ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပရီးမီးယားလိဂ်- အဲရစ်တဲန်ဟဂ်ကို မန်ချက်စတာ ယူနိုက်တက် နည်းပြအဖြစ် ခန့်တော့မယ်
အိုင်းယက်စ် အသင်းရဲ့ နည်းပြ အဲရစ် တဲန်ဟဂ် ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်ဖို့ နီးနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ကတော့ ဘာသဘောတူညီမှုမှ မရသေးဘူးလို့ ပြောနေပါတယ်။ ဒါပေမဲ့ နယ်သာလန်က လာတဲ့ သတင်းတွေအရတော့ မူအားဖြင့် သဘောတူထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒတ်ချ် လူမျိုး နည်းပြ တဲန် ဟဂ်ဟာ အသက် ၅၂ နှစ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အိုလေး ဂန်နာ ဆိုးလ်ရှာကို ထုတ်ပယ်လိုက်ချိန် နောက်ပိုင်းကစပြီး အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ရာ့ဖ် ရန်းနစ်ခ်ရဲ့ နေရာမှာ အမြဲတမ်း နည်းပြဖြစ်လာမှာ ဖြစ်ပါတယ်။
သူနဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြ မော်ရစ်စီယို ပေါ်ချက်တီးနိုလည်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေခဲ့ပါတယ်။ တဲန် ဟဂ်ကို ခန့်အပ်ပြီဆိုတဲ့ တရားဝင် ကြေညာချက်ကိုတော့ လာမယ့် တနင်္ဂနွေနေ့ ကစား ဖို့ရှိတဲ့ အိုင်းယက်စ်နဲ့ ပီအက်စ်ဗီ အိုင်ဟိုဗင်တို့ ပွဲ မတိုင်ခင်အထိ ကြေညာဦးမှာ မဟုတ်ပါဘူး။
ဒတ်ချ်အမှတ်ပေး ပြိုင်ပွဲ အရာဒီဗီဆီ မှာလည်း အိုင်းယက်စ်ဟာ ဒုတိယနေရာက ပီအက်စ်ဗီကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။ ရာသီကုန်ချိန်အထိ ဒီအတိုင်းမပြောင်းမလဲ ဆိုရင် အိုင်းယက်စ်ဟာ တဲန် ဟဂ်လက်ထက်မှာ ၃ ကြိမ်မြောက် ဒတ်ချ် အမှတ်ပေး ချန်ပီယံ ဖြစ်လာနိုင်ပါတယ်။
သူတို့ အသင်းဟာ ချန်ပီယံလိဂ်မှာတော့ နောက်ဆုံး ၁၆ သင်းအဆင့်မှာ ပေါ်တူဂီက ဘဲန်ဖီကာကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
တဲန် ဟဂ်ကို ခန့်လိုက်ရင် အသင်း တည်ငြိမ်မှု ရလာနိုင်
အဲရစ် တဲန် ဟဂ်ကို နည်းပြ အဖြစ် ခန့်အပ်ကြောင်း ကြေညာနိုင်မယ်ဆိုရင် အခြေအနေတွေ တည်ငြိမ်မှု ရလာနိုင်ပါတယ်။ တဲန် ဟဂ်ကို ၃ နှစ် သက်တမ်း၊ အဆင်ပြေရင် တနှစ်တိုး စာချုပ်နဲ့ ခန့်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ ယာယီနည်းပြ ရန်းနစ်ခ်ဟာ ပြဿနာပေါင်းများစွာကို ဖြေရှင်းနေရဆဲ ဖြစ်ပြီး ဒီရာသီမှာလည်း ဘာမှ မှတ်မှတ်ထင်ထင် မကျန်ရစ်ဖို့ များနေပြီ ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ယူနိုက်တက် အသင်းသားတွေအကြား စိတ်ဝမ်းကွဲမှုတွေ ရှိနေသလို လက်ရှိ ရာသီမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် နေရာ ရအောင် ကန်နိုင်မယ့် အလားအလာ အတော်နည်းနေပြီဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရတာဟာ ပြီးခဲ့တဲ့ ၂၀၁၉ နောက်ပိုင်း အဆိုးဆုံး ခြေစွမ်းလည်း ဖြစ်ပါတယ်။
နာမည်ကြီး ကစား သမားတွေဖြစ်ကြတဲ့ ပေါလ် ပေါ့ဂ်ဘာနဲ့ ဂျက်ဆီ လင်းဂတ်တို့ စာချုပ်သက်တမ်း ဆက်မတိုးတာ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မားကစ်ပစ် ရဒ်ရှဖို့ဒ်တို့ လို့ ကစားသမားတချို့ အနာဂတ်က မရေမရာ ဖြစ်နေတာတွေကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ အတွင်း ယူနိုက်တက်မှာ တော်တော် ကသောင်းကနင်းနဲ့ ရုန်းကန်ကြရမယ့် သဘောရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက်မှာ ဂျွန် မာတာ ကို ဘောလုံး ဆိုင်ရာ ဒါရိုက်တာ အဖြစ်ခန့်ထားလိုက်တာလိုမျိုး လုပ်ငန်းဖွဲ့စည်းပုံတွေနဲ့ တဲန် ဟဂ်ရဲ့ အသင်းအုပ်ချုပ်မှု ပုံစံက ပိုပြီး သဟဇာတ ဖြစ်တယ်လို့ ယူဆကြပါတယ်။
တကယ်လို့ တရားဝင်ခန့်ထားကြောင်း ကြေညာပြီး ပြီဆိုရင်တော့ အဲရစ် တဲန် ဟဂ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ က ဆာအဲလက်စ် ဖာဂတ်ဆင် အနားယူသွားပြီး နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပဉ္စမမြောက် အမြဲတမ်း နည်းပြဖြစ်လာမှာ ဖြစ်ပါတယ်။