နယူးယောက်မြို့ မြေအောက်ဘူတာရုံမှာ လူအများအပြား ပစ်ခတ်ခံရ

နယူးယောက်မြို့ Sunset Park ရပ်ကွက်က ၃၆ လမ်း မြေအောက်ရထားဘူတာရုံမှာ ဒီကနေ့ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲ ဝန်းကျင် ရုံးသွားသူတွေနဲ့ ပြည့်ကျပ်နေချိန်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေနတ်ပစ်ခံခဲ့ရပါတယ်။

သွေးအလူးလူးနဲ့ ခရီးသည်တွေ ဘူတာရုံကြမ်းပြင်မှာ လဲနေကြတာကို အခင်းဖြစ်ပွားရာနေရာမှာ ရိုက်ထားတဲ့ ပုံတွေမှာ တွေ့ရပါတယ်။

မဖောက်ခွဲရသေးတဲ့ ဖောက်ခွဲပစ္စည်းတွေကိုလည်း အခင်းဖြစ်ရာ နေရာမှာ ရှာတွေ့ခဲ့ပါတယ်။

သေနတ်သမားလို့ ယူဆရသူကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ လိမ္မော်ရောင် ဆောက်လုပ်ရေး အလုပ်သမား ဝတ်စုံကို ဝတ်ထားပြီး ဂက်စ်ငွေ့ကာ နှာခေါင်းစည်းလည်း တပ်ထားပုံ ရတယ်လို့ ပြောကြပါတယ်။ သူဟာ အခုအခါ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားပြီလို့ ယူဆရပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။

လူတွေကို အဲဒီနေရာကို ရှောင်ကြဖို့ နဲ့ ဒါမှသာ အကူအညီလိုသူတွေကို အရေးပေါ် ကယ်ဆယ် ကုသတာ၊ စုံစမ်းစစ်ဆေးတာတွေ လုပ်နိုင်မယ်လို့ နယူးယောက်မြို့တော်ဝန်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အခုအခါ မြေအောက်ရထားလိုင်း အနည်းဆုံး ၄ လိုင်းလောက်လည်း ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

ဘူတာရုံတွင်းမှာ မီးခိုးတွေ ထွက်လာတယ်ဆိုပြီး ကနဦးပိုင်းက ဖုန်းနဲ့ အကြောင်းကြားတာတွေ ရှိခဲ့တယ်လို့ နယူးယောက် မီးသတ်ဌာနက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ မီးသတ်ဝန်ထမ်းတွေ ရောက်သွားတဲ့အချိန်မှာ လူအများအပြား သေနတ်ပစ်ခံထားရပြီး ဒဏ်ရာတွေ ရထားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။