ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ပို့တဲ့ လက်နက်ယာဉ်တန်းတွေက ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ ရုရှားသတိပေး
ယူကရိန်းကို ပေးပို့လိုက်တဲ့ လက်နက်တွေပါတဲ့ ယာဉ်တန်းတွေက ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ ရုရှားသတိပေး
အနောက်နိုင်ငံတွေက ယူကရိန်းကို ပေးပို့လိုက်တဲ့ လက်နက်ပါ ယာဉ်တန်းတွေက ရုရှားစစ်တပ်အတွက် ပစ်သင့်ပစ်ထိုက်တဲ့ ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ ရုရှား လက်ထောက် ကာကွယ်ရေးဝန်ကြီး ဆာဂေး ရီရတ်ဘ်ကော့ဗ်က သတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံပိုင် ရုပ်သံကတဆင့် မစ္စတာ ရီရတ်ဘ်ကော့ဗ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ပေးပို့မှုကို တကယ်တမ်း အမေရိကန်က ဦးဆောင် စီစဉ်နေတဲ့ ကိစ္စဟာ အန္တရာယ်များတဲ့ အရွေ့တခု ဖြစ်ရုံသာမက အဲဒီ လက်နက်တွေပါတဲ့ ယာဉ်တန်းတွေကလည်း ရုရှားအတွက် ပစ်မှတ်တွေ ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ စတင် ထောက်ပံ့လာရာမှာ အထူးသဖြင့် အပေါ့စား ဝေဟင်ပစ် ဒုံးကျည် လက်နက်စနစ်တွေ၊ တင့်ကားဖျက် ဒုံးကျည် လက်နက် စနစ်တွေ ပါဝင်လာမယ်ဆိုရင် ဒီလို အကျိုးဆက်တွေ ဖြစ်လာမယ်လို့ သတိပေးထားပြီးသား ဖြစ်ပြီး အမေရိကန်ဟာ ရုရှားဘက်က သတိပေးချက်တွေကို အလေးအနက်မထားဘူးလို့လည်း ရုရှား လက်ထောက် ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
အပစ်ရပ် အရင်သဘောမတူဘဲ ငြိမ်းချမ်းရေး ဆွေးနွေးလို့မရဘူးလို့ ယူကရိန်းသမ္မတပြော
ရုရှားနဲ့ ငြိမ်းချမ်းရေးယူဖို့ ဘယ်လို ဆွေးနွေးမှုမျိုးကိုမှ အပစ်ရပ်သဘောမတူသေးပဲ စလုပ်လို့ မရဘူးလို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက မတ်လ ၁၂ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း သူ့အနေနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးဖို့လည်း ဆက်လက် လမ်းဖွင့်ထားပြီး အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့မှာလည်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီ ဘန်းနက်နဲ့ တွေ့ဆုံဖို့ ကိစ္စကိုလည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ တိုးတက်မှု တစုံတရာရှိတယ်ဆိုတဲ့ မစ္စတာ ပူတင်ရဲ့ ပြောကြားချက်ကို ကြားရတာလည်း ဝမ်းသာပါတယ်လို့ မစ္စတာ ဇလန်းစကီးက ပြောပါတယ်။
ဂျာမနီနဲ့ ပြင်သစ်က ရုရှားကို အပစ်ရပ်ဖို့ တိုက်တွန်း
မတ်လ ၁၂ ရက်နေ့မှာ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှို့လ်ဇ် နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ဟာ ရုရှားသမ္မတ ပူတင်နဲ့ စုစုပေါင်း ၇၅ မိနစ်လောက်အထိ စကားပြောခဲ့ကြပြီး ရုရှားဘက်က ချက်ချင်း အပစ်ရပ်ပေးဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလို စကားပြောဆိုမှုဟာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းဖို့ နိုင်ငံတကာ ဝိုင်းဝန်းကြိုးပမ်းမှု ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ မစ္စတာ ရှို့လ်ဇ်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အသေးစိတ် ဘာတွေ ဆွေးနွေးကြသလဲ ဆိုတာကို ထုတ်မပြောဖို့ကိုတော့ ပါဝင်တဲ့ ခေါင်းဆောင်တွေ သဘောတူထားတယ်လို့ ဆိုပါတယ်။
ဂျာမနီဝန်ကြီးချုပ် မစ္စတာ ရှို့လ်ဇ်ဟာ ရုရှားသမ္မတနဲ့ စကားမပြောခင်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့လည်း လက်ရှိ အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ အဲဒီ ပြောရေးဆိုခွင့်ရှိသူကပဲ ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၂ ရက် ယူကရိန်းဒေသ စံတော်ချိန် နေ့လယ် ၂ နာရီ ခွဲ နောက်ဆုံးရ တိုက်ပွဲအခြေအနေ
ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားတပ်တွေက ဝိုင်းထားရာမှာ မြို့အပြင်ဘက် တိုက်ပွဲ ပြင်းထန်မှုတွေ ရှိခဲ့ပြီး ယူကေ ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားတပ်တွေဟာ မြို့လယ်ခေါင်နဲ့ ၂၅ ကီလိုမီတာ ( ၁၅ မိုင် ) ပတ်ဝန်းကျင်လောက်အထိ ရောက်လာပြီလို့ ဆိုပါတယ်။
ယူကရိန်းရဲ့ အခြား အရေးပါတဲ့ မြို့ကြီးတွေဖြစ်တဲ့ ဟာကိဗ်၊ မာရီယူပိုးလ်၊ မိုင်ကိုလာယိဗ်နဲ့ ဆမ်မီ မြို့တွေကို ရုရှားတပ်တွေက ဝိုင်းထားရာမှာ လျှပ်စစ်ဓါတ်အားနဲ့တကွ အစားအစာ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရသူ ၂.၅ သန်း ရှိသွားပြီ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ပိုလန်နိုင်ငံကို ရောက်ရှိလာသူ ၁.၆ သန်းရှိပြီး မော်လ်ဒိုဗာနိုင်ငံကတော့ သူတို့ဆီကို ရောက်လာသူ ယူကရိန်းဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် နေရာချ ပေးမနိုင်တော့တဲ့ အနေအထားအထိ ရောက်သွားပြီလို့ ကြေညာခဲ့ပါတယ်။
ကိယက်ဗ်တောင်ပိုင်းက စစ်လေယာဥ်ကွင်းကို ဒုံးကျည်ထိမှန်
ကိယက်ဗ်မြို့တော် တောင်ပိုင်းက စစ်လေယာဥ်ကွင်းတစ်ခု ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရုရှားတပ်တွေ ကိယက်ဗ်နဲ့ ၁၅ မိုင်လောက် အထိ ရောက်နေပြီလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လေယာဥ်ပြေးလမ်းနဲ့ ဆီသိုလှောင်ကန်တို့ ပျက်စီးခဲ့သလို လက်နက်တိုက်လည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဗက်ဆစ်လ်ကိဗ်မြို့ရဲ့ မြို့တော်ဝန်က ပြောပါတယ်။
ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ ဗီဒီယိုထဲမှာတော့ လေယာဥ်ကွင်းကနေ အမည်းရောင် မီးခိုးလုံး ထူထူကြီး တက်လာတာကို တွေ့ရပါတယ်။
ယူကရိန်းထဲက တခြားနေရာဖြစ်တဲ့ ရုရှားတပ်တွေအဝိုင်းခံထားရတဲ့ နိုင်ငံမြောက်ပိုင်း ချက်ရနီဟျူမှာ ဒုံးကျည်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။
မြို့ထဲမှာ သောက်သုံးရေ မရှိတော့ဘဲ မြို့နေရာတချို့မှာ လျှပ်စစ်မီးလည်း မရတော့ပါဘူး။
ရုရှားသိမ်းပိုက်ထားတဲ့ ခါဆွန်နဲ့ ယူကရိန်းရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ အိုဒက်ဆာမြို့တို့ကြားမှာ ရောက်နေတဲ့ နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ မိုင်ကိုလာယိဗ်မှာလည်း နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေပါတယ်။
မြို့ထဲက ကင်ဆာဆေးရုံတစ်ခုကိုလည်း ကျည်ထိမှန်ခဲ့ပါတယ်။ လတ်တလော သတင်းတွေအရတော့ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။