ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲမှာ ဘယ်ဘက်က ဓာတုလက်နက် သုံးနိုင်ခြေ ရှိနေတာလဲ
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်အတွင်းမှာ ဓာတုလက်နက်နဲ့ ပတ်သက်တဲ့ စွပ်စွဲပြောဆိုမှုတခု ထွက်လာခဲ့ပြီး ဒါကို လုပ်တဲ့နိုင်ငံက ရုရှား ဖြစ်နေပါတယ်။
ရုရှားက သူတို့ရဲ့ ယူကရိန်းထိုးစစ်အတွင်းမှာ ယူကရိန်းနယ်နိမိတ်အတွင်း ဓာတု ဓာတ်ခွဲခန်းတွေ ထားရှိပြီး ဓာတုလက်နက်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ် ဆိုပြီး စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၁၁ ရက်နေ့ မှာတော့ ရုရှားဟာ ဒီကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အထူးအစည်းအဝေးတရပ်ကိုတောင် ခေါ်ယူပြီး ဆွေးနွေးပွဲ ကျင်းပခဲ့ပါသေးတယ်။
ဒါပေမဲ့ ယူကရိန်းနဲ့တကွ အမေရိကန်နိုင်ငံကတော့ ရုရှားဟာ ယူကရိန်းကို ဒီလို စွပ်စွဲနိုင်အောင် အကွက်ဆင်တာဖြစ်ပြီး အမှန်တကယ်က ရုရှားကိုယ်တိုင်က ယူကရိန်းက မြို့တွေကို တိုက်ခိုက်ရာမှာ ဓာတုလက်နက် သုံးချင်လို့ အကြောင်းရှာတာ ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။
ယူကရိန်းမှာ ဓာတုဗေဒ လက်နက် ထုတ်နိုင်တဲ့ ဓာတ်ခွဲခန်းမျိုး တကယ်ရှိနေသလား
ယူကရိန်းမှာ တရားဝင် ထားရှိတဲ့ ဓာတုဗေဒ ဓာတ်ခွဲခန်းတွေ ရှိရာမှာ ဒါတွေက ကိုဗစ် လို ရောဂါမျိုးတွေ လူတွေက ကာကွယ်နိုင်အောင် သုတေသန လုပ်နေတဲ့ ဓာတ်ခွဲခန်းတွေသာ ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ပြောဆိုထားပါတယ်။
ယူကရိန်းမှာ ရုရှားတွေ တွေ့ရတဲ့ ဓာတ်ခွဲခန်းတွေကို အမေရိကန်က ဘဏ္ဍာရေး ထောက်ပံ့ထားတာ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ရှိပေမဲ့ သက်သေသက္ကာယ တစုံတရာကို ဘီဘီစီက တွေ့ရှိထားခြင်း မရှိပါဘူး။
ဒါ့အပြင် အဲဒီ ဓာတ်ခွဲခန်းတွေကို ရုရှားတပ်တွေက ရှာဖွေမတွေ့ ရှိခင်မှာ ဒီဓာတ်ခွဲခန်းဝန်ထမ်းတွေက ရောဂါဖြစ်စေတဲ့ ပိုးမွှား အမြောက်အမြား ဖျက်ဆီးထားခဲ့တာ တွေ့ရတယ်ဆိုတဲ့ စွပ်စွဲချက်လည်း ရှိခဲ့ပေမယ့် ယူကရိန်းမှာ စစ်ဖြစ်နေတဲ့ အခြေအနေကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုယ်တိုင်က အခုလို ဖျက်ဆီးခိုင်းထားတာ ဖြစ်ကြောင်း ဘီဘီစီက တွေ့ရှိထားပါတယ်။
ဓာတုလက်နက် သဘောသဘာဝ ရှင်းလင်းချက်နဲ့ သမိုင်းကြောင်း
ဓာတုလက်နက် ဆိုတာဟာ အခြေခံအားဖြင့် လူကို အဆိပ်သင့်စေတဲ့ ဓာတုဗေဒ ဒြပ်စင် သို့မဟုတ် ဒြပ်ပေါင်း တခုခုကို လူကိုယ်ထဲ တနည်းနည်းရောက်အောင် ပြုလုပ်နိုင်တဲ့ လက်နက်ကို ခေါ်တွင်တယ်လို့ ဆိုနိုင်ပါတယ်။
အခုလို ဓာတုလက်နက်တွေကို အမျိုးအစား အမျိုးမျိုး ခွဲခြားထားတာရှိပြီး အသက်ရှူလမ်းကြောင်းနဲ့တကွ အဆုတ်ထိခိုက်စေတဲ့ ဓာတုလက်နက်၊ မျက်လုံးထိရင် ကန်းစေပြီး အရေပြားထိရင် ဖောင်းကြွ၊ ဖူးရောင်လာစေတဲ့ ဓာတုလက်နက်နဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့ ဓာတုလက်နက်တို့ ဖြစ်ပါတယ်။
အခုလို ဓာတုပစ္စည်းတွေကို အဝေးပစ် လက်နက်ကြီး ကျည်ဆံတွေ၊ ဒုံးကျည်တွေနဲ့ ဗုံးတွေ ထဲမှာလည်း တပါတည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီမံကြပါတယ်။
၁၉၉၇ မှာတော့ ဓာတုလက်နက် တားဆီးရေး သဘောတူစာချုပ်ကို နိုင်ငံအများက သဘောတူ လက်မှတ်ထိုးပြီး ထိထိရောက်ရောက် ကန့်သတ်လိုက်ကြရာမှာ ရုရှားလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
ဓာတုလက်နက်တွေကို ပထမကမ္ဘာစစ်မှာ ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် စသုံးခဲ့ပြီး ၁၉၂၅ မှာကတည်းက ဓာတုလက်နက်ကို စစ်ပွဲမှာ မသုံးဖို့ နိုင်ငံတကာမှာ ဆွေးနွေး သဘောတူတာတွေ ရှိခဲ့ပြီးသား ဖြစ်ပါတယ်။
ဒါပေမဲ့ အသုံးပြုမှုကိုသာ တားမြစ်ပြီး သုတေသန လုပ်တာ၊ ထုတ်လုပ်၊ သိုလှောင်ထားတာတွေကို တိတိကျကျ ကန့်သတ်တာကတော့ ၁၉၉၇ သဘောတူစာချုပ်ကျမှ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံဆိုရင်လည်း အဲဒီ ၁၉၉၇ သဘောတူစာချုပ်မှာ ၂၀၁၃ ခုနှစ်က လက်မှတ်ထိုးခဲ့ပေမယ့် ၂၀၁၇ အတွင်းမှာ သူပုန်တွေအပေါ် အစိုးရက အသုံးပြုတယ်ဆိုတဲ့ သက်သေတွေ ထွက်ပေါ်ခဲ့ပါတယ်။
နှစ်နိုင်ငံ အပြန်အလှန်စစ်ပွဲမှာ အသုံးပြုကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေက အီရန်-အီရတ် စစ်ပွဲတွေမှာ ရှိခဲ့ပါတယ်။
လတ်တလောကာလ ဓာတုလက်နက်သုံးတဲ့ သမိုင်းကြောင်းရှိသူ ရုရှား
၂၀၁၈ ခုနှစ် မတ်လမှာ ယူကေနိုင်ငံမှာ လာရောက် ရွှေ့ပြောင်း နေထိုင်နေတဲ့ ရုရှားသူသျှိုဟောင်း ဆာဂေး စခရီပဲလ်ဟာ ဆယ်လ်စဘရီမြို့မှာ သူ့ ရဲ့ သမီးဖြစ်သူနဲ့အတူ နိုဗီချော့လို့ ခေါ်တဲ့ ဓာတုအဆိပ်ခတ်ခံခဲ့ရ ပါတယ်။
အခုလို အဆိပ်ခတ်ခံရသူ နှစ်ဦး ဆေးရုံမှာ ကုသမှု ခံယူအပြီးမှာ အသက်မသေခဲ့ပေမယ့် အဲဒီအဆိပ်နဲ့ ထိတွေ့မိခဲ့တဲ့ နောက်ထပ် ယူကေနိုင်ငံသား သုံးဦးထဲက တဦး သေဆုံးခဲ့ရပါတယ်။
အခုလို ဓာတုအဆိပ်ခတ်မှုကို ရုရှားက ငြင်းဆိုခဲ့ပြီး သူတို့မှာရှိထားတဲ့ ဓာတုလက်နက် နောက်ဆုံးလက်ကျန်တွေကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ် ဖျက်ဆီးထားပြီး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးကြသူတွေရဲ့ တွေ့ရှိချက်အရကတော့ ဒီအဆိပ်ခတ်မှုကို ရုရှား စစ်ထောက်လှမ်းရေး GRU ရဲ့ အရာရှိ နှစ်ဦးက လုပ်ခဲ့တာလို့ ဆိုပါတယ်။
အခုလို စုံစမ်းတွေ့ရှိချက်ကြောင့် နိုင်ငံအသီးသီးက ရုရှားသူသျှိုနဲ့ ရုရှားသံတမန်တွေ အပါအဝင် စုစုပေါင်း ၁၂၈ ယောက် ရုရှားကို ပြန်ပို့ ခံခဲ့ရပါတယ်။
၂၀၂၀ သြဂုတ်လမှာ ဆိုရင်လည်း ထင်ရှားတဲ့ ရုရှားအတိုက်အခံ နိုင်ငံရေးသမား အလက်ဆီ နာဗာ့နီဟာ အလားတူ နိုဗီချော့နဲ့ပဲ အဆိပ်ခပ်ခံခဲ့ရပြီး အပြင်းအထန် ကုသပြီးမှ အသက်ဘေးက လွတ်ခဲ့ပါတယ်။
ရုရှားဟာ စစ်ပွဲ အခြေအနေအတွင်းမှာတော့ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပေမယ့် ဓာတုလက်နက် အကြိမ်ကြိမ်သုံးတယ်လို့ စွပ်စွဲခံခဲ့ရဖူးတဲ့ လက်ရှိ ဆီးရီးယားအစိုးရကိုတော့ စစ်ရေး အကူအညီပေးခဲ့ဖူးတဲ့ နိုင်ငံ ဖြစ်နေပါတယ်။
လက်ရှိ ရုရှားပါဝင်တဲ့ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်ကာလက ဇီဝလက်နက် ပိုင်ဆိုင်မှု
ရုရှားဟာ ဆိုဗီယက်ပြည်ထောင်စုထဲမှာ ရှိနေတုန်းက လူပေါင်း ၇၀ဝ၀ဝ အထိ ခန့်ထားတဲ့ ဇီဝလက်နက် စီမံချက် တစ်ခုကို ဖော်ဆောင်ခဲ့ဖူးတဲ့ နိုင်ငံဖြစ်ပါတယ်။
ဇီဝ လက်နက်ကလည်း ဓာတုလက်နက်လိုပဲ လူကို အဆိပ်သင့်စေတာချင်းတူပေမယ့် ဓာတုဗေဒ အဆိပ်သင့်စေတာထက်၊ ရောဂါပိုးမွှားကြောင့် ကိုယ်ခန္ဓာ ထိခိုက်စေတဲ့ သဘောဆောင်တယ်လို့ ခွဲခြား ပြောဆိုနိုင်ပါတယ်။
အမေရိကန်နဲ့ တကွ အနောက်ကမ္ဘာနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ စစ်အေးတိုက်ပွဲခေါ် အချင်းချင်း အမြဲရန်စောင်နေတဲ့ ကာလပြီးဆုံးပြီး ဆိုဗီယက်ပြည်ထောင်စုလည်း ပြိုကွဲသွားချိန်မှာတော့ အဲဒီ ဇီဝလက်နက်တွေကို ဖျက်ဆီးပေးဖို့ သိပ္ပံပညာရှင်တွေက သွားရောက် ကူညီခဲ့ကြပါတယ်။
အခုလို သွားရောက်ကြရာမှာ ဆိုဗီယက်အစိုးရဟာ ထောင့်သန်းနာ ရောဂါ (anthrax)၊ ဝက်သက်ရောဂါနဲ့တကွ အခြား ရောဂါဖြစ်စေတဲ့ ပိုးတွေကို လက်နက်အဖြစ် အသုံးပြုနိုင်အောင် အလုံးအရင်း မွေးမြူထားတာကို တွေ့ရှိရပြီး ထိရောက်မှုအတွက်လည်း ရုရှားတောင်ပိုင်းက ကျွန်းတစ်ကျွန်းပေါ်မှာ မျောက်အရှင်တွေကို စမ်းသပ်ထားတာတွေ တွေ့ရှိခဲ့ရပါတယ်။
ဆိုဗီယက်စစ်တပ်ဟာ ထောင့်သန်းနာ ရောဂါဖြစ်စေတဲ့ ပိုးတွေကို အနောက်နိုင်ငံတွေကို ချိန်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်ထိပ်ဖူးတွေမှာပါ ထည့်ထားတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်ကွဲစေတဲ့ လက်နက်အမျိုးအစားတွေလို သမားရိုးကျ မဟုတ်တဲ့ ဓာတုဗေဒ အခြေခံ ဗုံးတမျိုးကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။
အဲဒီဗုံးမျိုးမှာ သမားရိုးကျ ပေါက်ကွဲစေတဲ့ ပစ္စည်းနဲ့ ရေဒီယိုသတ္တိကြွစေတဲ့ အရာတွေကို ရောထည့်ထားတဲ့အတွက် ပေါက်ကွဲပြီး ရက်သတ္တပတ်ပေါင်း များစွာကြာအောင် ရေဒီယိုသတ္တိကြွ အဆိပ်သင့်မှု ပျောက်အောင် ဖယ်ရှားရပြီး ပေါက်ကွဲတဲ့ ဧရိယာအပြင်ဘက် အတော်များများအထိ အဲဒီ အဆိပ်သင့်မှုက ဖြန့်ကြက်သွားနိုင်တာ ဖြစ်ပါတယ်။
ဒီလို ဗုံးမျိုးဆိုရင် စိ်တ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြား အလန့်တကြား ဖြစ်သွားစေမယ့် လက်နက်လို့လည်း ပြောနိုင်ပြီး လူအများအကြား စိတ်ဓာတ်ကျဆင်းမှုလည်း မြန်မြန် ပိုဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။