ယူကရိန်းပဋိပက္ခ- G20 က ထုတ်ပစ်လည်း ဘာမှအရေးမကြီးဘူးလို့ ရုရှားပြော

G20 က ထုတ်ပစ်လည်း ဘာမှအရေးမကြီးဘူးလို့ ရုရှားပြော

G20 စက်မှုထိပ်သီး နိုင်ငံများအဖွဲ့ထဲကနေ ရုရှားကို ထုတ်ပယ်ပစ်မယ် ဆိုတဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ ခြိမ်းခြောက်မှုဟာ ဘာမှ အရေးပါတဲ့ ကိစ္စကြီး မဟုတ်ဘူး ဆိုပြီး ရုရှားအစိုးရက ပယ်ချလိုက်ပါတယ်။

G20 ဖွဲ့စည်းမှုက အရေးပါတယ် ဆိုတာကို အသိအမှတ်ပြုကြောင်း ဒါပေမဲ့ G20 အဖွဲ့ဝင်နိုင်ငံအများစုဟာ ရုရှားလိုပဲ စီးပွားရေး စစ်ပွဲ ကြုံနေရတဲ့ အနေအထားမျိုး ဖြစ်နေတာမို့ ဘာမှ ဆိုးဆိုးရွားရွား ဖြစ်မလာနိုင်ဘူးလို့ ကရင်မလင် နန်းတော် ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ဥရောပသာမဟုတ် တခြားနိုင်ငံတွေလည်း ရှိပါသေးတယ်လို့ သူက ပြောခဲ့ပြီး ရုရှားနိုင်ငံကို အထီးကျန်ဖြစ်အောင် ဖယ်ကျဉ်ထားဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ အကြီးဆုံး ဆီသိုလှောင်စခန်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားပြော

ကိယက်ဗ်မြို့နားမှာ ရှိတဲ့ ယူကရိန်းနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အကြီးဆုံး လောင်စာဆီ သိုလှောင်ရာ နေရာကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားတို့က ပြောပါတယ်။

ပင်လယ်ပြင်ကနေ ပစ်လွှတ်တဲ့ မစ်ဆိုင်းဒုံးတွေနဲ့ မနေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်က ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဟာကိဗ်မြို့မှာလည်း လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးဝေတဲ့ နေရာအဖြစ် အသုံးပြုနေတဲ့ ဆေးခန်းတစ်ခုကို ရုရှားတို့ ပစ်လိုက်တဲ့ အမြောက်ကျည်တွေ ထိမှန်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွင်း လူ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံရဲတွေရဲ့ အပြောအရ သိရပါတယ်။

ဒနီပရိုမြို့နားက စစ်တပ်စခန်းတစ်ခုကိုလည်း ရုရှား မစ်ဆိုင်းဒုံးကျည် နှစ်ခု ထိမှန်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

အသက်ရှင်လွတ်မြောက်နိုင်ဖွယ် လူတွေကို အပျက်အစီးပုံတွေအောက်မှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက လိုက်လံရှာဖွေနေပါတယ်။

မာရီယူပိုးလ်ပြဇာတ်ရုံတိုက်ခိုက်မှု လူ ၃၀၀ လောက် သေဆုံးခဲ့တယ်လို့ မြို့အာဏာပိုင်တွေပြော

ရုရှားတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ မာရီယူပိုးလ်မြို့က ပြဇာတ်ရုံတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၃၀၀ လောက် သေဆုံးခဲ့တယ်လို့ အခုအခါ ခန့်မှန်း သိရကြောင်း မာရီယူပိုးလ်မြို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီပြဇာတ်ရုံရဲ့ မြေအောက်ခန်းမှာ လူရာပေါင်းများစွာ ခိုလှုံနေခဲ့ကြတာပါ။

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကနေ ဒီခန့်မှန်းချက် ထွက်ပေါ်လာတာ ဖြစ်ပြီး အရေအတွက် အတိအကျကိုတော့ မထုတ်ပြန်ရသေးဘူးလို့ ဆိုပါတယ်။

အမြောက်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး လမ်းတွေပေါ်မှာ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေး အကူအညီပေးဖို့ ကြိုးပမ်းမှုတွေမှာ ခုချိန်ထိ နှောင့်နှေးနေရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်တုန်းက အဲဒီပြဇာတ်ရုံရဲ့ အပြင်ဘက် မြေပြင်ပေါ်မှာ "ကလေးငယ်များ" ဆိုတာကို စာလုံးအကြီးကြီးတွေနဲ့ ရေးထားခဲ့တာပါ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဝေဖန်ရှုတ်ချမှုတွေ အနှံ့အပြား ထွက်ပေါ်နေပြီး ရုရှားတို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

မယ်လီတိုပိုးလ်မြို့က ကယ်ဆယ်ရေးယာဥ်တန်း ထွက်ခွင့်ရ

ယူကရိန်းနိုင်ငံ တောင်ပိုင်းက ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မယ်လီတိုပိုလ်မြို့ထဲကို လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေးအထောက်အပံ့ ကားတန်းကြီးတစ်ခုကို ရုရှားတပ်ဖွဲ့တွေက အခုတော့ ခွင့်ပြုလိုက်ပြီလို့ မြို့တော်ဝန် အီဗန် ဖီယိုဒိုရော့ဗ် က ပြောပါတယ်။

ကယ်ဆယ်ရေး ကားတန်းကြီးကို မနေ့ညက မယ်လီတိုပိုလ်မြို့စွန်မှာ အတားခံခဲ့ရပေမဲ့ အခုတော့ မြို့လယ်မှာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေကို ကားတန်းကြီးထဲကနေ သယ်ချပေးနေပြီလို့ သူကပြောပါတယ်။

အဲဒီကားတန်းကြီးအပြန်မှာ အဲဒီလမ်းကြောင်းအတိုင်း မြို့ခံ ၃၅၀ လောက်ကို မြို့ထဲကနေ ပြန်ကယ်ထုတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီကျွန်းဆွယ်ဒေသကို ရုရှားတို့ မသိမ်းယူခင် လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက မယ်လီတိုပိုလ်မြို့ဟာ ခရိုင်းမီးယား ဒေသထဲ သွားတဲ့ တံခါးပေါက်အဝင်မြို့အဖြစ် သိထားကြတာ ဖြစ်ပါတယ်။

တစ်လအတွင်း ရုရှားစစ်သား ၁၆,၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ ယူကရိန်းပြော

ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစလို့ တစ်လအတွင်း ရုရှားဘက်က စစ်သား တစ်သောင်း ခြောက်ထောင်ကျော် ကျဆုံးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းဘက်ကပြောတဲ့ ဒီကိန်းဂဏန်းတွေကို အတည်မပြုနိုင်သေးပါဘူး။ သူတို့ပြောတဲ့အထဲမှာ ရုရှားစစ်တပ်ဟာ စစ်လက်နက်တပ်ဆင်ထားတဲ့ မော်တော်ယာဉ် အစီးရေ ၁၆၀၀၊ တင့်ကား အစီးရေ ၅၆၀ နဲ့ အမြောက် ၃၀၀ နီးပါး စစ်ပစ္စည်းတွေ အများအပြား ဆုံးရှုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ အပြောအရ ဝေဟင်မှာလည်း စစ်လေယာဉ် ၁၁၅ စင်းနဲ့ ရဟတ်ယာဉ် ၁၂၀ ကျော် ရုရှားဘက်က ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ရုရှားတို့ကတော့ သူတို့ဘက်က အကျအဆုံး များနေတယ်ဆိုတဲ့ သတင်းတွေကို အမြဲ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားတွေဘက်က အကျအဆုံး ကိန်းဂဏန်းတွေ ထုတ်ပြန်တာမျိုး မရှိပါဘူး။

ရုရှားဓာတ်ငွေ့ကို မှီခိုနေရတာ လျှော့ချဖို့ အီးယူနဲ့ အမေရိကန် ဓာတ်ငွေ့သဘောတူ စာချုပ်ချုပ်

ရုရှားဆီက စွမ်းအင်ကို ဥရောပက မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ တို့ကြား အရေးပါတဲ့ သဘာဝဓာတ်ငွေ့ရည် LNG တင်ပို့မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ အမေရိကန်က အီးယူကို ဒီနှစ်အကုန်မှာ အနည်းဆုံး နောက်ထပ် LNG ကုဗမီတာ ၁၅ သန်း ထပ် ပေးပို့မှာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဆီက ဓာတ်ငွေ့ အသုံးပြုတာကို လျှော့ချမယ် အီးယူက ပြောထားပြီး ဖြစ်ပါတယ်။

အဲဒါက တခြားက ဓာတ်ငွေ့ တင်သွင်းမှုတွေ တိုးလုပ်တာနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်တွေ ပိုထုတ်လုပ်တဲ့နည်းလမ်းတွေကို သုံးမှာ ဖြစ်ပါတယ်။

ဒီဓာတ်ငွေ့ သဘောတူ ကြေညာချက်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်ကို လာရောက်တဲ့ သုံးရက်ခရီးစဥ်အတွင်း သောကြာနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်နဲ့အတူ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာ ဗွန် ဒဲ လီယန် ကလည်း ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားနိုင်ငံက တင်ပို့တဲ့ ရုပ်ကြွင်းလောင်စာဆီတွေ အသုံးပြုနေတာကို လုံးဝရပ်ဆိုင်းလိုက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

သမ္မတ ဘိုင်ဒန်ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါကြောင်းလည်း သူက ပြောသွားခဲ့ပြီး ဥရောပ အမေရိကန်အကြား မဟာမိတ် ဆက်ဆံရေးက အရင်ကထက် ပိုခိုင်မာ စည်းလုံးလာနေတယ်လို့ သူက ပြောပါတယ်။