ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တက္ကဆက်-စွန့်ပစ် ထရပ်ကားပေါ်မှာ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူ အနည်ဆုံး ၄၆ ဦးကို သေဆုံးလျက်သားတွေ့ရ
- ရေးသားသူ, အန်ဂျယ်လီကာ ကက်ဆက်စ် (ဆန် အန်တိုနီယိုမြို့) နှင့် လီယို ဆန်စ်
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယိုမြို့ပြင်က စွန့်ပစ်ထားတဲ့ ထရပ်ကားတစ်စီးပေါ်မှာ အနည်းဆုံး လူ ၄၆ ဦး သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။
ကလေးငယ် ၄ ဦး အပါအဝင် လူ ၁၆ ဦးကိုလည်း ဆေးရုံတင်ပို့ထားတယ်လို့ မီးသတ် တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အသက်ရှင်ကျန်ခဲ့သူတွေရဲ့ ကိုယ်အပူချိန်က ပုံမှန်ထက် ပိုများနေကြပြီး အပူလွန်ကဲတဲ့ဒဏ်၊ အပူရှပ်တဲ့ ဝေဒနာတွေ ခံစားနေကြရပါတယ်။
အမေရိကန် မက္ကဆီကို နယ်စပ်ကနေ မိုင် ၁၅၀ အကွာမှာရှိတဲ့ ဆန် အန်တိုနီယိုမြို့ဟာ လူမှောင်ခိုတွေ တစ်ထောက်နားရာ အဓိက ကြားခံလမ်းကြောင်း မြို့တစ်မြို့ ဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ခိုးဝင်ပြီး အမေရိကန်နိုင်ငံထဲ အထောက်အထားမဲ့ ရောက်လာသူတွေကို လူမှောင်ခိုတွေက လူသူ အရောက်အပေါက် နည်းတဲ့ နေရာမှာ အချိန်းအချက်လုပ် တွေ့ဆုံပြီး ထရပ်ကားတွေနဲ့ ခေါ်ဆောင်လာလေ့ ရှိပါတယ်။
"သူတို့မှာ မိသားစုတွေ ကျန်ခဲ့ကြမှာပါ၊ ဘဝတက်လမ်းအတွက်သာ အခုလို စွန့်စားခဲ့ကြပုံပါ" လို့ ဆန် အန်တိုနီယို မြို့တော်ဝန် ရော်န် နီရန်ဘာ့ဂ် က ပြောပါတယ်။ "ကြောက်စရာကောင်းလွန်းတဲ့ ကြေကွဲစရာ ဖြစ်ရပ်ကြီးပါ" လို့ သူက ပြောပါတယ်။
လူသေအလောင်းတစ်လောင်း တွေ့ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ အဲဒီ နေရာကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ အရင်ဆုံး ရောက်သွားခဲ့ကြတယ်လို့ ဆန် အန်တိုနီယို မီးသတ်တပ်ဖွဲ့အကြီးအကဲ ချားလ်စ် ဟွတ်ဒ် က သတင်းထောက်တွေကို ပြောပြပါတယ်။
"တစ်ကယ်က ထရပ်ကားကို ဖွင့်ကြည့်ဖို့ မဟုတ်ဘူး။ ဒါပေမဲ့ မသင်္ကာလို့ ဖွင့်ကြည့်လိုက်တဲ့အခါမှာ လူသေအလောင်းတွေ တန်းစီနေတာ တွေ့လိုက်ရတယ်။ ဒီလိုတွေ့ရမယ်လို့ မထင်ထားမိကြဘူး" လို့ သူက ပြောပြပါတယ်။
ကားမောင်းသူ စွန့်ပစ်သွားတဲ့ အဲဒီ ထရပ်ကားထဲမှာ လေအေးစက်က ပျက်နေပြီး အထဲမှာ သောက်ရေတွေ ဘာတွေ လုံးဝ မရှိဘူး လို့ သူက ပြောပါတယ်။
ဆန် အန်တိုနီယိုမြို့ဟာ နွေရာသီ လတွေမှာ ပြင်းပြင်းထန်ထန် ပူပြင်းလေ့ရှိပြီး အခင်းဖြစ်တဲ့ တနင်္လာနေ့တုန်းက အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် ရှိပါတယ်။ သေဆုံးသူတွေဟာ အပူချိန် လွန်ကဲတဲ့ဒဏ်၊ ခန္ဓာကိုယ်တွင်း ရေဓာတ် ခန်းခြောက်တဲ့ ဒဏ်တွေကြောင့် သေဆုံးခဲ့ပုံရတယ်လို့ ယူဆရပါတယ်။
ဆေးရုံ တင်ပို့လိုက်သူတွေထဲမှာ ဂွာတာမာလာနိုင်ငံသား နှစ်ယောက် ပါတယ်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာချယ်လို အက်ရာ့ဒ် က ပြောပါတယ်။ ကျန်တဲ့သူတွေက ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ လောလောဆယ် အသေအချာ မသိရသေးပါဘူး။ လူ ၃ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဖို့ သူတို့ကို ဖယ်ဒရယ် ထောက်လှမ်းရေးအဖွဲ့ထံ လွှဲပြောင်းလိုက်ပြီ ဖြစ်ပါတယ်။
အခင်းဖြစ်ရာ နေရာဆီ ဆန် အန်တိုနီယိုမှာ ရှိတဲ့ မက္ကဆီကို ကောင်စစ်ဝန် ဗိုလ်ချုပ် ရူဘန်မီနွတ်တီ ရောက်ရှိသွားခဲ့ပြီး တကယ်လို့ သေဆုံးသူတွေထဲမှာ မက္ကဆီကို နိုင်ငံသားတွေ ပါတယ် ဆိုရင် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ဖြည့်ဆည်း လုပ်ဆောင်ပေးသွားမယ်လို့ သူက ပြောပါတယ်။
အခင်းဖြစ်တဲ့ နေရာနဲ့ ကိုက်အနည်းငယ် အကွာမှာရှိတဲ့ သစ်ခွဲစက်တစ်ခုက လုံခြုံရေး အစောင့် အက်ဒွက် ရေနာ က ညဂျူတီ ရောက်အလာ ဒီသတင်းဆိုး ကြားခဲ့ရချိန်မှာ အံ့အားတကြီး မဖြစ်မိဘူးလို့ ပြောပါတယ်။ အခု ထရပ်ကားတွေ့တဲ့ နေရာရဲ့ ဘေးမှာ ရထားလမ်းရှိပြီး နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူတွေ ရထားပေါ်ကနေ ခုန်ချတာကို အကြိမ်ပေါင်း များစွာ သူတွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
"တစ်နေ့မဟုတ် တစ်နေ့တော့ တစ်ယောက်ယောက်တော့ ဒုက္ခတွေ့မှာပဲလို့ ထင်ထားခဲ့တာ" လို့ မစ္စတာ ရေနာ က ပြောပါတယ်။ "အဲဒီလူတွေကို ဒီနေရာကို ခေါ်လာကြတဲ့ လူမှောင်ခိုတွေကတော့ ဘာမှ ဂရုမစိုက်ကြဘူး"လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မျိုး ဆန် အန်တိုနီယိုမြို့မှာ အရင်က ဖြစ်ခဲ့ဖူးပေမဲ့ ဒီလောက် ကြီးကြီးမားမား မဖြစ်ခဲ့ဖူးပါဘူး။ ၂၀၁၇ ခုနှစ်တုန်းက မြို့ရဲ့ တောင်ဘက်ပိုင်းမှာပဲ ဝေါလ်မာ့တ် စျေးရုံကြီးတစ်ခုရဲ့ အပြင်ဘက် လယ်ထွန်စက် နောက်တွဲယာဉ်တစ်ခုထဲမှာ နိုင်ငံထဲ ခိုးဝင်လာသူ ၁၀ ဦး သေဆုံးနေတာ တွေ့ခဲ့ရဖူးပါတယ်။
ဆန် အန်တိုနီယိုမြို့ရဲ့ တောင်ဘက်ဖျားဘက်အပိုင်းဟာ တက္ကဆက်စ် နယ်စပ်မြို့ တွေနဲ့ ဆန် အန်တိုနီယိုမြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီး နှစ်ခုရဲ့ စင်္ကြန်နေရာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ အများစုက ကျေးလက်လူထုတွေ နေထိုင်ကြပြီး လူဆင်းရဲ ရပ်ကွက်အတော်များများနဲ့ အမှိုက်ကျင်းတွေ ရှိနေတဲ့ ဆန် အန်တိုနီယိုမြို့ရဲ့ အဲဒီအပိုင်းဟာ ဒီလို ထရပ်ကားကြီးတွေကို အခုလို ဖြစ်ရပ်မျိုး မဖြစ်မချင်း သိပ်ဂရုပြုလေ့ မရှိကြပါဘူး။
ဒီဖြစ်ရပ်အကြောင်း စုံစမ်းစစ်ဆေးဖို့ တာဝန်လွှဲပြောင်း ယူလိုက်တဲ့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာန ဝန်ကြီး အလက်ဂျန်ဒရို မေယာကက်စ် က "လူမှောင်ခိုတွေဟာ သူတို့ အကျိုးအမြတ်ရဖို့အတွက် ဆိုရင် ဘယ်လို အားနည်းနွမ်းပါးတဲ့ သူမျိုးကိုပဲ ဖြစ်ဖြစ် အသုံးချဖို့ ဝန်မလေးကြတဲ့ လူယုတ်မာတွေပါ" လို့ ပြောပါတယ်။
ရီပတ်ဘလီကန် ပါတီဝင် တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့တ် ကတော့ ဒီလူတွေ သေဆုံးရတာဟာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နယ်စပ်ဖွင့်ထားဖို့ ပေါ်လစီရဲ့ ရလဒ်ကြောင့် ဖြစ်ရတာလို့ အပြစ်ပုံချခဲ့ပါတယ်။
မစ္စတာ အက်ဘော့တ်နဲ့ ယှဉ်ပြိုင် အရွေးခံမယ့် ဒီမိုကရက်တစ် ပါတီဝင် ဘီတို အိုရူခ် ကတော့ အခုလို လူသေဆုံးရတဲ့ သတင်းဟာ ယူကြုံးမရစရာ ကောင်းလှတယ်လို့ ပြောခဲ့ပြီး လူမှောင်ခိုဂိုဏ်းတွေကို ဖြိုခွဲပစ်ဖို့နဲ့ နိုင်ငံထဲ တရားဝင် ဝင်ရောက်လာနိုင်ရေး လမ်းကြောင်းတွေ ချဲ့ထွင် ဖန်တီးပေးရေးတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်ဟာ အငြင်းပွားစရာ နိုင်ငံရေး ကိစ္စရပ် တစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံကနေ အမေရိကန်နိုင်ငံထဲ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၂ သိန်း ၃ သောင်း ၉ ထောင်ကို မေလတုန်းက စံချိန်တင် ဖမ်းဆီး ထိန်းသိမ်းမိခဲ့ပါတယ်။ အဲဒီလူ အတော်များများဟာ အန္တရာယ်များတဲ့ လမ်းကြောင်းတွေကနေ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဟွန်ဒူရပ်စ်၊ ဂွာတီမာလာနဲ့ အယ်လ် ဆယ်ဗေးဒေါ လို အမေရိက အလယ်ပိုင်း နိုင်ငံတွေကနေ လူအများအပြား အမေရိကန်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာနေကြဆဲ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၁ သန်း ၇ သိန်း ၃ သောင်း လောက်ကို အမေရိကန် ရဲနဲ့ စစ်တပ်က စံချိန်တင် ဖမ်းဆီးမိခဲ့ပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကအလယ်ပိုင်း နိုင်ငံတွေကနေ အထောက်အထားမဲ့ လူအတော်များများဟာ အမေရိကန်နိုင်ငံထဲ နယ်စပ်လမ်းကနေ ခိုးဝင်ဖို့ လူမှောင်ခိုတွေကို ငွေပုံအော ပေးကြရလေ့ ရှိပါတယ်။
မကြာသေးခင်နှစ်ပိုင်းတွေအတွင်း ဒီလိုနယ်စပ်ဖြတ်ကျော် ခရီးစဉ်တွေအတွင်း အလားတူ အသက်ဆုံးရှုံးမှုမျိုး အတော်များများ ရှိခဲ့ဖူးပေမဲ့ တနင်္လာနေ့က ဖြစ်ခဲ့သလိုမျိုး ဖြစ်ရပ်တစ်ခုအတွင်း ဒီလို လူအများကြီး သေတာမျိုး မကြုံဖူးသေးပါဘူး။
ဒီဖြစ်ရပ်အကြောင်း ကြားသိခဲ့အပြီး ဆန် အန်တိုနီယိုမြို့ ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ကြီး ဂပ်စ်တက်ဗို ဂါဆီယာ ဆေလာ က "သေဆုံးသွားသူတွေအပေါ် ဘုရားရှင် စာနာသနားတော်မူပါ၊ သူတို့ဟာ ဘဝတိုးတက်ရေးအတွက် မျှော်လင့်ပြီး လုပ်ခဲ့ကြသူတွေပါ"လို့ လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။
"လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြင်ဆင်ရေးဆွဲဖို့အရေးကို မဖြေရှင်းနိုင်ကြတဲ့အတွက် နောက်တစ်ကြိမ် လူတွေထပ်သေ၊ ဘဝတွေ ထပ်ပျက်ခဲ့ကြရပြန်ပါပြီ" လို့ လည်း ရေးထားပါတယ်။
ဆန် အန်တိုနီယိုမြို့က KENS5 သတင်းဌာန သတင်းထောက် မက်တ် ဟူစတန် က "ဒါဟာ တကယ်လို့ လူမှောင်ခိုတဲ့ ဖြစ်ရပ်သာ ဆိုရင် အမေရိကန်နိုင်ငံသမိုင်းမှာ လူသေဆုံးမှု အများဆုံး လူမှောင်ခိုမှုကြီး ဖြစ်တယ်လို့ ပြောနိုင်ပါတယ်"လို့ ဘီဘီစီကို ပြောပါတယ်။
အမေရိကန်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ မိသားစုတွေ ရင်ဆိုင်ရတဲ့ အန္တရာယ်မျိုးတွေက ကြိုတင်တားဆီးနိုင်တဲ့ အန္တရာယ်မျိုးတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုအခင်းဖြစ်ခဲ့တဲ့ အဲဒီဒေသဟာ လတ်တလော ရက်ပိုင်းတွေအတွင်း အပူလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။