ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းအကျပ်အတည်း - တရုတ်နဲ့ရုရှားကုန်သွယ်မှုက ဘယ်လောက်အထိစည်းနှောင်နေလဲ
- ရေးသားသူ, ကိုင်ဝန် နဲ့ ဝန်ယွမ် ဆောင်း
- ရာထူးတာဝန်, BBC Reality Check
ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးတဲ့နောက် တရုတ်နိုင်ငံအနေနဲ့ ရုရှားကို အဆက်အသွယ်ပိုဖြတ်ဖို့၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူကေ စတဲ့နိုင်ငံတွေလိုပဲ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူတာတွေလုပ်ဖို့ သြစတြေးလျနိုင်ငံက ပန်ကြားနေပါတယ်။
ဝန်ကြီးချုပ် စကော့မောရစ်ဆန်က ရုရှားကနေ တရုတ်က ဂျုံတွေပိုဝယ်မယ်ဆိုတဲ့ သဘောတူချက်ကို ဒါက ရုရှားကို "စီးပွားရေးအရ အသက်ကယ်လမ်းကြောင်းတကြောင်း" ပေးလိုက်တာပဲလို့ ဆိုကာ ဝေဖန်လိုက်ပါတယ်။
ရုရှားကို တရုတ်က စီးပွားရေးအရ ဘယ်လောက်အတိုင်းအတာအထိ ကူညီနိုင်ပါသလဲ။
ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေက ကုန်သွယ်ရေးအပေါ် ဘယ်လောက်ထိခိုက်နေလဲ
ရုရှားနဲ့ "ပုံမှန်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ" ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရုတ်က ပြောပါတယ်။
ဒါပေမယ့် ရုရှားက ဘဏ်တွေကို Swift နိုင်ငံတကာ ငွေပေးချေမှု စနစ်ကို သုံးလို့မရအောင် ပိတ်ဆို့အရေးယူထားပြီးပါပြီ။ Swift နိုင်ငံတကာ ငွေပေးချေမှု စနစ်ကို ကမ္ဘာတလွှားကနိုင်ငံတွေ သုံးကြတာဖြစ်ပြီး အဲဒီအတွက် ရုရှားအဖို့ သူ့တင်ပို့ကုန်တွေ အတွက် ငွေကြေး ရယူရေးမှာ အခက်အခဲပိုရှိသွားနိုင်ပါတယ်။
ငွေပေးငွေယူကိစ္စတွေမှာ ကုန်သည်တွေအနေနဲ့ ခက်ခဲရုန်းကန်နေရတာကြောင့် အကျိုးဆက်အားဖြင့် တရုတ်ဟာ ရုရှားကနေ သူဝယ်ယူ တာ တချို့ကို လျှော့ချထားရပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ဒီ ၂ နိုင်ငံဟာ ဒေါ်လာ ငွေကြေးကို အခြေခံထားတဲ့ Swift လို ငွေပေးငွေယူ စနစ်အစား တခြားသူတို့ ကိုယ်ပိုင် ငွေပေးချေမှု စနစ်ကို လုပ်ဆောင်ဖို့ အားစိုက် ကြိုးစားနေခဲ့ကြပါတယ်။
ရုရှားက သူ့ကိုယ်ပိုင် ငွေလွှဲမှု စနစ် (System for Transfer of Financial Messages - STFM)ရှိသလို၊ တရုတ် ကလည်း (Cross-Border Interbank Payment System - CIPS) ဆိုတဲ့ စနစ်ရှိပါတယ်။ ရုရှားက သူတို့စနစ်မှာ သူတို့နိုင်ငံသုံး ငွေကြေးကို သုံးသလို၊ တရုတ်ကလည်း သူတို့စနစ်မှာ အလားတူပါ။
Carnegie Moscow Center ရဲ့ လေ့လာချက်တခုအရ ရုရှားက ကိုယ်ပိုင်ထုတ်ထားတဲ့ အဲဒီ ငွေပေးချေမှု စနစ်ဟာ Swift ကို "အစားထိုးလို့ရနိုင်တဲ့ စနစ်" မဟုတ်ဘူးလို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ထိ တရုတ် ဘဏ်တွေထဲက တဘဏ်ပဲ STFM စနစ်ကို ပူးပေါင်းထားပါတယ်။ ဒါပေမယ့် ရုရှားက ဘဏ်တချို့နဲ့ တခြား ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက တရုတ်ရဲ့ ငွေပေးငွေယူစနစ် CIPS နဲ့ချိတ်ဆက်ထားတာ ရှိပါတယ်။
ရုရှား စာရင်းဇယားတွေကို ထုတ်နုတ်ပြီးသတင်းပို့တဲ့ မီဒီယာတွေအရ လက်ရှိမှာ တရုတ်ယွမ်ငွေကို သုံးပြီး ရုရှားနဲ့ တရုတ်အကြား ကုန်သွယ်မှုလုပ်ကြတာက ကုန်သွယ်မှုအားလုံးရဲ့ ၁၇% သာရှိပါတယ် (၂၀၁၄ မှာ ၃.၁ % သာရှိခဲ့တာပါ)။
ရုရှားရဲ့ စွမ်းအင် ကုန်သွယ်မှုမှာ ယွမ်ကို တိုးပြီးသုံးလာပေမယ့် အများစုပိုင်းမှာ အမေရိကန်ဒေါ်လာကိုပဲ အဓိကငွေကြေးအနေနဲ့ သုံးနေကြဆဲပါ။
ရုရှားက တရုတ်နဲ့ ဘယ်လောက်အတိုင်းအတာအထိ ကုန်သွယ်နေတာလဲ
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးက တဖြည်းဖြည်းနဲ့ မှန်မှန်တိုးလာပါတယ်။
မနှစ်ကိုကြည့်ရင် အရင်တနှစ်ကထက် ၃၆% တက်လာပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၇ ဘီလျံ အထိရောက်လာခဲ့ပါ တယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ရုရှားကုန်သွယ်မှု စုစုပေါင်းရဲ့ ၁၈% ပါ။
ပြီးခဲ့တဲ့လအတွင်း ဘေဂျင်းကိုသွားတဲ့ သမ္မတ ပူတင် ခရီးစဉ်အတွင်းမှာ ၂ နိုင်ငံကြား ကုန်သွယ်မှုကို ၂၀၂၄ မှာ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလျံ ပမာဏအထိ မြှင့်တင်သွားကြဖို့ နှစ်ဖက် သဘောတူညီမှုရခဲ့ပါတယ်။
ယူကရိန်းကို တိုက်ခိုက်တဲ့နေ့မှာပဲ ရုရှား ဂျုံနဲ့ ဘာလီ တင်သွင်းမှု ကန့်သတ်ချက်တွေကို တရုတ် အကောက်ခွန် အာဏာပိုင်တွေက ပယ်ဖျက်ပေးလိုက်ပါတယ်။
ရောဂါပိုးတွေ ပါဝင်လာမှာကို စိုးရိမ်တဲ့အတွက် ရုရှားရဲ့ နယ်တချို့ကနေ ဂျုံတင်သွင်းမှုတွေကို တရုတ်ဘက်ကနေ အရင်တုန်းက ကန့်သတ်ခဲ့တာပါ။
အရင်နှစ်မှာ တရုတ်ဟာ ကမ္ဘာမှာ ဂျုံဝယ်ယူရာမှာ စတုတ္ထအများဆုံးနဲ့ ဘာလီ ဝယ်ယူရာမှာ ထိပ်ဆုံးက နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒီသီးနှံ ၂ မျိုး ထုတ်လုပ်မှုမှာ ရုရှားက ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။
ဒီလို စိုက်ပျိုးရေးထုတ်ကုန်တွေအပြင် ရုရှားရဲ့ စွမ်းအင်တင်ပို့မှု (ဥပမာ - ရေနံ၊ သဘာဝ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး စတာတွေ တင်ပို့တာ) အများဆုံးနိုင်ငံကလည်း နိုင်ငံအလိုက်ကြည့်မယ် ဆိုရင် တရုတ်နိုင်ငံ ဖြစ်ပါတယ်။
ရုရှားကထုတ်လုပ်တဲ့ ကျောက်မီးသွေးကို အဝယ်ယူဆုံးနိုင်ငံက တရုတ်ဖြစ်ပြီး ယူကရိန်း ကျူးကျော်မှုမစခင် တပတ်လောက်က သူတို့ နှစ်ဖက်ချုပ်လိုက်တဲ့ စာချုပ်သစ်အရ တနှစ်ကို ဒေါ်လာ ၂၀ ဘီလျံကျော်ဖိုး ဝယ်ယူမှာပါ။
ဒါပေမယ့် ရုရှားရဲ့ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံအစုက ဥရောပသမဂ္ဂပါ။ ၂၀၂၁ ခုနှစ်မှာ ၂ ဖက်ကြား ကုန်သွယ်မှု ပမာဏက တရုတ်နဲ့ ရုရှားအကြား ကုန်သွယ်မှု ပမာဏထက် ၂ ဆ နီးပါးရှိပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေး ပညာရှင် ဒေါက်တာ ရေဘက်ကာ ဟာဒင်းက အခုအဲဒါတွေက ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။
"ပိတ်ဆို့အရေးယူမှုတွေဖြစ်လာတော့ ဥရောပ သမဂ္ဂနဲ့ ရုရှားအကြား ကုန်သွယ်ရေးက ကျဆင်းသွားမှာဆိုတာက အသေအချာပါပဲ၊ သူတို့လိုအပ်ချက်တွေကို တဦးတည်း၊ တမျိုးတည်းကိုပုံမထားတော့ဘဲ ခွဲဖြန့်ပြီး ရနိုင်မယ့်အစီအစဉ်ကို အီးယူက ပိုလုပ်ဖို့ရာ အတွက် ဒီအကျပ်အတည်းအရေးက ထပ်တွန်းနေပါတယ်။"
ရုရှားရဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးကတော့ ဥရောပသမဂ္ဂနဲ့ နှိုင်းစာရင် အတော်နည်းပါတယ်။
ရုရှားရဲ့ စွမ်းအင်ထုတ်လုပ်မှုတွေကို တရုတ်က အရင်ကထက် ပိုဝယ်လာနိုင်မလား
ရုရှားရဲ့ စီးပွားရေးက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုကို အကြီးအကျယ် မှီခိုထားတာပါ။ အခုလောလောဆယ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကလည်း အဲဒီ ကဏ္ဍတွေကို ပစ်မှတ်ထားထားပါတယ်။
မနှစ်တုန်းက တရုတ်ဟာ သူ့ရဲ့ ရေနံ လိုအပ်ချက် တင်သွင်းမှုနဲ့ ပတ်သက်ပြီး ဒုတိယ အများဆုံး (တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၄၁.၁ ဘီလျံ) က ရုရှားဆီက ဖြစ်သလို ၊ သဘာဝ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး တတိယ အများဆုံး (တန်ဖိုး အမေရိကန် ဒေါ်လာ ၄.၃ ဘီလျံ)က ရုရှားဆီက ပါပဲ။ ဒီ စာရင်းတွေက မီဒီယာ သတင်းတွေကို အမှီပြုပြီး ပြောတာပါ။
မစ္စတာ ပူတင်က စာချုပ်သစ်အရ တရုတ်ကို တင်ပို့တဲ့ ရုရှား ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တန်ဖိုးပမာဏဟာ တနှစ်ကို ဒေါ်လာ ၁၁၇.၅ ဘီလျံ ရှိလိမ့်မယ်လို့ မကြာခင်တုန်းကပဲ ထုတ်ဖော်ပြောထားပါတယ်။
ဒါပေမယ့် ရုရှားရဲ့ စွမ်းအင်တင်ပို့မှု အကြီးဆုံးစျေးကွက်က ဥရောပသမဂ္ဂဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ ဓာတ်ငွေ့လိုအပ်ချက် ၄၀% နဲ့ ရေနံ လိုအပ်ချက် ၂၆% ကို တင်ပို့နေခဲ့တာပါ။
ရေနံနဲ့ပတ်သက်ပြီး နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (International Energy Agency - IEA)ရဲ့ ဒေတာ အချက် အလက်တွေ အရ ရုရှားရဲ့ တင်ပို့မှု ၂၀% ကသာ တရုတ်ကို သွားပြီး အများစုက ဥရောပကို တင်ပို့တာပါ။
"ပြီးခဲ့တဲ့ ၅ နှစ်မှာ ရုရှားရဲ့ တရုတ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုက တနှစ် တနှစ်ကို ၉% တက်လာခဲ့တယ်။ ဒါဟာ သိပ်ကို မြန်မြန် တက်လာတာလို့ ဆိုနိုင်တာတောင် ရုရှားရေနံ တင်သွင်းမှုကို ကြည့်ရင် တရုတ်က ဥရောပ သမဂ္ဂ စျေးကွက်ရဲ့ တ၀က် လောက် သာရှိပါတယ်" လို့ ဒေါက်တာ ဟာဒင်းက ပြောပါတယ်။
ရုရှားရဲ့ ဓာတ်ငွေ့ တင်ပို့မှု အဓိကနိုင်ငံတခုက ဂျာမနီဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးတဲ့နောက် ဂျာမနီဘက်က ၂ နိုင်ငံကြား သွယ်တန်းထားတဲ့ နော့တ် ၂ ဓာတ်ငွေ့ပိုက်လိုင်းသစ် ကိစ္စကို ရပ်ဆိုင်းထားပါတယ်။
သုံးသပ်သူ တယောက်ရဲ့ အဆိုအရ ရုရှားနဲ့ တရုတ်အကြား ပိုက်လိုင်းသစ်နဲ့ ဓာတ်ငွေ့ပို့ဖို့ သဘောတူထားကြတဲ့ ဆိုက်ဘေးရီးယား ၂ ပိုက်လိုင်းကနေ တင်ပို့နိုင်တဲ့ ပမာဏက နော့တ် ၂ က တင်ပို့နိုင်တဲ့ ပမာဏရဲ့ ၅ ပုံ တပုံ သာ ရှိတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီ ဆိုက်ဘေးရီးယား ပိုက်လိုင်းက ဘယ်တော့မှာ စသုံးနိုင်မလဲဆိုတာက မရှင်းလင်းသေးပါဘူး။
ဘယ်သို့ဖြစ်စေ တရုတ်ဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှင့်မှုဆိုင်ရာ ရည်မှန်းချက်အတွက် ကျောက်မီးသွေး အပေါ် မှီခိုတာ လျှော့ချ လာပြီး ရုရှားဆီကနေ သဘာဝဓာတ်ငွေ့တင်သွင်းတာကို ပိုတိုးမြှင့်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။