နီပေါနယ်စပ်မှာ တရုတ်က နယ်ချဲ့ကျူးကျော်နေတယ်လို့ အစီရင်ခံစာကဆို

နီပေါ၊ တရုတ်၊ နယ်ချဲ့၊ အိန္ဒိယ၊ တိဘက်

ဓာတ်ပုံ ရင်းမြစ်, Namkha Rural Municipality

ဓာတ်ပုံ ပုံစာ, နီပေါနိုင်ငံ ဟမ်မလာခရိုင်က နယ်စပ်မှာ ဆီးနှင်းတွေ ဖုံးနေတဲ့ ကေလက်ရှ်တောင်နဲ့ တရုတ်အဆောက်အဦးတွေကို လှမ်းတွေ့ရ
    • ရေးသားသူ, မိုက်ကယ် ဘရစ်စတို
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန

ဘီဘီစီထံ ပေါက်ကြားလာတဲ့ နီပေါအစိုးရ အစီရင်ခံစာအရ နီပေါပိုင်နက် နယ်မြေထဲ တရုတ်က နယ်ချဲ့ ကျူးကျော်နေတယ်လို့ ဖော်ပြထားပါတယ်။

နီပေါနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ဒေသတလျှောက်မှာ တရုတ်က နီပေါနိုင်ငံထဲ နယ်ချဲ့ ကျူးကျော်လာနေတယ် ဆိုတဲ့ နီပေါအစိုးရရဲ့ အစီရင်ခံစာတစောင် ဘီဘီစီထံ ပေါက်ကြား ပေါ်ထွက်လာပါတယ်။

ဒါဟာ နီပေါနိုင်ငံ ပိုင်နက်ထဲကို တရုတ်ဘက်က နယ်ချဲ့ကျူးကျော်လာတယ်လို့ နီပေါအစိုးရထံက ပထမဆုံးအကြိမ် တရားဝင် စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

နီပေါနိုင်ငံ အနောက်ဖျားစွန်းက ဟမ်မလာခရိုင်မှာ တရုတ်တို့ဘက်ကနေ နယ်ချဲ့ ကျူးကျော်လာနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာအပြီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဲဒီအစီရင်ခံစာကို လေ့လာပြုစုခိုင်းခဲ့တာပါ။

ခတ္တမန္ဒူမြို့မှာရှိတဲ့ တရုတ်သံရုံးကတော့ သူတို့ဘက်က နယ်ချဲ့ ကျူးကျော်တာမျိုး လုံးဝ မရှိဘူးဆိုပြီး ငြင်းဆိုနေပါတယ်။

ဘီဘီစီရဲ့ မေးမြန်းထားချက်တွေကို နီပေါအစိုးရက ပြန်လည် တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

ဒီအစီရင်ခံစာကို ဘာ့ကြောင့် မထုတ်ပြန်သေးတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ နီပေါအစိုးရဟာ တောင်ဘက်ပိုင်းက အိမ်နီးချင်း အင်အားကြီး အိန္ဒိယနိုင်ငံနဲ့ ထားရှိတဲ့ ကာလတာရှည် ဆက်ဆံရေးမျိုး တရုတ်နိုင်ငံနဲ့လည်း အလားတူ ထားနိုင်ဖို့ လတ်တလောမှာ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာက တွေ့ရှိချက်တွေကြောင့် တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာနေမှုအပေါ် ဖိအားတွေနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။

နီပေါနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ဒေသဟာ ဟိမဝန္တာတောင်တန်းတလျှောက် ကီလိုမီတာ ၁၄၀၀ နီးပါး တည်ရှိပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်ဦးပိုင်းတွေမှာ နှစ်နိုင်ငံအကြား သဘောတူချက်တွေ တသီတသန်းကြီး လက်မှတ်ထိုးပြီး နယ်‌စပ်မျဥ်းတွေကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

နီပေါ၊ တရုတ်၊ နယ်ချဲ့၊ အိန္ဒိယ၊ တိဘက်
ဓာတ်ပုံ ပုံစာ, နီပေါနဲ့ တရုတ် နယ်စပ် မြေပုံ

နယ်စပ်ဒေသက နေရာအတော်များများဟာ ဝေးလံခေါင်သီပြီး လူသူအရောက်နည်းတဲ့ နေရာတွေ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား နယ်စပ်မျဥ်းကို ကီလိုမီတာအကွာစီ တိုင်တွေ စိုက်ထူပြီး သတ်မှတ်ထားတာပါ။

ဒါ့ကြောင့် တခါတလေမှာ နယ်စပ်မျဥ်းက ဘယ်နေရာမှာ ရှိသလဲဆိုတာကို သိဖို့ ခက်လှပါတယ်။

တရုတ်တို့ဘက်က နယ်ချဲ့ကောင်း နယ်ချဲ့နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ နီပေါအစိုးရက ဟမ်မလာခရိုင်ကို အထူးတပ်ဖွဲ့တဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နီပေါနိုင်ငံဘက်အခြမ်းမှာ တရုတ်တို့က အဆောက်အဦးတွေ တသီတသန်းကြီး ဆောက်ထားတယ်လို့ တချို့က ပြောပါတယ်။ အဲဒီနီပေါ အထူးတပ်ဖွဲ့ထဲမှာ ရဲနဲ့ အစိုးရအဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

ဘီဘီစီက လက်ခံရခဲ့တဲ့ အစီရင်ခံစာထဲမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ မျက်ခြေမပြတ် စောင့်ကြည့်နေမှုတွေကြောင့် နီပေါဘက်အခြမ်း နယ်စပ်က လာလွန်ဂျုန်းလို့ ခေါ်တဲ့ နေရာတစ်ခုမှာ ဘာသာရေး ဆောင်ရွက်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရတော့ဘူး ဆိုတာကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဒေသဟာ တရုတ်နဲ့ ကပ်ရက်နယ်စပ်မှာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ကေလက်ရှ်တောင် ရှိတဲ့အတွက် ဘုရားဖူးတွေ လာရောက်လေ့ရှိတဲ့ နေရာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမှာ နီပေါလယ်သမားတွေ နွားကျောင်းထွက်တာမျိုးကိုလည်း တရုတ်ဘက်က ကန့်သတ်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီနေရာမှာပဲ နယ်စပ်တိုင်တစ်ခုနားမှာ တရုတ်တို့က ခြံစည်းရုံးခတ်ထားတာ တွေ့ရပြီး နီပေါနိုင်ငံဘက်ခြမ်းမှာ တူးမြောင်းတခုနဲ့ လမ်းမတခုကို ဆောက်ဖို့ ကြိုးစားနေတာ တွေ့ခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ နီပေါနိုင်ငံဘက်ခြမ်းထဲမှာ ဆောက်ထားတယ်လို့ မူလက ယူဆခဲ့တဲ့ တရုတ်အဆောက်အဦးတွေကတော့ တကယ်တမ်းမှာ တရုတ်နိုင်ငံဘက်ခြမ်းမှာ ‌ဆောက်ထားတာ ဆိုတာကို နီပေါအထူးတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နီပေါ၊ တရုတ်၊ နယ်ချဲ့၊ အိန္ဒိယ၊ တိဘက်

ဓာတ်ပုံ ရင်းမြစ်, Bishnu Bahadur Tamang

ဓာတ်ပုံ ပုံစာ, ဟမ်မလာခရိုင်ကို နီပေါစစ်သားတွေ ပထမတခေါက် သွားခဲ့စဥ်က

အဲဒီက ‌ဒေသခံ နီပေါလူမျိုးတွေထဲက တချို့ဟာ နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံဘက်ခြမ်းက စျေးတွေမှာ ကုန်သွယ်ရောင်းဝယ်ခွင့်ရရေးကို အားကိုးနေရတာမို့ နယ်စပ်ပြဿနာအရေးအ‌ကြောင်း ထုတ်ပြောဖို့ သိပ်စိတ်မပါကြဘူးဆိုတာကို တွေ့ရပါတယ်။

အဲဒီမှာ လုံခြုံမှု ရှိစေဖို့ နီပေါလုံခြုံရေး တပ်ဖွဲ့တွေ ချထားဖို့ကို အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။ ဒါ့အပြင် နီပေါနဲ့ တရုတ်အစိုးရတို့အနေနဲ့ ဒီလို နယ်စပ်ပြဿနာမျိုးတွေ ဖြစ်လာရင် ဖြေရှင်းနိုင်ဖို့ ဖွဲ့စည်းထားတဲ့ ယန္တရားအဖွဲ့တဖွဲ့ကို ပြန်အသက်သွင်းဖို့ကိုလည်း အကြံပြုထားပါတယ်။

နီပေါနိုင်ငံရဲ့ စစ်တမ်းဌာနအကြီးအကဲဟောင်းလည်းဖြစ် အထင်ကရ မြေပုံရေးဆွဲသူလည်း ဖြစ်တဲ့ ဘူဒီနာရာယန်က နီပေါနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ပိုကောင်းကောင်းကာကွယ်နိုင်အောင် နယ်စပ်ဒေသနားမှာ နေထိုင်သူတွေကို သေသေချာချာ ရှင်းပြထားထို့ လိုတယ်လို့ ဆိုပါတယ်။

တရုတ်တို့ဘက်က နယ်ချဲ့ကျူးကျော်တာမျိုး မရှိပါဘူးလို့ ငြင်းဆိုနေတဲ့အတွက် နီပေါနဲ့ နယ်စပ်တလျှောက်မှာ ဒီလို ထိန်းချုပ်မှုတွေ လုပ်တာက ဘာ့ကြောင့်လဲ ဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ ဒါပေမဲ့ လုံခြုံရေးကတော့ အကြောင်းရင်းတခု ဖြစ်နိုင်ပါတယ်။

ဟိုးအစဥ်အလာကတည်းကိုက ဘုရားဖူးတွေနဲ့ အရောင်းအဝယ်သမားတွေ အပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်သူ တချို့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလို တရားမဝင် နယ်စပ် ဖြတ်ကျော်မှုတွေကို တရုတ်က တဖြည်းဖြည်းချင်း ကန့်သတ်လာခဲ့ပါတယ်။

ခတ္တမန္ဒူမြို့က နိုင်ငံရေး၊ စီးပွားရေး အကြံပေးအဖွဲ့မှာ အခုအခါ ပါဝင်ဆောင်ရွက်နေသူ နီပေါ သံတမန်ဟောင်း ဗီဂျေ ကန့် ကာနာ က တရုတ်အစိုးရဟာ သူ့နဲ့ နယ်စပ်ပြဿနာ ဖြစ်နေတဲ့ ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံကြောင့် စိတ်ပူနေပုံရတယ်လို့ ဆိုပါတယ်။

"ပြင်ပတပ်ဖွဲ့တွေကနေ နယ်စပ်‌ဒေသထဲ စိမ့်ဝင်လာမှာကို တရုတ်က စိုးရိမ်နေပုံရပါတယ်၊ ဒါ့ကြောင့် နယ်စပ်တလျှောက်မှာ ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ချင်နေတာ ဖြစ်ပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေနဲ့ ကပ်ရက် တဘက်ခြမ်း နယ်စပ်ဒေသတွေက လှုပ်ရှားမှုတွေကိုလည်း တရုတ်က စိုးရိမ်နေပုံ ရပါတယ်။

တရုတ်နဲ့ ကပ်ရက် နောက်နယ်စပ်ခြမ်းက တိဘက်နိုင်ငံနဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ အတော်များများက အဲဒီနယ်စပ်ဒေသတွေကနေ ထွက်ပြေးနေကြတာပါ။ တိဘက်ဒုက္ခသည် ၂ သောင်းလောက် နီပေါနိုင်ငံမှာ ခိုလှုံနေကြပြီး တချို့ကတော့ အဲဒီကနေတဆင့် အိန္ဒိယနဲ့ တခြားနိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

လတ်တလောနှစ်ပိုင်းတွေအတွင်းမှာ တရုတ်အစိုးရက ဒီလမ်းကြောင်းကို ဖြတ်တောက်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။

နီပေါနိုင်ငံထဲ တရုတ်က နယ်ချဲ့ကျူးကျော်နေတယ် ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ထွက်ပေါ်လာခဲ့ပြီး ခတ္တမန္ဒူမြို့တော်မှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတုန်းကတောင် ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒီကန့်ကွက်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ နီပေါနိုင်ငံမှာ ရှိတဲ့ တရုတ်သံရုံးက ဇန်နဝါရီလက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး "နယ်စပ်ဒေသ အငြင်းပွားမှု လုံးဝ မရှိပါကြောင်းနဲ့ သတင်းအမှားတွေကို နီပေါပြည်သူတွေ နားမ‌ယောင်ကြဖို့ မျှော်လင့်ပါကြောင်း " ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း နီပေါအစိုးရ မထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ တရုတ်သံရုံးက ဘီဘီစီကို ပြန်လည် တုန့်ပြန်ပြောကြားတာမျိုး မရှိပါဘူး။

နီပေါအစိုးရဟာ နယ်စပ်ပြဿနာကို တရုတ်အစိုးရနဲ့ ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က ဘာပြန်ပြောသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။