ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း - ရုရှားက ဝင်တိုက်နိုင်မယ့် လမ်းကြောင်းတွေ
- ရေးသားသူ, ဒေးဗစ်ဘရောင်း
- ရာထူးတာဝန်, BBC News
ရုရှားက သူတို့ ယူကရိန်းကို တိုက်မယ့်အစီအစဉ်မရှိပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ ရုရှားရဲ့ တိုက်ခိုက်မှု အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်ထဲမှာပဲ ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရုရှားအနေနဲ့ ပြင်ဆင်မှုတွေအပြည့်အစုံလုပ်ထားပြီး အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ဘယ်လမ်းကြောင်းက ဝင်မလဲဆိုတာကိုလည်း အားလုံး သိနိုင်မြင်နိုင်ပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
ယူကရိန်းနဲ့ နယ်စပ်မှာ တပ်အင်အား ၁၉၀,၀၀၀ လောက်ချထားပြီဖြစ်တဲ့အတွက် ရုရှားဘက်က ဝင်တိုက်မယ်လို့ ဆုံးဖြတ်လိုက်ရင် သူတို့ လုပ်နိုင်စရာ နည်းလမ်းတွေ အတော်များများရှိနေတယ်လို့ စစ်ရေး သုံးသပ်သူတွေကြားမှာ သဘောတူထားပါတယ်။
ဘယ်လာရုစ် လမ်းကြောင်း
တကယ်လို့သာ ရုရှားက ယူကရိန်းကို ဝင်တိုက်ပြီး အစိုးရကို ဖြုတ်ချပြောင်းလဲဖို့အထိ ကြိုးစားမယ်ဆိုရင် မြောက်ဘက်ကဝင်တိုက်နိုင်ဖို့ အလားအလာက အများဆုံးပဲလို့ အမေရိကန်အခြေစိုက် စီအန်အေသုတေသနအဖွဲ့က မိုက်ကယ်ကော့ဖ်မင်းက ပြောပါတယ်။
ရုရှားဟာ မကြာသေးခင်က ဘယ်လာရုစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး အဲဒီအတွက် ဘယ်လာရုစ်မှာ တပ်ဖွဲ့ဝင် သုံးသောင်းပို့ထားပါတယ်။ သူတို့နဲ့အတူ Iskander တာတိုပစ်ဒုံးကျည်တွေ၊ ဒုံးပစ်လောင်ချာတွေနဲ့ Su-25 မြေပြင်တိုက်ခိုက်ရေးလေယာဉ်တွေ၊ Su-35 တိုက်လေယာဉ်တွေလည်း ရှိနေပါတယ်။
တနင်္ဂနွေနေ့မှာပဲ ဘောရစ်ဂျွန်ဆင်က ရုရှားဟာ ဘယ်လာရုစ်ကနေ ဝင်တိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ရထားတယ်လို့ ပြောပါတယ်။
အဲဒီလို ဝင်တိုက်မယ်ဆိုရင် ရုရှားတပ်တွေဟာ "မြောက်ဘက်က ဘယ်လာရုစ်က ဝင်လာပြီး ယူကရိန်းမြို့တော် ကီးယက်ဗ်ကို ဝိုင်းရံထားမယ့် အနေအထားတွေ့ရတယ်" လို့ သူကဆိုပါတယ်။
၁၉၄၅ ကနေ စကြည့်ရင် ဥရောပမှာ အကြီးဆုံးစစ်ပွဲကြီးတစ်ခုကို ရုရှားက ပြင်နေတဲ့ အထောက်အထားမျိုးတွေ တွေ့ရတယ်လို့ မစ္စတာဂျွန်ဆင်က ပြောပါတယ်။
အရှေ့ဘက်ကို ကြည့်မယ်ဆိုရင် နယ်စပ် ရုရှားဘက်ခြမ်းမှာ ရုရှားရဲ့ "အမှတ် ၄၁ တပ်မကြီးတစ်ခုလုံးက အသင့်အနေအထားနဲ့စောင့်နေတာ တွေ့ရလိမ့်မယ်" လို့ မစ္စတာကော့ဖ်မင်းက ပြောပါတယ်။ဘယ်လာရုစ်ဘက်က ကီးယက်ဗ်ဆီ ချီတက်ဝင်ရောက်မယ်ဆိုရင် ချာနိုဘိုင်းနျူကလီးယားစက်ရုံတဝိုက် မဖြတ်သန်းရ သတ်မှတ်ထားတဲ့ နယ်မြေကိုလည်း ရှောင်နိုင်မှာ ဖြစ်ပါတယ်။
ရုရှားဘက်ကဆိုရင်တော့ Novye Yurkovichi နဲ့ Troebortno နယ်စပ်မြို့နှစ်ခုကနေ ဝင်နိုင်တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS က ဆက်သ်ဂျုံးစ်က ယူဆပါတယ်။
ကရိုင်းမီးယားကျွန်းဆွယ်ဘက်က လမ်းကြောင်း
ရုရှား တကယ်ဝင်တိုက်ပြီဆိုရင် ကရိုင်းမီးယားဘက်ကလည်း ဝင်လာဖို့ဆိုတာ "သေချာသလောက်ပဲ" လို့ မဟာဗျူဟာလေ့လာရေး နိုင်ငံတကာအင်စတီကျု IISS က ဘင်ဘယ်ရီက တွက်ပါတယ်။မြေပြင်စစ်ပွဲဖြစ်ရင် "တင့်ကားတွေက အင်အားအပြည့်နဲ့ စစ်ကြောင်းချီဝင်လာပြီး လက်နက်ကြီးပစ်ကူတွေနဲ့ ယူကရိန်းနယ်မြေအတွင်းပိုင်းထိရောက်အေင် အမြန်ဝင်ရောက် လာလိမ့်မယ်" လို့ မစ္စတာဘယ်ရီက ဆိုပါတယ်။
ကရိုင်းမီးယားဘက်ကနေ မြို့တော် ကီးယက်ဗ်ဆီ ရုရှားတပ်တွေ ချီတက်လာရင်တော့ ယူကရိန်းရဲ့ တပ်အများစုဟာ Dnieper မြစ် အရှေ့ခြမ်းမှာ ပိတ်မိပြီး ကျန်နေခဲ့လိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။
အဲဒီလိုဖြစ်ရင် ရုရှားတပ်တွေက အနောက်ဘက်၊ အရှေ့ဘက်နဲ့ မြောက်ဘက်မှာ ရောက်နေပြီး ကရိုင်းမီးယားမှာလည်း ရှိနေလို့ ယူကရိန်းတပ်တွေကို အရပ်မျက်နှာ အားလုံးက ဝိုင်းရံပိတ်ဆို့ထားလိုက်သလို ဖြစ်သွားမှာပါ။
ရုရှားတပ်တွေဟာ သူတို့အခုတပ်စွဲထားရာနေရာတွေက ဝင်လာပြီးရင် အနောက်ဘက်ခြမ်းက Kherson နဲ့ Odesa၊ အရှေ့ဘက်က Melitopol နဲ့ Mariupol တို့ကို သိမ်းဖို့ ကြိုးစားနိုင်ပါတယ်။ အဲဒီနေရာတွေကို သူတို့ ရသွားရင် ရုရှားက သိမ်းထားတဲ့ ကရိုင်းမီးယားနဲ့ ယူကရိန်းအရှေ့ခြမ်းက ရုရှားကထောက်ပံ့ပေးထားတဲ့ ခွဲထွက်ရေးသူပုန်တွေ သိမ်းထားတဲ့ ဒေသတွေ ကုန်းလမ်းက ချိတ်ဆက်မိသွား လမ်းကြောင်းပွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ထပ် ဝင်တိုက်နိုင်ရာ လမ်းကြောင်းတစ်ခုကတော့ ပင်လယ်နက်ထဲမှာ လက်ရှိတပ်စွဲထားတဲ့ ရေတပ်ရဲ့ တိုက်ခိုက်မှုပါ။ အဲဒီ ရုရှားရေတပ်အုပ်စုမှာ ပါတဲ့ ကမ်းတက်ရေယာဉ်တွေက တပ်ဖွဲ့ဝင်တွေ၊ သံချပ်ကာကားတွေနဲ့ မြေပြင်တိုက်ပွဲအတွက် ပင်မတင့်ကားကြီးတွေကို ပို့ဆောင် နေရာချပေးနိုင်ပါတယ်။
အရှေ့ဘက်ခြမ်းက တိုက်ခိုက်မှု
ရုရှားကထောက်ပံ့ပေးထားတဲ့ သူပုန်တွေက ယူကရိန်းအရှေ့ခြမ်းက အရေးပါတဲ့ လူဟန့်စ်နဲ့ ဒွန်းညက်စ်ဒေသနှစ်ခုကို ၂၀၁၄ မှာ သိမ်းပိုက်ခဲ့ပါတယ်။အဲဒီဒေသနှစ်ခုမှာ ခွဲထွက်ရေး သူပုန်တပ်ဖွဲ့ဝင် တစ်သောင်းခွဲလောက်ရှိနေပြီး ရုရှားက အဲဒီဘက်ခြမ်းက ဝင်လာရင် သူတို့က ကူပေးနိုင်ပါတယ်။ ယူကရိန်းအစိုးရကတော့ သူပုန်အင်အားဟာ အဲဒီထက်များတယ်လို့ ဆိုပါတယ်။ ယူကရိန်းရဲ့ အရှေ့ဘက်ခြမ်းနယ်စပ် ရုရှားပိုင်နက် ရော့စတော့ဗ်ဒေသမှာ အမြဲတမ်းတပ်ဖွဲ့ဝင်တစ်သောင်း ရုရှားက ချထားပါတယ်။ သိပ်မကြာခင်ကတော့ အဲဒီနေရာတွေမှာ နောက်ထပ် အင်အားတွေ တိုးပြီးဖြည့်ထားပါတယ်။
ရုရှားတပ်တွေ အရှေ့ဘက်ခြမ်းက ဝင်လာရင် သူတို့ဟာ ကရိုင်းမီးယားကျွန်းဆွယ်အထိ ချီတက်ကြမယ်လို့ ယူဆရပါတယ်။ အဲဒီနေရာအထိရောက်သွားခဲ့ရင် ယူကရိန်းရဲ့ အရှေ့ခြမ်းနဲ့ တောင်ဘက်ခြမ်းကမ်းရိုးတန်းကို ဆက်ထားတဲ့ ကုန်းလမ်းကြောင်း တစ်ခု ရုရှားက ရသွားမှာ ဖြစ်ပါတယ်။တခါ ရုရှားက နယ်စပ် ဘယ်လဂိုရော့ဒ်ကနေ ယူကရိန်းမြို့တော် ကီးယက်ဗ်တောင်ဘက်နားက ကရင်မင်ချုပ်ဆီ ချီတက်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ရှိနေပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ရုရှားစကားပြောတဲ့ ဒေသခံတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အကြောင်းပြချက်သုံးပြီး ရုရှားက အရှေ့ဘက်ခြမ်းကနေ ဝင်တိုက်နိုင်ပါတယ်။ အဲဒီလို ဝင်တိုက်တာတွေဖြစ်လာရင် အချိန်တိုအတွင်း နေရာအကန့်အသတ်ကို တိုက်တာပဲ ဖြစ်ဖြစ် ရုရှားတပ်တွေက ယူကရိန်းနဲ့ တခြားဒေသတွေမှာ ရှိတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အရေးပါတဲ့ စစ်ဆင်ရေးကွပ်ကဲမှုနေရာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာမျိုး တွေ့ရနိုင်တယ်လို့ မစ္စတာဘယ်ရီက သုံးသပ်ပါတယ်။ ရုရှားက တိုက်မယ်ဆိုရင်တော့ လမ်းကြောင်းမျိုးစုံကနေ တပြိုင်တည်းဝင်တာမျိုးတွေ့ရနိုင်ပြီး တချိန်တည်းမှာ ဆိုင်ဘာတိုက်ခိုက်မှု၊ သတင်းမှားဖြန့်မှုနဲ့ ဒုံးပျံနဲ့ အဝေးက တိုက်ခိုက်မှုတွေပါ တွေ့ရနိုင်တယ်လို့ အကဲခတ်အများစုက ယုံကြည်ထားပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံထဲကိုဝင်တိုက်ပြီး နယ်မြေသိမ်းတာမျိုးအထိ မလုပ်ဘဲ အစိုးရကန္တရားနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် ဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် ဒီနည်းကတော့ ကြီးကြီးမားမား ထိခိုက်မှုတွေဖြစ်အောင်လုပ်နိုင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့တိုက်မယ်၊ ဘယ်နေရာတွေက ဘယ်ကိုတိုက်မယ်ဆိုတာတွေအားလုံးကတော့ ရုရှားအစိုးရက သူ့ရည်မှန်းချက်ကဘာလဲ၊ ဘာရချင်တာလဲ ဆိုတဲ့အပေါ်မှာပဲ တည်မယ်၊ အဲဒီအတိုင်းပဲ သူတို့ရွေးချယ်လုပ်ဆောင်တာမျိုး တွေ့ရလိမ့်မယ်လို့ မစ္စတာကောဖ့်မန်းက ဆိုပါတယ်။
အခုအထိတော့ ရုရှားရဲ့ အဲဒီရည်မှန်းချက်က ဘာဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရသေးပါဘူး။
ဂရပ်ဖစ်မြေပုံများကို Prina Shah နှင့် Zoe Bartholomew တို့က ပြုလုပ်ထားပါသည်။