ယူကရိန်း - ကိယက်ဗ်နားကို ရောက်နေတဲ့ မိုင် ၄၀ရှည် ရုရှားစစ်ယာဉ်တန်း ဘာလို့ ရပ်နေတာပါလဲ

ရုရှားရဲ့ မိုင် ၄၀ (၆၄ ကီလိုမီတာ) ရှည်လျားတဲ့ စစ်ယာဉ်တန်းကြီး ယူကရိန်းမြို့တော် ကိယက်ဗ်နားမှာ ၃ ရက်ကြာ မရွေ့သလောက်ဖြစ်နေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနက အရာရှိတွေက ရုရှားစစ်တပ်အနေနဲ့ တကယ်လို့ လိုအပ်တယ်ဆိုရင် အဲဒီ လူ ၃ သန်းလောက် နေထိုင် နေတဲ့ မြို့ကို ပတ်ဝိုင်းထားပြီး အဝင်အထွက် အဆက်အသွယ်လုပ်လို့ မရအောင် ဖြတ်တောက်ထားမယ့်အနေအထားကိုတွေ့နေရတယ်လို့ ဆိုပါတယ်။

သိပ်မကြာခင်ကာလက ရရှိထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ မြို့ရဲ့ ကီလိုမီတာ ၃၀ အကွာလောက်မှာ အဲဒီ စစ်ယာဉ်တန်းရဲ့ ရှေ့ဆုံး ယာဉ်က ရောက်နေပြီး စစ်ယာဉ်တန်းတတန်းလုံးရဲ့ အင်အား အရွယ်အစားက ကြီးမားလှတဲ့အတွက် မြို့ကို ဝင်တိုက်ခိုက်တော့ မလားဆိုတာကို ကြောက်လန့်နေကြပါတယ်။

ဒါပေမဲ့ ဒီစစ်ယာဉ်တန်းဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ပြဿနာတွေရှိနေတဲ့အတွက် အခုလို ရှေ့တိုးလာရေး ကိစ္စ နှေးကွေးနေတာလို့ ဗြိတိန်နဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

စစ်ယာဉ်တန်းက ဘာလို့ ရပ်တန့်နေတာလဲ

သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ၊ အမြောက်တင်ယာဉ်တွေ လိုမျိုး စစ်ယာဉ်အကြီးစားတွေ ပါလာတဲ့ စစ်ကြောင်းကြီး မြို့တော်ကို ဝင် မထိုးသေးဘဲ ရပ်တန့်နေတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ အဲဒါတွေထဲမှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေ၊ အရင်က မထင်မှတ်ထားတဲ့ ယူကရိန်းခုခံမှု အနေအထားတွေ၊ ရုရှားတပ်ဖွဲ့ဝင်တွေ အတွင်း စိတ်ဓာတ်ကျဆင်းမှုတွေ ပါဝင် ပါတယ်။

ထောက်ပံ့ရေးပိုင်းကိုကြည့်ရင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းတာရှိလို့ ပိတ်ဆို့မှုတွေ ဖြစ်ကာ ရှေ့မတိုးနိုင်တာ ဖြစ်နိုင်တယ်လို့ ယူကေ အစိုးရ ပိုင်းက ပြောပါတယ်။ အစားအစာနဲ့ လောင်စာဆီ ပြတ်တောက်တာဖြစ်နိုင်သလို၊ ယာဉ်တွေရဲ့ တာယာတွေက အရည်အသွေး ညံ့ဖျင်း တယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်လာခဲ့ပါတယ်။

ဗြိတိန်ပူးတွဲတပ်ဖွဲ့ရဲ့ အရင်တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး ဆာ ရစ်ချတ် ဘာရွန်စ်က "လောင်စာဆီ၊ အစားအစာ၊ ယာဉ်အပိုပစ္စည်း လိုအပ်မှု၊ တာယာ စတာတွေ ထောက်ကူပေးမှုဆိုင်ရာမှာ အကြီးအကျယ်လိုအပ်တာမျိုး၊ တခါ ယာဉ်တွေ ဗွက်နစ်နေတဲ့အခါမျိုးတွေမှာ ယာဉ်တွေကို မောင်းနှင်ထွက်ဖို့ ခက်ပါတယ်"လို့ ဘီဘီစီကို ပြောပါတယ်။

အမိန့်ပေးလမ်းကြောင်းနဲ့ ထိန်းချုပ်ရေးလမ်းကြောင်းတွေမျိုး ဥပမာ - ရေဒီယိုစကားပြောစက် ဆက်သွယ်မှုတွေ၊ ဆက်သွယ်ရေး ကွန်ရက်တွေပြတ်တောက်သွားရင် ပြဿနာက ပိုကြီးတယ်လို့လည်း သူက ထပ်ဖြည့် ပြောပါတယ်။

ပင်တဂွန်ကလည်း ရုရှားဟာ ထောက်ပံ့ရေးဆိုင်ရာ အခက်အခဲရှိနေပြီး သူ့တပ်တွေကို ပြန်စုဖွဲ့ဖို့အတွက် လုပ်နေရသလို၊ "ဘာလို့ရှေ့ မတိုးနိုင်တာလဲ ဆိုတာကို" ပြန်သုံးသပ် ဆန်းစစ် နေရတယ်လို့ ဆိုပါတယ်။

ယူကရိန်းတွေရဲ့ ခုခံမှုကြောင့်လည်း ဒီစစ်ယာဉ်တန်း ရှေ့မတိုးနိုင်ဘဲ အခက်အခဲဖြစ်နေတယ်လို့ ပင်တဂွန်က ဆိုပါတယ်။ တစ်ဖက်မှာ လည်း ဒီလို ခုခံလို့ ရပ်တန့်နေတယ်ဆိုတာကို သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူးလို့လည်း သူတို့ကပြောပါတယ်။

စစ်ယာဉ်တန်း ရပ်တန့်နေတဲ့ အကြောင်းရင်းတခုကလည်း ယူကရိန်းတွေ ခုခံမှုက အရင်မှန်းဆထားတာထက် များစွာခိုင်မာနေတဲ့ အတွက် ရုရှား တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်တွေကျဆင်းနေတာမို့ ရှေ့ဆက်မတိုးနိုင်တာ လို့လည်း ဆိုကြပါတယ်။

ယူကရိန်းရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီက အတွင်းရေးမှူးဟောင်း အိုလက်ဆန်ဒရာ ဒန်နီလစ်ခ်က "စစ်ယာဉ်တွေ ပေါ်မှာ ထိုင်နေတဲ့ လူတွေရဲ့ စိတ်ဓာတ်က ခြုံကြည့်ရင် နေ့တိုင်း ကျဆင်းနေတာ" ဖြစ်ပြီး သူတို့မြို့တော်ကို ကာကွယ်လိုတဲ့ ယူကရိန်း စစ်တပ်ရဲ့ စိတ်ဓာတ်က ခိုင်ခိုင်မာမာရှိနေတာလို့ နှိုင်းယှဉ်ပြီး ဘီဘီစီကို ပြောပြပါတယ်။

ရုရှားစစ်တပ်မှာ အတင်းအကြပ်ကောက်ယူ တပ်ထဲသွင်းထားတဲ့ စစ်သားအရေအတွက် အများအပြားရှိနေပြီး စိတ်ဓာတ်ပိုင်း ပြဿနာရှိတဲ့ လက္ခဏာတွေကို တွေ့နေရတယ်လို့ အမေရိကန် စစ်ဘက်အရာရှိတယောက်က ဘီဘီစီကို အင်္ဂါနေ့ ပြောခဲ့ပါတယ်။

"သူတို့ကို တိုက်ပွဲဝင်ဖို့ စစ်မြေပြင်ကို လွှတ်တာဆိုတာကို သူတို့ထဲက လူတိုင်းအားလုံးက သိထားကြတာမဟုတ်ဘူး"လို့ အဲဒီ အရာရှိကပြောပါတယ်။

စစ်ယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းနိုင်မလား

ယူကရိန်းမှာ စစ်တိုက်လေယာဉ်တွေ တချို့ရှိသလို၊ စွမ်းအားပြင်းတဲ့ တူရကီထုတ် ဒရုမ်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ဘာရွန်စ်ရဲ့ အဆိုအရ ကိယက်ဗ်မှာရှိတဲ့ စစ်အင်အားက ဒီစစ်ကြောင်းကြီးလောက် ကြီးမားတဲ့ အင်အားကို ဖျက်ဆီးဖို့ မလုံလောက်ဘူး လို့ ဆိုပါတယ်။

"သူတို့က စစ်ယာဉ်တန်းကို ရှေ့ကနေ၊ ဘေးနံတွေကနေ တိုက်ခိုက်နိုင်ပါတယ်" ဒါပေမဲ့ လေကြောင်းကနေ တိုက်ခိုက်နိုင်ဖို့ကတော့ စစ်ယာဉ်တန်းက တချို့နေရာတွေကိုသာ တိုက်ခိုက်နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ရုရှားအနေနဲ့ စစ်ယာဉ်တန်းရဲ့ ဘေးကနေ လေကြောင်းကာကွယ်ရေးချပြီး ယူကရိန်းဘက်ကို ပြန်တိုက်ခိုက်နိုင်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ဘာရွန်စ် ကပြောပါတယ်။ ဒါ့ကြောင့် အရင်ကတည်းက အားနည်းနေတဲ့ ယူကရိန်းလေတပ်က ဒီစစ်ယာဉ်တန်းကို တိုက်ခိုက်ရင် ထိခိုက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။

နေတိုးအဖွဲ့က ဒီစစ်ယာဉ်တန်းကို ဝင်တိုက်နိုင်တယ်ဆိုပြီး တချို့က မှန်းဆပြောဆိုတာတွေ ရှိပေမယ့် အဲဒီလိုသာ လုပ်ရင် နျူကလီယား စစ်ပွဲအထိ ပြင်းထန်သွားမှာကို စိုးရိမ်ကြကာ နေတိုး ဝင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ချသူတွေက ပိုများပါတယ်။

စစ်ယာဉ်တန်းက နောက်တဆင့် ဘာလုပ်လာနိုင်လဲ

အခုသတင်းကြားရသလို စစ်ယာဉ်တန်းကြီးအနေနဲ့ ရှေ့ဆက်တိုးလာဖို့ အခက်အခဲတွေရှိပေမယ့်လည်း တချိန်မှာ ရှေ့ကိုတိုးလာဖို့ ဖြစ်လာနိုင်ပါတယ်။

"ဒီလောက်ကြီးမားတဲ့ စစ်ကြောင်းကြီးက မြို့တော်ကို ဝိုင်းပတ်ထားပြီး အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်ထားပါလိမ့်မယ်" လို့ ဗြိတိန်စစ်တပ် အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး လော့ဒ် ဒန်းနက်က ဘီဘီစီကို ပြောပါတယ်၊ ဒါ့အပြင် ကိယက်ဗ်ထဲ ဝင်အပြီးမှာ တလမ်းဝင် တလမ်းထွက် မြို့ကိုသိမ်းဖို့ ရုရှားတပ်တွေ ကြိုးစားတဲ့အခါ အဆုံးအရှုံး အကြီးအမားဖြစ်မယ်လို့လည်း သူက ထပ်ဖြည့်ပြော ပါတယ်။

အခုစစ်ယာဉ်တန်းမှာ ကိယက်ဗ်ကို အကြီးအကျယ်ထိခိုက်နိုင်တဲ့ စွမ်းဆောင်နိုင်မှုတွေ အများအပြားပါနေတယ်လို့ ဗိုလ်ချုပ်ကြီး ဘာရွန်စ်က ဆိုပါတယ်။

ဒီစစ်ကြောင်းဟာ ကိယက်ဗ်ကို ဝိုင်းမယ့် အမြောက်တပ်နဲ့ ခြေလျင်တပ် ပူးတွဲအင်အားရဲ့ တစိတ်တပိုင်းလည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေမှာ ရုရှားက ရွေးစရာ ၂ ခုရှိတယ်လို့ သူက ပြောပါတယ်။ လက်နက်ချဖို့ ရာဇသံပေးတာဖြစ်စေ၊ မြို့တော်ဟာ ခါကိဗ်တုန်းကလိုပဲ လက်နက်ချမှာ မဟုတ်ဘူးလို့ မှတ်ယူပြီး ဝင်တိုက်တာဖြစ်စေ လုပ်နိုင်တာပါ။

အခုတော့ ကိယက်ဗ်က ပြည်သူတွေအနေနဲ့ ဒီစစ်ယာဉ်တန်း ရှေ့မှာ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရုံသာ တတ်နိုင်ပါတယ်။