ရုရှားရေနံ နဲ့ ဓာတ်ငွေ့တွေကို ကမ္ဘာက ဘယ်လောက်အထိ အားထားနေရတာလဲ

    • ရေးသားသူ, Reality Check သတင်းအဖွဲ့
    • ရာထူးတာဝန်, BBC News

ရုရှားကို နိုင်ငံတကာက စွမ်းအင်ပိုင်း ကန့်သတ်မှု အတိုင်းအတာ၊ ဥရောပရဲ့ ပြင်ဆင်မှုနဲ့ နိုင်ငံတကာ သက်ရောက်မှု

ဥရောပနိုင်ငံတွေ အနေနဲ့ ရုရှားစွမ်းအင်ကို အားထားနေရတာ လျှော့ချဖို့အတွက် အမေရိကန်က အရည်ပုံပြောင်းထားတဲ့ သဘာဝဓာတ်ငွေ့ LNG တွေ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂနဲ့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ရုရှားအစိုးရက ယူကရိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ စစ်ရေးကျူးကျော်အပြီး ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့ မှုတွေ ဟာစတင်ကန့်သတ် ခံလာခဲ့ရတာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားဆီက စွမ်းအင်ပိုင်း ဝယ်ယူအသုံးပြုရတာတွေ ရှိပေမယ့် ဘယ်လောက်အထိ အားထားနေရသလဲ ဆိုတာကတော့ ဆက်လက် အကျယ်ချဲ့ လေ့လာရမယ့် ကိစ္စဖြစ်ပါတယ်။

ရုရှားကို အခုလို စွမ်းအင်တင်ပို့မှု ပိတ်ပင်တာကြောင့် တကမ္ဘာလုံးမှာလည်း ရိုက်ခတ်မှု ရှိနိုင်ပြီး ဒါတွေကို သုံးသပ်ဖို့ ဆိုရင် ရုရှားကို စွမ်းအင်ပိုင်း ဘယ်လိုကန့်သတ်မှုတွေ လုပ်သလဲ၊ ရုရှားက တကယ်တမ်း ဘယ်လောက်အထိ စွမ်းအင်တင်ပို့နေသလဲ၊ အခြားဘယ်အရင်းအမြစ်ကနေ စွမ်းအင်ရနိုင်သေးသလဲ ဆိုတာတွေ အပါအဝင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း ဘယ်လောက်အထိ တက်သွားနိုင်သလဲ ဆိုတဲ့ အခြေအနေကို အဓိက သုံးသပ်ရမှာ ဖြစ်ပါတယ်။

ရုရှားကို နိုင်ငံတကာက ဘယ်လို စွမ်းအင်ပိုင်း ကန့်သတ်မှုတွေ လုပ်ထားသလဲ

ရုရှားရဲ့ နိုင်ငံတကာကို စွမ်းအင်တင်ပို့မှုတွေကို အမေရိကန်က ဦးဆောင်ပြီး စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်နေရာမှာ အမေရိကန်ပြည်တွင်းကို ရုရှားရဲ့ ရေနံနဲ့ ဓါတ်ငွေ့သာမက ကျောက်မီးသွေးကိုပါ တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။

ယူကေနိုင်ငံကတော့ ရုရှားဆီက ရေနံဝယ်ယူနေမှုကို လက်ရှိ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ လုံးဝ ရပ်ဆိုင်းလိုက်ဖို့ စီစဉ်ထားပါတယ်။

အခုလို အချိန်ယူခြင်းအားဖြင့် ရုရှားဆီကမဟုတ်ပဲ တခြားတစ်နိုင်ငံဆီက ဝယ်ယူရေး ပြင်ဆင်ဖို့ အချိန်ရမယ်လို့လည်း ယူကေအစိုးရက ပြောဆိုထားပါတယ်။

ဥရောပသမဂ္ဂကတော့ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူနေမှုတွေကို လောလောဆယ် သုံးပုံနှစ်ပုံလောက်အထိ လျှော့ချဖို့ ပြင်ဆင်နေပါတယ်။

အခုလို ရုရှားဆီက ရေနံတွေကို မဝယ်ယူဘဲထားခြင်းဟာ ကမ္ဘာ့ဈေးကွက်ကို ကြီးကြီးမားမား သက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်ဆိုပြီး ရုရှားဒုဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်က ပြောထားပါတယ်။

တကယ်တမ်းမှာ ဆိုရင်လည်း ရေနံနဲ့ ဓာတ်ငွေ့ဈေးတွေ မြင့်တက်နေတာ တွေ့ရပြီး ရုရှားဘက်ကလည်း နိုင်ငံတကာ တင်ပို့မှုတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောက်ထပ် ဈေးတွေ ဆက်တက်လာနိုင်ပါတယ်။

ရုရှားက နိုင်ငံတကာကို ရေနံတွေ ဘယ်လောက် တင်ပို့ ရောင်းချနေခဲ့တာလဲ

ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ ပြီးရင် ရေနံထုတ်လုပ်မှု တတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

ရုရှားဟာ နေ့စဉ် ပမာဏ အားဖြင့် ရေနံစိမ်း စည်ပေါင်း ငါးသန်းလောက်အထိ တင်ပို့နေရာမှာ အဲဒီအထဲက တဝက်ကျော်က ဥရောပနိုင်ငံတွေကို ဦးတည် ရောင်းချနေတာ ဖြစ်ပါတယ်။

ယူကေကတော့ တိုင်းပြည်ရဲ့ ရေနံလိုအပ်ချက် ဝယ်ယူမှုထဲက ၈ ရာခိုင်နှုန်းကို ရုရှားဆီကနေ ဝယ်ယူနေတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ နှစ်စဉ် ရေနံအများဆုံး ထုတ်လုပ်နေတဲ့ အမေရိကန်နိုင်ငံကလည်း တခြားနိုင်ငံတွေက ရေနံထပ်မံ ဝယ်ယူတင်သွင်းရတာတွေ ရှိနေရာမှာ အဲဒီအထဲက သုံးရာခိုင်နှုန်းလောက်ကို ရုရှားဆီကနေ ဝယ်ယူနေတာ ဖြစ်တယ်လို့ ၂၀၂၀ မှာ အမေရိကန်အစိုးရ ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ရုရှားဆီက ရေနံ မဝယ်ဘူးဆိုရင် ဘယ်က ရနိုင်ဦးမလဲ

စွမ်းအင်မူဝါဒ သုတေသန လေ့လာသုံးသပ်သူ ဘန် မက်ဝီလီယံကတော့ ကမ္ဘာမှာ ရေနံကို နိုင်ငံပြောင်းပြီး ဝယ်ရတာက ဓာတ်ငွေ့ကို နိုင်ငံပြောင်းပြီး ဝယ်ရတာထက် ပိုလွယ်မယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ ရေနံကို ရုရှားက ထုတ်လုပ်ရောင်းချနေမှု များပြားပေမဲ့ တခြားနိုင်ငံတွေက ရေနံရောင်းချမှုတွေလည်း များများစားစား ရှိနေလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ အမေရိကန်အစိုးရဟာ ကမ္ဘာပေါ်မှာ ရေနံ ဒုတိယအများဆုံး ထုတ်လုပ်နေတဲ့ ဆော်ဒီအာရေဗျနိုင်ငံကို လက်ရှိထုတ်လုပ်မှု ပမာဏထက် တိုးမြှင့်ဖို့ တိုက်တွန်းနေတာကို တွေ့ရပါတယ်။

အခုလို ရေနံဈေးကျဖို့ ရည်ရွယ်ချက်နဲ့ ရေနံတိုးထုတ်ဖို့ တွန်းအားပေးမှုတွေကို ဆော်ဒီအာရေဗျက လတ်တလော လက်ခံထားခြင်း မရှိသေးပါဘူး။

ဆော်ဒီအာရေဗျနိုင်ငံဟာ ရေနံတင်ပို့သူ နိုင်ငံများ အသင်း OPEC မှာလည်း ရေနံ အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အဲဒီ OPEC အဖွဲ့ဟာ နိုင်ငံတကာမှာ ကုန်သွယ်နေတဲ့ ရေနံပမာဏရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ဈေးကွက်ယူထားနိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အခုလို ဈေးကွက်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အတွက်ကြောင့်လည်း OPEC က ရေနံဈေးနဲ့ ပတ်သက်လို့ အဓိကကျတဲ့ လွှမ်းမိုးနိုင်တဲ့ နေရာမှာ ရှိနေရာပေမဲ့ လက်ရှိအချိန်အထိတော့ အဲဒီအဖွဲ့ထဲက ဘယ်နိုင်ငံကမှ ရေနံတိုးထုတ်ပေးဖို့ သဘောတူတာမျိုး မရှိသေးပါဘူး။

ရုရှားနိုင်ငံဟာ ရေနံကို တတိယအများဆုံး ထုတ်လုပ်နေပေမဲ့ အဲဒီ OPEC အဖွဲ့ ဝင်တော့ မဟုတ်သေးပဲ ဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရှိနေပါတယ်။

ရေနံထုတ်လုပ်နေတဲ့ နိုင်ငံတွေ ဝင်ငွေ တည်ငြိမ်ရေးအတွက် ရေနံထုတ်လုပ်နေမှုတွေကို ကန့်သတ်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက စပြီး ရုရှားက OPEC နဲ့ ပူးပေါင်းဆောင်ရွက်နေတာလည်း ရှိပါတယ်။

အခုလို အခြေအနေတွေမှာ အမေရိကန်နိုင်ငံဟာ ရေနံထုတ်လုပ်မှု များတဲ့ တစ်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို ရေနံနဲ့ ပတ်သက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ အပေါ် ပြန်လည် ဖြေလျှော့ပေးဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလားဟာ အမေရိကန်ကို အဓိက ရေနံရောင်းချနေတဲ့ နိုင်ငံ ဖြစ်ခဲ့ဖူးပေမယ့် လက်ရှိမှာ ဗင်နီဇွဲလားက အဓိက ရေနံရောင်းချနေတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။

ရုရှားကို ဓာတ်ငွေ့ရောင်းခွင့်ပိတ်လိုက်လို့ ကမ္ဘာ့ဓာတ်ငွေ့ဈေးနှုန်းကို ဘယ်လို ရိုက်ခတ်နိုင်သလဲ

ဥရောပ နိုင်ငံတွေက သဘာဝ ဓာတ်ငွေ့တွေ ဝယ်ယူတင်သွင်းနေရာမှာ ၄၀ ရာခိုင်နှုန်းကို ရုရှားဆီက ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဥရောပ အနေနဲ့ ရုရှားဆီက ဓာတ်ငွေ့ တွေ လုံးဝ မဝယ်ယူတော့ပဲ ချက်ချင်း ရပ်လိုက်လို့ မရသေးတဲ့ အနေအထားဖြစ်နေပြီး ရုရှားဘက်က ရောင်းချနေတာတွေ ရပ်လိုက်မယ်ဆိုရင် လက်ရှိ တက်နေပြီးသား ဓာတ်ငွေ့ ဈေးနှုန်းက ထပ်မံ ထိုးတက်သွားနိုင်ပါတယ်။

အထူးသဖြင့် ရုရှားကနေ အများဆုံး သဘာဝဓာတ်ငွေ့တွေ ဝယ်ယူနေတဲ့ ဂျာမနီနဲ့ အီတလီတို့ အဓိက ထိခိုက်သွားနိုင်တာကို တွေ့ရပါတယ်။

အခုလို ဖြစ်နေတဲ့ အနေအထားမှာ ဥရောပနိုင်ငံတွေက လက်ရှိ သဘာဝဓာတ်ငွေ့ ရောင်းချနေတဲ့ ကာတာ၊ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား အစရှိတဲ့ နိုင်ငံတွေကနေ ပြောင်းလဲ ဝယ်ယူဖို့ ကြိုးစားလို့ ရနိုင်ပါတယ်။

ဒါပေမဲ့ လက်တွေ့ အခက်အခဲကတော့ အဲဒီနိုင်ငံတွေမှာ ဥရောပရဲ့ လိုအပ်သလောက်ကို ထုတ်လုပ်မှု တိုးမြှင့်ပေးနိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။

ယူကေနိုင်ငံကတော့ နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ထဲက ငါးရာခိုင်နှုန်းပဲ ဝယ်ယူနေတာဖြစ်ပြီး အမေရိကန်ကတော့ အစကတည်းက ရုရှားဆီက သဘာဝဓာတ်ငွေ့ ဝယ်ယူခြင်း မရှိပါဘူး။

ရုရှားဆီက ဓာတ်ငွေ့ မဝယ်ဘူးဆိုရင် ဘယ်က ရနိုင်ဦးမလဲ

ဥရောပက ရုရှားဆီက သဘာဝဓာတ်ငွေ့ မှီခိုနေရတာကို လျှော့ချဖို့အတွက် အမေရိကန်ဟာ လက်ရှိ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ ဥရောပကို နောက်ထပ် သဘာဝဓာတ်ငွေ့အရည် ၁၅ ဘီလျံ ကုဗမီတာ တင်ပို့ဖို့ သဘောတူထားပြီ ဖြစ်ပါတယ်။

ဥရောပနဲ့ အမေရိကန်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အနည်းဆုံး ၂၀၃၀ လောက်အထိ အမေရိကန်က ဥရောပကို နှစ်စဉ် သဘာဝဓာတ်ငွေ့ အရည် ၅၀ ဘီလျံ ကုဗမီတာ တင်ပို့ နေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အခုလို ရုရှားဆီက ဝယ်ယူနေတဲ့ ဓာတ်ငွေ့ကို အစားထိုးဖို့က မလွယ်လှဘူးလို့ စွမ်းအင်မူဝါဒ သုတေသန သုံးသပ်သူ ဘန် မက်ဝီလျံက ပြောပါတယ်။

အကြောင်းကတော့ ရုရှားဆီကနေ ဓာတ်ငွေ့ကို ဝယ်ယူဖို့ ဥရောပက ပိုက်လိုင်းကြီးတွေနဲ့ အထိုင်ချပြီးသားဖြစ်နေတာကလည်း အဓိကအကြောင်းအရင်းတစ်ခုလို့ သူကပြောပါတယ်။

ဥရောပအနေနဲ့ စွမ်းအင်ပိုင်းအတွက် အခြား ရင်းမြစ်တွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပေမယ့် လေအားလျှပ်စစ် အစရှိတဲ့ ပြည့်မြဲစွမ်းအင်လို စွမ်းအင်တွေ ရရှိဖို့က အချိန်ကြာပြီး ရေတို လိုအပ်ချက်အတွက် မကိုက်ဘူးလို့ သက်ဆိုင်ရာ သုတေသီတစ်ဦးဖြစ်တဲ့ ဆီမုန်း တက်ဂ်လီယာ ပီယက်ထရာက ပြောပါတယ်။

အခုလို အခြေအနေမှာ ဂျာမနီနဲ့ အီတလီတို့ကတော့ နောက်နှစ် ဆောင်းတွင်း အများပြည်သူ အိမ်တွင်း နွေးထွေးရေး စွမ်းအင်လိုအပ်ချက်အတွက် ဓာတ်ငွေ့ကနေ ကျောက်မီးသွေး ပြောင်းသုံးဖို့ ကျောက်မီးသွေး စက်ရုံတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ဆိုရင်လည်း ၂၀၃၀ မတိုင်ခင် ရုရှားဆီက ရုပ်ကြွင်းလောင်စာ စွမ်းအင် မှီခိုနေရမှုကို ရပ်တန့်ဖို့အတွက် အစီအစဉ်တစ်ခု ဆွဲနေပြီး ဓာတ်ငွေ့ ကို နိုင်ငံများများဆီက ခွဲပြီး ဝယ်ယူဖို့နဲ့ လျှပ်စစ်ထုတ်လုပ်မှုနဲ့ အပူပေးမှုတွေမှာ ဓာတ်ငွေ့အစား အခြားစွမ်းအင်တွေ ပြောင်းသုံးဖို့ အချက်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။