ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ - နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှု အပစ်ရပ်ရေး ညှိနှိုင်းမရသေး
ရုရှား-ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှု အပစ်ရပ်ရေး ညှိနှိုင်းမရသေး
ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးမှု ပထမအကြော့ ပြောဆိုမှုတွေကနေ အပစ်ရပ်ရေး ညှိနှိုင်းမှု တိုးတက်လာတာ မရှိဘူးလို့ ယူကရိန်းက ပြောပါတယ်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ရဲ့ တောင်းဆိုမှုကတော့ လက်နက်ချခိုင်းတာပဲလို့ တူရကီမှာ တွေ့ဆုံကြအပြီး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလက်ဘာက ပြောပါတယ်။
မစ္စတာ လက်ဗ်ရော့ဗ်ကတော့ သူ့နိုင်ငံက စစ်ဆင်ရေး ဆက်လုပ်ဖို့ရှိမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်က စခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်မှုကြောင့် လူ ၂ သန်းကျော် ယူကရိန်းကနေ ထွက်ပြေးသွားခဲ့ကြပါပြီ။
ချယ်ဆီးပိုင်ရှင် မိုဗစ်ကို ယူကေက ပိတ်ဆို့အရေးယူ
ယူကရိန်းကို ရုရှားက ကျူးကျော်မှုကို ယူကေအစိုးရက တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂလိပ် ပရီးမီးယားလိဂ် ကလပ် ချယ်ဆီးအသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ကို ပိတ်ဆို့အရေးယူလိုက်ပါတယ်။
သူက ယူကေက နောက်ဆုံး ပိတ်ဆို့ အရေးယူခံရတဲ့ ရုရှားသူဌေးကြီး ၇ ဦးထဲက တစ်ဦး ဖြစ်ပြီး သူတို့ကို ပိတ်ဆို့အရေးယူမှုတွေမှာ သူတို့ပိုင်ဆိုင်မှုတွေကို ချုပ်ထိန်းခံရတာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ခံရတာတွေ ပါဝင်ပါတယ်။
ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ ပူတင်နဲ့ နီးစပ်သူတွေလို့ မြင်ကြတဲ့ Igor Sechin နဲ့ Oleg Deripaska တို့ နှစ်ယောက်လည်း ပါပါတယ်။
ကျူးကျော်မှုကို အားပေးတဲ့သူတွေအတွက် လွတ်မြောက်ရာအရပ်ဆိုတာ မရှိဘူးလို့ ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။
မစ္စတာအေဘရာမိုဗစ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ချယ်ဆီးအသင်းကိုလည်း ထိန်းချုပ်ခံထားရတဲ့အပြင် အသင်းကို ရောင်းချဖို့လုပ်နေတာလည်း ရပ်သွားပါပြီ။
ပွဲစဥ်တွေ ဆက်ကစားနိုင်ဖို့၊ ဝန်ထမ်းတွေ လခပေးဖိုနဲ့ လက်ရှိ လက်မှတ်ဝယ်ထားပြီးသူတွေ ပွဲတွေ ဆက်ကြည့်နိုင်ဖို့ အစိုးရက အသင်းအတွက် အထူးလိုင်စင် ထုတ်ပေးမယ်လို့ ပြောပါတယ်။
လက်ရှိ တစ်ရာသီစာ လက်မှတ်ဝယ်ထားပြီးသူတွေ ပွဲတွေကို ဆက်ကြည့်နိုင်မှာ ဖြစ်ပေမဲ့ အသင်းအနေနဲ့ နောက်ထပ် လက်မှတ်တွေ နောက်ထပ် ထုတ်ရောင်းနိုင်ခွင့် မရှိတော့ပါဘူး။ ဒါ့အပြင် ကလပ်ရဲ့ ပစ္စည်း အရောင်းဆိုင်လည်း ပိတ်ထားမှာ ဖြစ်ပါတယ်။
မစ္စတာ အေဘရမ်မိုဗစ်ဟာ ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့အပြီး နိုင်ငံပိုင်ပစ္စည်းတွေကို စျေးပေါပေါနဲ့ ဝယ်ယူခွင့်ရခဲ့ရာကနေ ချမ်းသာကြွယ်ဝလာသူ ရုရှား စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး အတော်များများထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ရုရှားနဲ့ အဆက်ဖြတ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ တိုးလာ
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တာအပေါ် ကန့်ကွက်တဲ့အနေနဲ့ ရုရှားနဲ့ အဆက်ဖြတ်လိုက်တဲ့ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီတွေ တနေ့တခြား ပိုများလာနေပါတယ်။
မိုင်းလုပ်ငန်း ကုမ္ပဏီကြီး Rio Tinto က ရုရှား အလျူမီနီယမ်ကုမ္ပဏီ Rusal နဲ့ ဖက်စပ်လုပ်ငန်း လုပ်ကိုင်နေတာကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
Sony နဲ့ Nintendo ကုမ္ပဏီတို့ကလည်း ရုရှားကို ဂိမ်းစက်တွေ တင်ပို့နေတာကို ရပ်ဆိုင်းတော့မှာ ဖြစ်သလို ဂျပန် Hitachi ကုမ္ပဏီကလည်း ရုရှားနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းအများစုကို ဖြတ်တောက်တော့မယ်လို့ သိရပါတယ်။
Hilton နဲ့ Hyatt ဟိုတယ်ကြီးတွေကလည်း ရုရှားမှာ လုပ်ငန်းလုပ်ကိုင်နေတာတွေကို အခုအခါ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း McDonalds၊ Coca Cola နဲ့ Starbucks အပါအဝင် အထင်ကရ စီးပွားရေးကုမ္ပဏီကြီးတွေက ရုရှားနဲ့ လုပ်ငန်း လုပ်ဆောင်တာတွေကို ရပ်ဆိုင်းခဲ့ကြပါတယ်။
ရုရှားနိုင်ငံထဲမှာ လူတွေ အလုပ်ပြုတ်၊ ဆိုင်တွေ ပိတ်ကုန်ကြရပြီး နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုတွေနဲ့ တနေ့တခြား ပိုရင်ဆိုင်လာနေရတာကို ရုရှားအစိုးရအနေနဲ့ ဖုံးကွယ်ထားဖို့ ပိုခက်ခဲလာနေပြီ ဖြစ်ပါတယ်။
ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် သားဖွားနဲ့ကလေးဆေးရုံ ထိမှန်
ရုရှားကပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ယူကရိန်းနိုင်ငံ၊ မာရီယူပိုးလ်မြို့က သားဖွားနဲ့ကလေးဆေးရုံတစ်ခု ထိမှန်သွားခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဆေးရုံအပျက်အစီးကြားထဲမှာ လူတွေ ပိတ်မိနေပြီး အဲဒီတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုလို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုခံရပြီးတဲ့ ဆေးရုံအတွင်းပိုင်း ပျက်စီးမှုအခြေအနေကို ပြထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း သမ္မတက သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ထားတာတွေ့ရပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် လူနာနဲ့ဆေးရုံဝန်ထမ်းတွေအပါအဝင် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရအရာရှိတစ်ဦးက ပြောထားတယ်လို့ ယူကရိန်းမီဒီယာတွေမှာဖော်ပြပါတယ်။
မာရီယူပိုးလ်မြို့ဆိပ်ကမ်းမြို့ရှိရာ ဒွန်ညက်စ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က Pavlo Kyrylenko ကတော့ သေဆုံးသူနဲ့ ကလေးတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကို အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။ အပစ်ရပ်ဖို့ ရုရှားဘက်ခြမ်းနဲ့ သဘောတူထားတုန်းမှာ အခုလိုတိုက်ခိုက်မှုဖြစ်လာတာလို့ သူက ပြောတယ်ဆိုပြီး ယူကရိန်း အင်တာဖက်စ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
မာရီယူပိုးလ်မြို့အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေကတော့ အဲဒီတိုက်ခိုက်မှုကြောင့် ပျက်စီးမှုကြီးမားတယ်လို့ ပြောပြီး မီးလောင်နေတဲ့အဆောက်အဦတွေ၊ ပျက်စီးသွားတဲ့ကားတွေနဲ့ ဆေးရုံအပြင်ဘက်မှာ လက်နက်ကြီးကျလို့ဖြစ်သွားတဲ့ချိုင့်ခွက်ကြီးတစ်ခုကိုပါ မြင်ရတဲ့ဗီဒီယိုတစ်ခုကို ထုတ်ပြန်ထားပါတယ်။
သမ္မတ ဇလန်းစကီးကတော့ ယူကရိန်းထက် ရုရှားကို ပိုပြောထားတဲ့ သူနောက်ဆုံးပြောထားတဲ့ဗီဒီယိုမိန့်ခွန်းမှာ ဒီတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုတစ်ခုလို့ ပြောထားပါတယ်။
အမေရိကန်သမ္မတရဲ့အိမ်ဖြူတော်ဘက်ကတော့ အပြစ်မဲ့အရပ်သားတွေကို အင်အားသုံးတာဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ အကာအကွယ်မဲ့သူတွေကို တိုက်ခိုက်မှုတစ်ခုအဖြစ်ရှုတ်ချပြောဆိုထားပါတယ်။
မာရီယူပိုးလ်မြို့ကို ရုရှားတပ်တွေဝိုင်းထားတာ ရက်နဲ့ချီကြာမြင့်နေပြီဖြစ်ပြီး မြို့ထဲက အရပ်သားတွေ ထွက်ခွါနိုင်ရေး အပစ်ရပ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းမှုလည်း ကျိုးပျက်သွားပြီဖြစ်ပါတယ်။
''လက်ရှိမှာ တစ်မြို့လုံး လျှပ်စစ်မီး၊ ရေနဲ့ အစားအစာတွေ မရှိတော့ပါဘူး။ ရေဓာတ်ချို့တဲ့လို့ လူတွေသေလုမြောပါးဖြစ်နေကြပါတယ်'' လို့ ယူကရိန်းကြက်ခြေနီအဖွဲ့က Olena Stokoz က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ကြက်ခြေနီအဖွဲ့ဟာ အရပ်သားတွေ ထွက်ခွါနိုင်မယ့်လမ်းကြောင်းဖော်ဆောင်နိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း သူက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မာရီယူပိုးလ်မြို့ကို ရုရှားဘက်က ဗုံကြဲတိုက်ခိုက်မှုစတင်ကတည်းကဆိုရင် အရပ်သား ၁၁၇၀ ထက်မနည်း သေဆုံးခဲ့ရပြီး အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေသူ ၄၇ ဦးထက်မနည်း ရှိနေတယ်လို့ ဒုတိယမြို့တော်ဝန် Orlov က ပြောပါတယ်။