ပရီးမီးယားလိဂ်- အဲရစ် တဲန်ဟဂ်ဘယ်သူလဲ၊ မန်ယူနိုက်တက် ဘာတွေ မျှော်လင့်နိုင်မလဲ

    • ရေးသားသူ, Marcel Van der Kraan
    • ရာထူးတာဝန်, အားကစား အယ်ဒီတာ၊ De Telegraaf

အဲရစ် တန်ဟဂ် ဟာ ကျိုးကျိုးနွံနွံ ရှိတဲ့ နည်းပြတယောက် ဖြစ်ပါတယ်။ ဘယ်တုန်းကမှ ကမ္ဘာ့ထိပ်တန်း နည်းပြတယောက် ဖြစ်လာဖို့ ရည်မှန်းချက် ကြီးကြီးမားမားထားတဲ့ ပုံမျိုး မပြခဲ့ပါဘူး။

ဒါကလည်း သူ့ကြီးပြင်းလာတဲ့ နောက်ခံ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။ သူဟာ နှိမ့်နှိမ့်ချချ နေတတ်ကြပြီး လေသံတမျိုးနဲ့ ပြောကြတဲ့ လူတွေ နေကြတဲ့ နယ်သာလန် အရှေ့ပိုင်းက ဖြစ်ပါတယ်။ အဲဒီဘက်က လူတွေဟာ ဝါကြွားလိုစိတ် နည်းသလို အမ်စတာဒမ်၊ ရော့တာဒမ်နဲ့ သည် ဟိဂ်လိုမျိုး ပါလီမန်လို ရုံးကြီတွေ၊ စက်ရုံကြီးတွေရှိတဲ့ နေရာက လူတွေကိုလည်း အားကျစိတ်နဲ့ ကြည့်တတ်ကြတယ်လို့ ဆိုပါတယ်။

ဒီလို ပတ်ဝန်းကျင်မှာ ကြီးပျင်းလာခဲ့ပြီး အဲ့ဒီက အရပ်လေသံနဲ့ စကားပြောပေမယ့် တဲန်ဟဂ်ရဲ့ အခြေအနေက တခြားသူတွေနဲ့ ကွာခြားပါတယ်။ သူ့ နည်းပြဘဝမှာ ဘယ်တုန်းမှ ငွေရလိုမှု တခုအတွက် အလုပ်ကြီး အကိုင်ကြီးတွေရဖို့ မျှော်မှန်း ကြိုးစား စရာ မလိုခဲ့ပါဘူး။ တကယ်တော့ အဲရစ် တဲန်ဟဂ်ဟာ အင်မတန် ချမ်းသာ ကြွယ်ဝတဲ့ မိသားစုကြီးက လာသူဖြစ်ပါတယ်။ သူ့ ဖခင်နဲ့ ညီအစ်ကိုတွေ အကုန်လုံးဟာ သန်းကြွယ်သူဌေးကြီးတွေဖြစ်ကြပါတယ်။ အိမ်ခြံမြေ လုပ်ငန်းတွေကို ပိုင်ဆိုင်သလို ဘဏ္ဍာရေး ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေကိုလည်း ပိုင်ဆိုင်ကြပါတယ်။

ဖခင်ဖြစ်သူက သူ့ကို ကုမ္ပဏီလုပ်ငန်းထဲမှာ ဝင်လုပ်စေချင်ခဲ့ပေမယ့် အဲရစ် ဟာ ငယ်စဉ်ကတည်းက ခြေစွမ်း ခြေစ ရှိတဲ့ ဘောလုံးသမား တယောက်ဖြစ်ခဲ့ပါတယ်။ FC Twente အသင်းမှာ နာမည်ကျော် နောက်ခံလူတယောက်ဖြစ်တာကြောင့် ငယ်စဉ်ကတည်း သူ့ဖခင် လုပ်စေချင်တဲ့ အလုပ်မျိုးတွေ လုပ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။

ကြွယ်ဝတဲ့ မိသားစုမှာ ပေါက်ဖွားလာသူ ဖြစ်တာကြောင့် သူ့အနေနဲ့ အလုပ်ကြီး အကိုင်ကြီးတွေ လုပ်ဖို့ မလိုပါဘူး။ နောက်ပြီး သူ့ ရှင်သန်ရေးအတွက် ဘောလုံးနဲ့ ငွေရှာဖို့လည်း မလိုအပ်ခဲ့ပါဘူး။ တခြား မန်နေဂျာတွေ ငွေ အတွက် အပေးအယူ လုပ်ကောင်းလုပ်နိုင်ပေမယ့် သူကတော့ အမြဲဆိုသလို သူ့ ခံယူချက်ကိုသာ ကိုင်စွဲထားခဲ့ပါတယ်။

သူ့ရဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ အယူအဆတွေကလည်း ပက်ပ် ဂွာဒီယိုလာ နဲ့ ယိုဟန် ခရိုက်ဖ်တို့လိုပဲ ဖြစ်ပါတယ်။ ဂိုးသွင်းဖို့ အခွင့်အလမ်းတွေ ဖန်တီးဖို့ တိုက်စစ်ဦးစားပေးသူ ဖြစ်ပါတယ်။

သူဟာ PSV Eindhoven အသင်းမှာလည်း လက်ထောက်နည်းပြလုပ်ခဲ့ဖူးသလို စတိဗ် မက္ကလာရင် FC Twente ကို ကိုင်နေတုန်းလည်း လက်ထောက် နည်းပြ လုပ်ခဲ့ဖူးပါတယ်။ အဲဒီ ကလပ်အသင်းတွေရဲ့ အောင်မြင်မှုတွေမှာ သူဟာ အခရာကျတဲ့နေရာက ပါခဲ့ပါတယ်။ ဘယ်တော့မှ သူဖြစ်စေချင်တာကို အတင်းလုပ်ခိုင်းတာမျိုး မရှိပေမဲ့ တဲန်ဟဂ်က နည်းဗျူဟာပိုင်းမှာ သိပ်ထူးချွန်တော့ သူ့အထက်က မန်နေဂျာတွေက တော်တော် အားကိုးကြပါတယ်။ သူ့ကို လက်ထောက်အဖြစ် ရထားတာကိုက သူတို့အတွက် တအားဖြစ်နေစေတယ်လို့ ဆိုကြပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကို ရောက်တော့ အရံအသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူပါတယ်။ သူတော်တော်ကို သဘောတွေ့ခဲ့တာပါ။ သူကြိုက်တဲ့ ကစားကွက်မျိုးနဲ့ ကစားတဲ့ ဂွာဒီယိုလာလို မန်နေဂျာအောက်မှာ လက်ထောက်တယောက်အဖြစ် ဝင်လုပ်ရတာက သူ့အတွက်တော့ အိပ်မက်တခု အကောင်အထည်ပေါ်လာခဲ့သလို ဖြစ်ခဲ့ပါတယ်။ သူက ဂွာဒီယိုလာနဲ့ စကားပြောရတာကို တော်တော်သဘောကျတဲ့ အကြောင်း ပြောဖူးပါတယ်။ သူ့ဘက်က အရံအသင်းရဲ့ မန်နေဂျာဆိုတော့ ပထမအသင်းကြီးအတွက် ကစားသမားတွေ အသင့်ဖြစ်နေအောင် လေ့ကျင့်ပေးဖို့ တာဝန်ယူရပြီး အဲဒီလုပ်ငန်းခွင်က သူ့အတွက် အတော်ကို အဆင်ပြေခဲ့ပါတယ်။

တဲန်ဟဂ်ဟာ ကစားသမားတွေအတွက်တော့ နည်းနည်း လန့်စရာ နည်းပြတယောက် ဖြစ်ပါလိမ့်မယ်။ ဂွာဒီယိုလာလိုပဲ သူကလည်း တခုခုဆို သည်းလွန်း ကဲလွန်း ရှိတာကြောင့် ဖြစ်ပါတယ်။ အိုင်းယက်စ်အသင်းမှာ ကစားတဲ့ ဒတ်ချ်တွေရဲ့ Total Football ကစားဟန်မျိုးက အင်မတန်အားထည့် ကစားရသလို တိုက်စစ် သမားတွေလည်း အမျာကြီး လိုပါတယ်။ အဲဒီအခါမှာ နောက်တန်းသမားတွေကိုပါ ရှေ့အထိ တက်ကစားစေတာကြောင့် နောက်မှာ နေရာအကျယ်ကြီး ဟ သွားတတ်ပါတယ်။ ဆိုတော့ အဲဒီကနေ ပေါက်မထွက်သွားစေဖို့ ကိုယ့် အသင်းသားတွေကို ဘောလုံးပေးတာကအစ ကွက်တိ ဖြစ်နေအောင် အမှား မပါအောင် ဖိပြီး လေ့ကျင့်ပေးရပါတယ်။ ဒါပေမယ့် သူ့ရဲ့ တဦးချင်းစီအပေါ် ဆက်ဆံ ကိုင်တွယ်ပုံက ကောင်းလွန်းတာကြောင့် ကစားသမားတွေကဆို တဲန်ဟဂ်ဆီက အများကြီး သင်ယူခွင့် ရတယ်လို့တောင် ပြောကြရတဲ့ အထိပါ။

နည်းပြတွေက ပထမ ပွဲထွက် ၁၁ ယောက်ကို အဓိက အာရုံထားကြပေမယ့် တဲန်ဟဂ်ကတော့ လေ့ကျင့်ရေး ကွင်းမှာ အချိန်ပိုပေးတတ်သူ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကို သူစကိုင်တဲ့ အခါမှာ သူဟာ ခရစ္စတီယာနို ရော်နယ်ဒိုလို နာမည်ကျော်ကစားသမား၊ ဟယ်ရီမက်ဂွိုင်းယားလို ကစားသမားမျိုးတွေ လောက်ကိုသာ ကြည့်နေမှာမဟုတ်ဘဲ သူ့အတွက် အသင်းမှာ ၁၉ ယောက်မြောက် အယောက် ၂၀ မြောက် အရေးကြီးဆုံး ကစားသမားဆိုရင်တောင် သူက အလေးထားမှာ ဖြစ်ပါတယ်။ လူမျိုးစုံ စရိုက်မျိုးစုံနဲ့ ဆက်ဆံနိုင်သူ ဖြစ်ပြီး ဘယ်ကစားသမားအတွက်မဆို အချိန်ပေးပြီး လေ့ကျင့်ပေးမယ့် နည်းပြမျိုး ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ကိုင်ဖူးတဲ့ အသင်းတွေက ကစားသမားတိုင်းရဲ့ လေးစားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို နည်းပြလုပ်ဖို့ ရှိန်နေမယ့် သူမျိုးမဟုတ်ပါဘူး။ သူ့ကို နာရီများစွာ အားကစား ဝတ်စုံနဲ့ပဲ မြင်ရဖို့ များပါတယ်။ အကြောင်းကတော့ သူဟာ ရုံးအလုပ်ကို မလုပ်ချင်တာကြောင့် ဖခင်ဖြစ်သူရဲ့ ကုမ္ပဏီမှာတောင် ဝင်မလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဘောလုံး အေးဂျင့်တွေနဲ့လည်း တချိန်လုံး ဖုန်းအဆက်အသွယ် လုပ်နေမယ့် အထဲမှာ မပါ ပါဘူး။ ဒါကြောင့်လည်း ဒီအလုပ်ကို နိုင်နင်းတဲ့ အားကစား ဒါရိုက်တာနဲ့ လက်ထောက်မန်နေဂျာမျိုးကို သူလိုချင်တာ ဖြစ်ပါတယ်။

တဲန်ဟဂ်ဟာ ကင်မရာရှေ့မှာတော့ သိပ်ပြီး မနေတတ်ပါဘူး။ ဒါကြောင့် တခါတလေမှာ သူပြောချင်တာကို နားလည်အောင် ပြောပြဖို့ အခက် ကြုံရနိုင်ပါတယ်။ တကယ်လို့သာ သူဟာ ဂျာမန် အသင်းတသင်းကို သွားခဲ့မယ် ဆိုရင် ဒီလောက်အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။ သူဟာ ဂျာမန်နယ်စပ်မှာ နေတာ ဖြစ်ပြီး အဲဒီမှာ ဒတ်ချ် ပြီးရင် ဂျာမန်က ဒုတိယ အများဆုံး ပြောတဲ့ ဘာသာ စကားပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်စကားကိုလည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ယူကေမှာ အခြေစိုက်တဲ့ ကမ္ဘာ့ပေါ်မှာ အကြီးကျယ်ဆုံး အသင်းတသင်းကို ကိုင်တွယ်မယ့် မန်နေဂျာတယောက်အတွက် ပရိသတ်တွေရော သတင်းသမားတွေနဲ့ပါ ဆက်ဆံရမှာ ဖြစ်လို့ ဒီထက် ပိုကျွမ်းကျင်ဖို့တော့ လိုမှာ ဖြစ်ပါတယ်။ သူ့အောင်မြင်မှု မရအောင် အဟန့်အတားတခု ဖြစ်မလာနိုင်ပေမဲ့ အခုထက် ပိုကျွမ်းကျင်ရင်တော့ အတိုင်းထက် အလွန် ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်ဖို့ လေ့ကျင့်နေတယ်လို့ သိရပါတယ်။

သူအိုင်းယက်စ် အသင်းကို စကိုင်စဉ်မှာ လူရွေးပုံ၊ ပွဲ ခင်းကျင်းပုံနဲ့ ပတ်သက်လို့ ဝေဖန်ခံခဲ့ရသလို လေ့ကျင့်ချိန်တွေလည်း ကြာလွန်းတာ စကားပြောရှင်းပြတာတွေ ကြာလွန်းတာကြောင့် ဘောလုံးသမားတွေမှာ တော်တော် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာ အသင်းကောင်းတသင်း ဖြစ်လာအောင် တည်ဆောက်ယူခဲ့ပါတယ်။ အိုင်းယက်စ်လို ချမ်းသာတဲ့ အသင်းမှာမို့ အသင်းကောင်းတည်ဆောက်နိုင်တာလို့ ဆိုနိုင်ပေမယ့် ၂၀၁၈- ၁၉ ရာသီ ချန်ပီယံလိဂ်မှာ ရီးယဲလ်မဒရစ်ကို ဘောနေဘူကွင်းထဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ယူဗဲန်းတပ်စ်ကို ထပ်အနိုင်ယူပြလိုက်ချိန်မှာ အားလုံး အံ့သြသွားခဲ့ကြရပါတော့တယ်။

အဲဒီ ရာသီမှာ ခြေစွမ်း ပြခဲ့ကြတဲ့ မတိုင်းယပ်စ် ဒီလစ်ကို ယူဗဲန်းတပ်စ်နဲ့ ဖရန်ကီ ဒေယောင်းကို ဘာစီလိုနာ စသည်ဖြင့် အသီးသီး ရောင်းချခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ကစားသမားတွေ နေရာမှာ အစားဝင်လာတဲ့ ကစားသမားတွေ ခပ်လွယ်လွယ်ပဲ အံဝင်ခွင်ကျ ဖြစ်သွားစေလောက်အောင် အသင်းရဲ့ ကိုယ်ပိုင်ဟန်ကို ဖန်တီးပြခဲ့တာကတော့ လေးစား လောက်စရာ ဖြစ်ပါတယ်။

တဲန်ဟဂ် ဘယ်သူ့ကို အားကျခဲ့သလဲ ဆိုရင်တော့ တချိန်က ဒတ်ချ် လက်ရွေးစင် တယောက်ဖြစ်ပြီး FC Twente မှာ သူ့နည်းပြဖြစ်ခဲ့တဲ့ Epi Drost ဖြစ်ပါတယ်။

Epi Drost က အသင်းမှာ အငယ်ဆုံး ဖြစ်တဲ့ သူ့ကို ညှာတယ်၊ သူက ဘောလုံးကို နည်းစနစ် ကျွမ်းကျွမ်းကျင်ကျင်နဲ့ စွန့်စွန့်စားစား ကစားတာမျိုးကို နှစ်သက်ပြီး သူ့ကို ၁၅ နှစ်သား အရွယ်မှာ ၂၃ နှစ်အောက် အသင်းမှာတောင် ဝင်ကစား ခိုင်းခဲ့တယ်လို့ ပြောပါတယ်။ ဂိုးသွင်းဖို့ ဖန်တီးနိုင်ရေးကို ဦးစားပေးတတ်တဲ့ နည်းပြဖြစ်ပြီး သူ့ဆီက အများကြီး သင်ယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

တန်ဟဂ်ကို ဘယ်သူနဲ့ အနီးစပ်ဆုံး တူသလဲ ပြရရင် ရော်နယ် ကိုးမန်းပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ နောက်ခံ အလယ်လူအဖြစ်ကစားခဲ့ကြပြီး အသင်းကို ဦးဆောင်နိုင်ခဲ့ကြပါတယ်။ မန်နေဂျာတွေ ဖြစ်လာတော့လည်း Total Football ကို ဦးစားပေးကြပါတယ်။ ဒါပေမယ့် ကိုးမန်းကတော့ ဂွာဒီယိုလာတို့လို စွန့်စားတာမျိုး သိပ်မလုပ်ချင်ပါဘူး။ မန်ချက်စတာ စီးတီးမန်နေဂျာနဲ့ တဲန်ဟဂ်တို့ အကြား ကွာတာက ဂွာဒီယိုလာလောက် ခံစစ်အပိုင်းကို ပစ်မထားတတ်တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ သူနဲ့ တွဲလုပ်ရမယ့် လူတွေ မကြာခင် သိလာရမှာကတော့ သူဟာ အင်မတန် သစ္စာရှိတယ် ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အားသာချက်တခုလည်းဖြစ်ပါတယ်။ FC Twente ရဲ့ ဘောလုံး သင်တန်းကျောင်းမှာ ၁၄ နှစ် အရွယ်ကတည်းက စကစားခဲ့ပြီး ၁၈ နှစ်အောက် နောက်ပိုင်း အသင်းကြီးမှာ အထိ နှစ်ပေါင်းများစွာ ကစားခဲ့သလို ဒီအသင်းက လူတွေနဲ့ပဲ အပေါင်းအသင်း ဖြစ်နေခဲ့ပါတယ်။

အခု နည်းပြ ဖြစ်လာချိန်အထိလည်း ဒီလူတွေနဲ့ အပေါင်းအသင်း ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ တယောက်က လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရပါတယ်။ Andy Scharmin လို့ ခေါ်ပြီး တချိန်မှာ နယ်သာလန် အသင်းမှာ ကစားနိုင်မယ့်သူလို့တောင် ပြောကြပါတယ်။ ဆူရီနမ်မှာ သရုပ်ပြပွဲ ကစားဖို့ ရွေးချယ်ခံရပြီး အဲဒီ ခရီးမှာ သူတို့ ပါလာတဲ့ လေယာဉ်ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ တဲန်ဟဂ်က တော်တော် ရင်းနှီးခဲ့ပြီး အမြဲ တတွဲတွဲ ဖြစ်ခဲ့တာကြောင့် ဒီအဖြစ်က သူ့ ဘဝမှာ မမေ့နိုင်စရာ ဖြစ်ခဲ့ရပါတယ်။

နောက်တယောက်ကလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သလို နောက်တယောက်ကလည်း ဒဏ်ရာတွေအကြီးအကျယ် ရသွားခဲ့ပါတယ်။ အဲဒီ ၃ ယောက်စလုံးဟာ တချိန်မှာ နိုင်ငံတကာ လက်ရွေးစင် ဖြစ်လာနိုင်ခြေရှိတဲ့ကစားသမားတွေ ဖြစ်ကြပါတယ်။

ဒီအဖြစ်တွေက သူ့အပေါ် တော်တော် ရိုက်ခတ်ခဲ့ဖူးပြီး သူ့သူငယ်ချင်းတွေ လုပ်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့ ဘောလုံးနဲ့ အောင်မြင်မှုတွေ ရဖို့ သူ့ကိုယ်သူ ပြန်မဲတင်းပေးခဲ့ပါတယ်။ အဲဒီလို သူငယ်ချင်း မိတ်ဆွေတွေ ဆုံးရှုံးခဲ့ရလို့ ကြုံခဲ့ရတဲ့ နာကျင် ဝမ်းနည်းမှုတွေကပဲ သူ့ကို အခုချိန်ထိ အရှိန်ကောင်းကောင်းနဲ့ တွန်းအားတွေ ပေးလို့နေပြန်ပါတယ်။