင်းကတော့ အဆင်ချောခဲ့တာတော့ မဟုတ်ပါဘူး။ နေရာအများအပြားမှာဆိုရင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချဖို့ နာရီနဲ့ချီ ကားမောင်းသွားရပါတယ်။ ကိုယ်ဝန်ဖျက်ချတာကို ကန့်ကွက်တဲ့ ကနေဒါနိုင်ငံသား အများအပြားလည်း ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်မှာလို ဒီကိစ္စဟာ နိုင်ငံရေး ရောယှက်တာမျိုးတော့ မရှိခဲ့ပါဘူး။
အခုတော့ ကိုယ်ဝန်ဖျက်ချခွင့်ကို ကန့်ကွက်တဲ့ ကနေဒါအဖွဲ့အစည်းတခုက ဒါဟာ အမေရိကန်မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် တကယ့်သမိုင်းဝင်နေ့တစ်နေ့ ဖြစ်တယ်လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
"အမေရိကန်ဟာ ကမ္ဘာ့စံပြနိုင်ငံ"
ဂီတ ပန်ဒေး
ဘီဘီစီ သတင်းထောက် နယူးဒေလီ
အိန္ဒိယနိုင်ငံမှာရှိတဲ့ ကျားမရေးရာ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီအမိန့်ဟာ အမျိုးသမီးအခွင့်အရေးတွေအတွက် ကြီးမားတဲ့ နောက်ကြောင်းပြန်မှု ဖြစ်ပြီး ဗစ်တိုရီးယားခေတ်က အကျင့်စာရိတ္တတွေက လမ်းညွှန်ပြသနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆရာဝန်တွေကို ဆေးပညာဆိုင်ရာ ကျင့်ဝတ်တွေ သင်ကြားပေးနေတဲ့ မှူခင်းဆေးပညာဆိုင်ရာ ပါမောက္ခလည်းဖြစ် တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ ဒေါက်တာ Veena JS ကတော့ Roe v Wade စီရင်ထုံးဟာ အမေရိကန်မှာသာမက ကမ္ဘာတစ်ဝန်းမှာပါ အမျိုးသမီးတွေရဲ့ မျိုးပွားမှု အခွင့်အရေးတွေနဲ့ ပတ်သက်လို့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ပြောပါတယ်။
"အမေရိကန်ဟာ ကမ္ဘာ့ကြီးအတွက် စံပြနိုင်ငံ တစ်နိုင်ငံ ဖြစ်တယ်။ အိန္ဒိယနိုင်ငံကလည်း သူတို့ဆီက အမူအကျင့်ရယူနိုင်ပြီး အလားတူ ဥပဒေမျိုး ပြဋ္ဌာန်းလာမှာကို စိုးရိမ်မိတယ်" လို့လည်း သူက ဆိုပါတယ်။
ပြီးတော့ ကျွန်မတို့ မလိုချင်တဲ့ ကလေးတွေကို အတင်းအကျပ် ပြုစုပျိုးထောင်ခိုင်းတော့မှာ ဖြစ်တယ်။
ဒါဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့လည်း ဒေါက်တာ Veena က ပြောပါတယ်။
ကလေးမွေးဖွားဖို့ သူတို့ရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး ဖိအားပေးခံရတဲ့ အမျိုးသမီးတွေမှာ စိတ်ကျရောဂါနဲ့ ကလေးမွေးဖွားပြီးနောက် ဖြစ်တတ်တဲ့ စိတ်ဝေဒနာပိုပြီး ခံစားကြရတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။
သားယောင်္ကျားလေးတွေကို ဦးစားပေးတဲ့ အလေ့အထ အများအပြားရှိတဲ့ အိန္ဒိယနိုင်ငံမှာ မိန်းကလေး သန္ဓေသားလောင်းတွေကို သတ်ဖြတ်တာ ထိန်းချုပ်ဖို့ ကိစ္စလို အခြေအနေတွေ ရှိနေပေမယ့်လည်း ၁၉၇၁ ခုနှစ်နှောင်းပိုင်းမှာ ကိုယ်ဝန်ဖျက်ချတာကို အိန္ဒိယမှာ တရားဝင် အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အမျိုးသမီးတွေကြားမှာ အသိပညာပေးမှု အားနည်းတဲ့အတွက်ကြောင့်သာမက၊ ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်လို့ လူ့အသိုင်းအဝိုင်းကြား ကန့်ကွက်ရှုတ်ချမှုတွေ၊ ဘာသာတရားအရ ဒါမှမဟုတ် ကိုယ့်ကျင့်သိက္ခာပိုင်းဆိုင်ရာ ယုံကြည်မှုတွေကြောင့် ဆရာဝန်တွေကိုယ်တိုင်က ကိုယ်ဝန်ဖျက်ချပေးဖို့ ဝန်လေးတာ စတဲ့ အကြောင်းတရားတွေကြောင့် အိန္ဒိယနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှု အများစုကို တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးရုံဆေးခန်းတွေ အပြင်မှာပဲ ဆက်လက်လုပ်ဆောင်နေကြပါတယ်။