ယူကရိန်း အကျပ်အတည်းကနေ တရုတ်လိုချင်တာက ဘာလဲ

တက်စ်ဆါ ဝေါင်း

ဘီဘီစီ သတင်းဌာန

ယူကရိန်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့အကြား စကားလုံးတွေနဲ့ စစ်ထိုးသလို တစ်ဖက်နဲ့တစ်ဖက်ပြောလာတာက ပိုပိုကျယ်လောင်လာတာနဲ့အတူ နိုင်ငံတကာ စင်မြင့်မှာ အဓိကနောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ တရုတ်ကလည်း ထွက်ပြောလာပါပြီ။

နှစ်ဖက်စလုံးက အေးငြိမ်းကြဖို့နဲ့ စစ်အေးတုန်းက စိတ်သဘောထားမျိုးတွေ အဆုံးသတ် ကြဖို့ ဘေဂျင်းက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပန်ကြားခဲ့တာနဲ့အတူ မော်စကိုက စိုးရိမ်မှုတွေ အပေါ် သူတို့အလေးထားထောက်ခံတယ်ဆိုတာကိုလည်း ပြသနေပါတယ်။

ကာလရှည်ကြာစွာကတည်းက အတူတွဲခဲ့တဲ့ မဟာမိတ်လည်းဖြစ်၊ ကွန်မြူနစ်ရဲဘော်ရဲဘက် ဟောင်းလည်းဖြစ်တဲ့ ရုရှားဘက်မှာ တရုတ်ကရပ်မယ်ဆိုတာကတော့ မြင်သာလှပါတယ်။ ဒါပေမဲ့ သူတို့သမိုင်းမှာတုန်းက နီးခဲ့ကြတာမျိုးထက် အခုကဘယ်လိုနီးကပ်နေလဲ၊ ဘာကြောင့် ပိုနီးကပ်သွားတာပါလဲ။

"တရုတ်နဲ့ရုရှားက ကမ္ဘာကို ကာကွယ်ပေးနေတာ"

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ "ကြောင်းကျိုးညီညွတ်ပြီး လက်ခံဖွယ်ရာ ဖြစ်တယ်"လို့ ဆိုပြီး သူတို့အနေနဲ့ ဒီအရေးအပေါ် "အထူးအလေးထားပြီး ဖြေရှင်း ဆောင်ရွက်သွားမယ်"လို့ ပြောပါတယ်။

ရုရှားဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာလို့ ပြောနေတဲ့ အမေရိကန်တို့ရဲ့ အဆိုကို ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းဂျုံက သူတို့နိုင်ငံအနေနဲ့ သဘောမတူ ဘူးလို့ တနင်္လာနေ့တုန်းက ဘွင်းဘွင်းပဲပြောခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်စေခဲ့တဲ့ အမေရိကန်ကိုလည်း သူက ဝေဖန်ခဲ့ကာ ဒါက "အသံတွေ ကျယ်ကျယ်လောင်လောင် လူကြားအောင်လုပ်လိုက်တဲ့ သံတမန်ရေး"လို့ ပုံနှိုင်းကာ ဒါမျိုးက ညှိနှိုင်းရေးအတွက် "အားပေးရာမရောက်ဘူး"လို့ ပြောသွားပါတယ်။

ဒီအကျပ်အတည်းဟာ သတိထားရမှာဖြစ်တယ်၊ သိမ်မွေ့နက်နဲတယ်လို့ဆိုရင်း ယူကရိန်းကို ရုရှားက စစ်အင်အားတွေသုံးမယ့်အပေါ်မှာလည်း ထောက်ခံမှာမဟုတ်ဘူးလို့ သူက သံတမန် စကားလုံးသုံးရင်း ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံပိုင် မီဒီယာတချို့မှာတော့ ဒီအကျပ်အတည်းကိုတင်ပြရာမှာ အလိမ္မာ သိပ်မသုံးဘဲ ခပ်ပြတ်ပြတ်သာရေးကြပါတယ်။ တရုတ်ပြည်သူတွေထဲ အနောက် ဆန့်ကျင်ရေး စိတ်ဓာတ် ကြီးထွားလာနေတဲ့ ဒီကာလမှာ ယူကရိန်း အကျပ်အတည်း အရေးဟာ အနောက်အုပ်စု ကျရှုံးမှုတွေထဲက နောက်ထပ် ဥပမာအသစ်တခုလို့ သူတို့က ပုံဖော်ကြ ပါတယ်။

ဒါဟာ ရုရှားနဲ့ တရုတ်လို တခြားနိုင်ငံတွေအနေနဲ့ သူတို့ နယ်မြေကို ကာကွယ်နိုင်ရေး အတွက် အချုပ်အခြာအာဏာပိုင်ခွင့်အပေါ် အလေးထားမယ့်အစား အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့က အနိုင်ကျင့်ကြတာသာ ဖြစ်တယ်လို့ သူတို့က မြင်ပါတယ်။

ဂလိုဘယ်တိုင်းမ် သတင်းစာက ဒီအရေးကြောင့်"ကမ္ဘာ့နိုင်ငံရေးတည်ငြိမ်မှုကို နောက်ဆုံး ခံတပ်အဖြစ်လုပ်ဆောင်ပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့အကြား စည်းနှောင်မှုက ပိုကောင်း လာပြီး ၂ နိုင်ငံဆက်ဆံရေးက ပိုပြီးနီးကပ်လာတယ်"လို့ ဆိုကာ၊ ဆင်ဟွာကတော့ အမေရိကန်ဟာ "သူ့ပြည်တွင်းကပြဿနာတွေကို ပြည်သူအများက ဂရုမပြုမိအောင် အာရုံလွှဲချင်တာ"၊ "ဥရောပမှာသူတို့ သြဇာပြန်လွှမ်းလာအောင်လုပ်တာ"စတာတွေ ရဖို့ လုပ်နေတာလို့ ရေးပါတယ်။

တစ်ဖက်မှာလည်း တွစ်တာပေါ်မှာ (တွစ်တာက တရုတ်မှာ ပိတ်ထားပါတယ်) ဘာသာစကားအမျိုးမျိုးနဲ့ စကားလုံးစစ်ပွဲဆင်နွှဲနေကြတာတချို့က အမေရိကန်နဲ့နေတိုးကို ကမ္ဘာကနေ မြင်စေချင်တဲ့အတိုင်း ပုံဖော်ကြဖို့ ကြိုးစားနေကြတာလို့ ဘရွတ်ကင်း အင်စတီကျုက မူဝါဒပိုင်းဆိုင်ရာ ဒါရိုက်တာ ဂျက်ဆီကာ ဘရန့်တ်က မှတ်ချက်ချပါတယ်။

"ရည်ရွယ်ချက်တွေက စီးပွားရေးလို၊ ယဉ်ကျေးမှုလို ကဏ္ဍတွေမှာ စည်းရုံးလွှမ်းမိုးပြီး ဆွဲဆောင်တဲ့ အမေရိကန်ရဲ့ ပါဝါအပျော့အသုံးပြုမှုကို အားပျော့သွားအောင်လုပ်တာမျိုး၊ လစ်ဘရယ် အင်စတီကျူးရှင်းတွေရဲ့ ပန်ကြားချက်တွေ၊ အလေးထားစရာတွေကို ပုံဖျက်ပစ်တာမျိုး၊ အဲဒီလို ရည်ရွယ်နေကြတာထင်တယ်" လို့ ဘီဘီစီကို မစ္စ ဘရန့်တ်က ပြောပါတယ်။ ဘေဂျင်းက သူ့အကျိုးစီးပွားနဲ့ ကိုက်ရင် "ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ကရင်မလင်က ပြောနေတဲ့ အချက်တွေကို ထပ်ပြီး ပဲ့တင်လိုက်လိုက်ပေးတဲ့ ဥပမာ" လို့ လည်း သူကထပ်ဖြည့်ပြောပါတယ်။

ဘုံရည်မှန်းချက်တွေနဲ့ ဘုံရန်သူ

တရုတ်နဲ့ ရုရှားတို့ရဲ့ အခုကာလနီးကပ်လာမှုဟာ မော်စီတုန်းနဲ့ စတာလင်တို့တုန်းက နီးကပ်တဲ့ဆက်ဆံရေးနေ့ရက်တွေတုန်းကထက် ပိုပြီးတိုးလာတယ်လို့ တချို့ လေ့လာသူ တွေက ယုံကြည်ပါတယ်။

ယူကရိန်းမှာ ၂၀၁၄ ခုနှစ်မှာဖြစ်ခဲ့တဲ့ ကရိုင်းမီးယားအကျပ်အတည်းအရေးမှာ ရုရှားတို့ ကမ္ဘာ့အလယ်မှာအထီးကျန်ဖြစ်နေတုန်း ဘေဂျင်းကနေ မော်စကိုကို စီးပွားရေးနဲ့ သံတမန် ရေး အထောက်အကူတွေပေးခဲ့ပြီး အဲဒီအရေးဟာ ရုရှားတို့ကို တရုတ်တို့ ရင်ခွင်ထဲ ရောက်သွားအောင် တွန်းပို့လိုက်တာလို့ မြင်ကြပါတယ်။

အဲဒီအချိန်ကတည်းက သူတို့ရဲ့ ဆက်ဆံရေးတွေ တိုးပွားကြီးထွားလာခဲ့ပါတယ်။ တရုတ်ဟာ ရုရှားရဲ့ အကြီးဆုံးကုန်သွယ်ဘက်အဖြစ် နှစ်အတော်များစွာဖြစ်လာခဲ့ပြီး မနှစ်ကဆိုရင် ၂ နိုင်ငံ ကုန်သွယ်မှုပမာဏက ဒေါ်လာ ၁၄၇ ဘီလျံ အထိမြင့်တက်လာခဲ့တာပါ။ ၂နိုင်ငံဟာ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေ အရှိန်မြှင့်ခဲ့ကြတဲ့ နည်းတူ စစ်ရေးအရ ပိုပြီးနီးနီးကပ်ကပ် ဆောင်ရွက်ကြဖို့ လမ်းပြမြေပုံအစီအစဉ် တရပ်ကိုလည်း သဘောတူလက်မှတ်ရေးထိုး ခဲ့ပါတယ်။

ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ဖို့ သောကြာနေ့ က ဗလာဒီမာပူတင်ဟာ ဘေဂျင်းကို ခရီးသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း မစ္စတာရှီက ကမ္ဘာ့ခေါင်းဆောင်တယောက်ကို ပထမဆုံးတွေ့တဲ့ ခရီးစဉ်ပါ။ တရုတ် ခေါင်းဆောင်ဟာ ကိုဗစ်ကပ်ဘေး စကတည်းက နိုင်ငံခြားကို ခရီးမထွက်ခဲ့သလို၊ သူတွေ့ခဲ့တဲ့ နိုင်ငံခြားကလူတွေက အနည်းငယ်သာပါ။

ဝေဖန်ရှုမြင်ကြည့်ရင်တော့ ဒီ ၂ နိုင်ငံစလုံးဟာ အနောက်နဲ့ အတော်တင်းမာတဲ့ဆက်ဆံရေး ရှိနေကြတာပါ။

"ဘေဂျင်းနဲ့ မော်စကိုဟာ အမေရိကန်နဲ့ဥရောပကို သူတို့ ဆန့်ကျင် တိုးတိုက်ရင်း နိုင်ငံတကာနိုင်ငံရေးကွင်းမှာ ပိုကြီးမားတဲ့အခန်းကဏ္ဍကို ရယူကြမယ် ဆိုတဲ့အကျိုး စီးပွားဆိုင်ရာအမြင်မှာ ဘုံသဘောထားတူကြပါတယ်" လို့ Tufts University က နိုင်ငံတကာသမိုင်းဘာသာဌာန တွဲဘက်ပါမောက္ခ ခရစ်စ် မေလာက ပြောပါတယ်။

ပဋိပက္ခကအရှိန်တက်လာပြီး အနောက်ရဲ့ အရေးယူပိတ်ဆို့မှုတွေက ရုရှားအပေါ်ကျလာရင် အရင်တုန်းကလိုပဲ တရုတ်ဟာ ရုရှားအတွက် စီးပွားရေးအထောက်အကူတွေ ပေးလိမ့်မှာလို့ ကျွမ်းကျင်သူပညာရှင်တွေက ထောက်ပြပါတယ်။

အဲဒီအထောက်အကူတွေထဲ ငွေပေးချေတဲ့စနစ် အစားထိုးနည်းလမ်းတွေ၊ ရုရှားဘဏ်တွေ၊ ကုမ္ပဏီတွေအတွက် ချေးငွေတွေ၊ ရုရှားဆီက ရေနံကို ပိုဝယ်ယူတာတွေ၊ စတာတွေအပြင် နိုင်ငံခြား ထုတ်ပို့ကုန်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ထိန်းချုပ်မှုကို အပြတ်ငြင်းပယ်တာတွေ အထိ ပါဝင်နိုင် ပါတယ်။

ဒါပေမဲ့ ဒီလိုကူညီပေးရမှာတွေအားလုံးဟာ တရုတ်ရဲ့ ဘဏ္ဍာရေးကို သိသိသာသာ ထိခိုက်သွားမှာတော့ အမှန်ပါ၊ ဒါကြောင့်မို့ အခုအခြေအနေအဆင့်ကနေ ထပ်မဆိုးသွား အောင် မော်စကိုက ပြောနေတဲ့မူအတိုင်း သံပြန်လိုက် ပေးတာမျိုး ဘေဂျင်းက လုပ်ပေး နေတာလို့ ကျွမ်းကျင်သူတွေက ဆင်ခြင် ကြည့်ကြပါတယ် "ရုရှားအတွက် သံယောင်လိုက်ပြီး ကူပေးတာက ဘေဂျင်းအတွက် အကုန်အကျသက်သာတဲ့ နည်းဖြစ်တယ်" လို့ ဒေါက်တာ မေလာက ဆိုပါတယ်။

ယူကရိန်းမှာ စစ်ရေးပဋိပက္ခဖြစ်လာရင် အမေရိကန်အဖို့မှာလည်း စီးပွား ဆုတ်ယုတ်မှုနဲ့ ရင်ဆိုင်တိုးမှာဖြစ်ပြီး၊ ဒီဆုတ်ယုတ်မှုဟာ တရုတ်အတွက် အခွင့်အလမ်းဖြစ်သွား နိုင်စေပါတယ်။ ဒါပေမဲ့ ဘေဂျင်းက "သူတို့ စစ်ကိုမလိုလားဘူးဆိုနေတာဟာ တကယ်ပြောတာ"လို့ လေ့လာသူအတော်များများက ယုံကြည်ကြပါတယ်။

ဂျာမန် မာရှယ် ရန်ပုံငွေအဖွဲ့ရဲ့ အာရှအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ ဘွန်နီ ဂလက်စ်ဆာက တရုတ်ဟာ အမေရိကန်နဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို အခုအချိန်မှာ လိုချင်နေတာလို့ ထောက်ပြပါတယ်။ တကယ်လို့ ဘေဂျင်းက မော်စကိုကို ပိုခိုင်မာတဲ့ ထောက်ခံမှုပေး လိုက်ရင် "အဲဒါကအမေရိကန်နဲ့ ပိုတင်းမာမှုတွေ ဖြစ်စေတယ်၊ ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ် ကွဲပြားမှုကလည်း ပိုရှင်းလင်းသွားလိမ့်မယ်" လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး သိပ္ပံပညာရှင် မက်ဇင်ပေက တရုတ်တို့ ရုရှားကို ပိုအားပေးရင် တရုတ်ရဲ့ ဒုတိယကုန်သွယ်ဘက်အကြီးဆုံးမဟာမိတ်ဖြစ်တဲ့ ဥရောပနဲ့ ပြဿနာဖြစ်လာမယ်လို့ ဆိုပါတယ်။

အဲဒါဆိုရင် ယူကရိန်းအရေးရဲ့ ဘေးထွက်အကျိုးအဖြစ် "အနောက်အုပ်စုအကြားမှာ ထိုင်ဝမ် အရေးအပေါ် ထောက်ခံမှု ပိုတိုးသွားအောင် လုပ်ပေးသလို ဖြစ်မယ်" လို့ ဒေါက်တာ ပေက ပြောပါတယ်။

'ထိုင်ဝမ်ဟာ ယူကရိန်းနဲ့မတူ'

ကမ္ဘာတလွှားက တရုတ်လူမျိုးအသိုင်းအဝိုင်းနဲ့ အမေရိကန်က တချို့လူတွေက ယူကရိန်း ပဋိပက္ခကိုကြည့်ရာမှာ အမေရိကန်က သူ့မဟာမိတ်တွေအပေါ် ဘယ်လောက် သစ္စာရှိလဲ ဆိုတာကို တိုင်းတာတဲ့ စာမေးပွဲတခုလို ကြည့်ကြပါတယ်။

ယူကရိန်းကို ရုရှားဝင်ရင် အမေရိကန်က စစ်ရေးအရ ဝင်တိုက်ပေးမှာလားဆိုတဲ့ အမေးကို အများကမေးနေကြသလို၊ တကယ်လို့ အမေရိကန်ရဲ့ အကြီးဆုံးမဟာမိတ်လည်းဖြစ်၊ လွတ်လပ်တဲ့နိုင်ငံအဖြစ်တောင်းဆိုနေတာလည်းဖြစ်တဲ့ ထိုင်ဝမ်ကို တနေ့ကျ တရုတ်က ပြန်ယူရင်ရော ဒီအတိုင်း လုပ်မှာလားဆိုတာ ကိုလည်း အမေးထုတ်နေကြပါတယ်။

ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်အတွင်းထဲကို တရုတ်စစ်လေယာဉ်တွေ ဝင်၀င် လာတာက ပိုပြီးတော့ တိုးလာနေတယ်ဆိုတဲ့ ထိုင်ဝမ်က သတင်းတွေနဲ့ အတူ အမေရိကန်၊ တရုတ် ပြိုင်ဆိုင်မှုက မြင့်လာနေချိန်မို့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို အမေရိကန် က စစ်ပြုမလားဆိုတဲ့အရေးက အာရှမှာ တကယ့် စိုးရိမ်စရာတခုပါ။

ထိုင်ဝမ်မှာ တရုတ်တို့ဝင်ပြီဆိုရင်သူတို့ ဘာလုပ်မယ်ဆိုတာကို အမေရိကန်တို့အနေနဲ့ ဝေဝေ ဝါးဝါး လုပ်ထားဆဲပါ။ ထိုင်ဝမ် သူ့ကိုယ်သူကာကွယ်နိုင်ဖို့ အမေရိကန်အနေနဲ့ ကူညီ ရမယ် ဆိုတဲ့ ဥပဒေကို အမေရိကန်က ပြဌာန်းထားပြီး၊ တစ်ဖက်မှာလည်း ဘေဂျင်းက ချပြထားတဲ့ တရုတ်နိုင်ငံဟာ တခုတည်း ဆိုတဲ့ ပေါ်လစီကို ဝါရှင်တန်က သံတမန်ရေးအရ အသိအမှတ် ပြုထားပါတယ်။

ဒါပေမဲ့ လေ့လာသူပညာရှင်တွေက ဒီနိုင်ငံ ၂ ခုအခြေအနေဟာ လုံးဝခြားနားတဲ့ ပထဝီ နိုင်ငံရေးဆိုင်ရာ အရေးပါမှုတွေဖြစ်တယ်လို့ ထောက်ပြကာ၊ ပုံတူနှိုင်းယှဉ်စရာအဖြစ် ယူလို့ မရဘူးလို့ ဆိုကြပါတယ်။ ထိုင်ဝမ်ဟာ အမေရိကန်တို့အဖို့ သမိုင်းနဲ့ချီတဲ့ စည်းနှောင်မှုရှိတဲ့ အပြင် ထိုင်ဝမ်ကို အာရှမှာ အမေရိကန်ရဲ့ အတွေးအခေါ်ဆိုင်ရာ၊ သံတမန်ဆိုင်ရာ၊ စစ်ရေး သေနင်္ဂ ဗျူဟာ အချက်အချာဆိုင်ရာတွေအတွက် ဆုံချက်ကျတဲ့ နေရာတခုလို မြင်ထား တာလို့ ထောက်ပြ ကြပါတယ်။

"တရုတ်ဟာ ရုရှားမဟုတ်သလို ထိုင်ဝမ်ဟာလည်း ယူကရိန်းမဟုတ်ပါဘူး။ အမေရိကန်ဟာ ယူကရိန်းထက်စာရင် ထိုင်ဝမ်ကို ပိုအရေးတကြီး အလေးထားလိမ့်မယ်"လို့ မစ္စ ဂလက်စ်ဆာက ပြောပါတယ်။

(ဒီသတင်းဆောင်းပါးအတွက် သုတေသနလုပ်ရမှာ ဝန်ယွမ် ဆောင်က ပါဝင်ကူညီခဲ့ပါတယ်)