လ စန္ဒာ ခရီး အတော်နီးပြီလား

မကြာသေးခင် နှစ်ပိုင်းတွေက စပြီး လူတွေ လပေါ် တခါပြန် ခြေချဖို့ ကြံဆ လာကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းက လ ခရီးစဥ်တခုတလေမှ မရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ လ စူးစမ်းရေး ခရီးစဥ်တွေ တော်တော်များများ မြင်ကြရဖို့ ရှိပါတယ်။

နာဆာရဲ့ Artemis စီမံကိန်းနဲ့ လ ခရီးတွေကို စတင်ကြဖို့ ရှိပါတယ်။ ပြီးတော့ နာဆာကပဲ အနာဂတ် အာကာသ စူးစမ်းသူတွေ လပေါ်မှာ အသုံးပြုနိုင်ဖို့ လိုအပ်မယ့် ပစ္စည်းတွေကို တခြား အဖွဲ့တွေရဲ့ ခရီးစဥ်တွေနဲ့ လွှတ်တင်ပေးဖို့ အတွက် ကူညီပံ့ပိုးမှုတွေ ပေးသွားဖို့ ရှိပါတယ်။

အိန္ဒိယ၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးရီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကလည်း ဒီနှစ်ထဲမှာပဲ လခရီးစဥ်တွေကို လွှတ်တင်သွားကြဖို့ စီစဥ်ထားကြပါတယ်။ ဒီလို နိုင်ငံအလိုက်သာ လခရီးစဥ်တွေ လွှတ်တင်နိုင်ဖို့ စီစဥ်နေကြတာ မဟုတ်ဘဲ ကုမ္ပဏီတချို့ကလည်း ကမ္ဘာ့ အရံဂြိုဟ်ဆီ စူးစမ်းနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ဒီခရီးစဥ်တွေ အားလုံးဟာ လူမပါတဲ့ အာကာသခရီးစဥ်တွေပဲ ဖြစ်ကြမှာ ဖြစ်ပါတယ်။ အဲဒီထဲက အများစုက ဆယ်စုနှစ် တခုစာ ကာလအတွင်းမှာ နောင်တချိန်မှာ လူတွေ လ မျက်နှာပြင်ပေါ်မှာ ရှင်သန် ရပ်တည်သွားနိုင်ရေးအတွက် လိုအပ်မယ့် အုတ်မြစ်တွေ ချပေးသွားကြမှာ ဖြစ်ပါတယ်။

ဒီလို ဖြစ်လာဖို့က အန္တိမ ရည်မှန်းချက်ကြီး တခုတော့ မဟုတ်ပါဘူး။ လ ပေါ်မှာ အာကာသ စခန်း တည်ဆောက်နိုင်ရေးဟာ တကယ်တော့ ကမ္ဘာ့အိမ်နီးချင်း ဂြိုဟ်နီကြီး ဖြစ်တဲ့ အင်္ဂါဂြိုဟ်ပေါ် လူတွေ ခြေချနိုင်ရေး ရည်မှန်းချက်အတွက် ခြေတလှမ်းမျှသာ ဖြစ်ပါတယ်။

ဘရစ္စတိုလ် တက္ကသိုလ်က ရူပနက္ခတ္တဗေဒ ပညာရှင် Dr Zoë Leinhardt ကတော့ ဒီနှစ်ထဲမှာ နိုင်ငံသစ်တွေပါ ပါလာတဲ့ အာကာသ ခရီးပြိုင်ဆိုင်မှုတွေ အစပျိုးလာလိမ့်မယ်လို့ ယူဆထားပါတယ်။

အဲဒီထဲက တော်တော်များများက လစန္ဒာရဲ့ အကြောင်းကို ပိုသိနိုင်ဖို့ လေ့လာရေးတွေ ဖြစ်သလို တချို့တလေကတော့ ဒီထက်တောာင် မြင့်မြင့်မားမား ရည်မှန်းထားကြပါတယ်။

တချို့ ခရီးစဥ်တွေက ဒီထက် ခရီးရောက်နိုင်ဖို့ အတွက် ရေရှည် ရည်မှန်းချက်တွေ ရှိတယ်၊ လ ခရီးစဥ်တွေကနေ နည်းပညာသစ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အပိုင်းတွေကို စမ်းသပ်ဖို့ အခွင့်ကောင်းလို့ ယူဆထားကြတာ ဖြစ်တယ်လို့ Dr Leinhardt က ပြောပါတယ်။

ဆိုတော့ ဒီနှစ်အတွင်း လွှတ်တင်ဖို့ စီစဥ်ထားကြတဲ့ လ ခရီးစဥ် တခုချင်းစီအလိုက် ဘာတွေ ရည်မှန်းထားကြသလဲ ဆိုတာ ဆက်ကြည့်ရအောင်ပါ။

နာဆာရဲ့ Artemis-1 mission နဲ့ Capstone

နာဆာရဲ့ Artemis အာကာသ စီမံကိန်းဟာ လာမယ့် ၂၀၂၅ မှာ လ ပေါ်ကို လူတွေ တဖန်ခြေချနိုင်ဖို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် ကြီးမားတဲ့ စီမံကိန်း တခုဖြစ်ပါတယ်။ လာမယ့် မတ်လ ထဲမှာ Artemis-1 ကို လွှတ်တင်ပြီး သူတို့ ရည်မှန်းချက်ရဲ့ အခြေခံ အုတ်မြစ်ကို စတင် ချမှာ ဖြစ်ပါတယ်။

"Moonikin" လို့ခေါ်တဲ့ Artemis I ရဲ့ အာကာသယာဥ်မှူး ထိုင်ခုံမှာ ထည့်ပေးထားမယ့် အရုပ်ကလွဲရင် အဲဒီ ခရီးစဥ်က လူနဲ့တူတာ ဘာမှ မပါဘဲ သွားမှာ ဖြစ်ပါတယ်။ အဲဒီ အရုပ်ကိုလည်း အပိုလို ၁၃ အာကာသ ခရီးကနေ ကမ္ဘာမြေပေါ် ဘေးမသီဘဲ ပြန်ရောက်နိုင်အောင် စွမ်းဆောင်ခဲ့ရာမှ အဓိက နေရာက ပါဝင်ခဲ့သူ ဖြစ်တဲ့ Arturo Campos ကို ဂုဏ်ပြုပြီး "Commander Moonikin Campos" လို့ မှည့်ခေါ်ထားပါတယ်။

Campos အရုပ် မှာ Artemis အာကာသယာဥ်မှူးတွေ ဝတ်ရမဲ့ ဝတ်စုံကို လွှတ်တင်ချိန်၊ ပြန်လာချိန်နဲ့ တခြား အချိန်တွေမှာ ရွေ့အားအပေါ် မူတည်ပြီး ပြောင်းလဲမှု ဘယ်လို ရှိမလဲ စတဲ့ အချက်တွေကို သိနိုင်ဖို့ အတွက် ဝတ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

နာဆာ ရဲ့ Space Launch System (SLS) လို့ အမည်ပေးထားတဲ့ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး ဒုံးပျံကြီးနဲ့ လွှတ်တင်မှာဖြစ်ပြီး အာကာသယာဥ်မှူးတွေရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အတွက် စမ်းသပ်ဖို့အတွက် လဆီသွားမယ့် Orion အာကာသယာဥ်ကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Orion အာကာသယာဥ် ကမ္ဘာ့လေထုထဲကို အရှိန်မြင့်မြင့်နဲ့ ပြန်လည် ဝင်ရောက်လာတဲ့ အခါမှာ ယာဥ်ကိုယ်ထည်ပြင်ပမှာ အပူချိန် ၂,၇၆၀ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ရှိမှာဖြစ်တဲ့အတွက် နာဆာက Orion ရဲ့ အပူချိန်ကာတဲ့ ဒိုင်းကိုလည်း အထူးလေ့လာဖို့ စီစဥ်ထားပါတယ်။

ဒီနှစ်ထဲမှာပဲ Artemis စီမံကိန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တခုကိုလည်း ရှေ့တလှမ်းတိုး အကောင်အထည် ဖော်ကြမှာ ဖြစ်ပါတယ်။

Capstone လို့ အတိုကောက် နာမည်ပေးထားတဲ့ Cislunar Autonomous Positioning System Technology Operations and Navigation Experiment လို့ခေါ်တဲ့ စမ်းသပ်မှု တခုဖြစ်ပါတယ်။

Artemis ရဲ့ လမ်းစရှာတဲ့ ရည်မှန်းချက်တခု ဖြစ်ပြီး CubeStat လို့ခေါ်တဲ့ မိုက်ခရိုဝေ့ဗ်စက်တလုံး အရွယ်လောက်ပဲ ရှိတဲ့ ဂြိုဟ်တု ကို လွှတ်တင်မှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ မတ်လထဲမှာ လွှတ်တင်မှာ ဖြစ်ပြီး လ ပတ်လမ်းကို လေ့လာဖို့ ဖြစ်ပါတယ်။ Capstone အာကာသယာဥ်က ဘာလုပ်မလဲ ဆိုရင် လ ပတ်လမ်းထဲမှာပဲ လ က ကမ္ဘာကို ပတ်နေချိန်မှာ သူကလည်း အတူတူ လိုက်ပြီး ပတ်မှာ ဖြစ်ပါတယ်။

တကယ့် ရည်မှန်းချက်ကတော့ အနာဂတ် ခရီးစဥ်တွေမှာ အာကာသယာဥ်မှူးတွေ ဘေးကင်းလုံခြုံမှု ရှိစေဖို့ အတွက်ပဲ ဖြစ်ပါတယ်။

အန္တိမပန်းတိုင် အင်္ဂါဂြိုဟ်

အဲဒီ စမ်းသပ်မှုတွေက ရလာမဲ့ အချက်အလက်တွေဟာ Artemis စီမံကိန်းရဲ့ အဓိက အစိတ်အပိုင်း တခု ဖြစ်တဲ့ Gateway အတွက် အသုံးပြုမဲ့ ပုံစံတွေကို အတည်ပြုသတ်မှတ်နိုင်ရေးမှာလည်း အထောက်အကူ ပြုမှာဖြစ်ပါတယ်။

နာဆာကတော့ ဒါဟာ အနာဂတ်မှာ လူတွေ လပေါ် ခြေချရေးမှာ ရေရှည် အထောက်အကူ ပြုနိုင်မယ့် ဘက်စုံသုံး လပတ်လမ်းကြောင်းထဲက အာကာသစခန်း တခုဖြစ်တယ်လို့ ဆိုပါတယ်။

စီစဥ်ထားတဲ့ အတိုင်းသာ ဖြစ်လာရင်တော့ လာမယ့် ၂၀၂၅ မှာ Artemis-3 ကို လွှတ်တင်မှာ ဖြစ်ပါတယ်။ ၁၉၇၂ က အပိုလို ၁၇ နောက်ပိုင်း ပထမဆုံး လပေါ်ကို လူတွေ ခြေချမယ့် ခရီးစဥ် ဖြစ်လာနိုင်ပါတယ်။ အဲဒီထဲမှာ လမျက်နှာပြင်သွား ပထမဆုံး အမျိုးသမီး အာကာသယာဥ်မှူးနဲ့ ပထမဆုံး လူဖြူမဟုတ်တဲ့ အာကာသယာဥ်မှူး တဦးစီလိုက်ပါသွားကြဖို့ စီစဥ်ထားပါတယ်။

University of Central Florida က ဂြိုဟ်နက္ခတ် ဆိုင်ရာ သိပ္ပံပညာရှင် တယောက်ဖြစ်တဲ့ Dr Hannah Sargeant က ဒီ လ ခရီးစဥ်တွေဟာ ဒီထက်မက ကြီးကျယ်တဲ့ ရည်မှန်းချက်ကြီးရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ Gateway အာကာသစခန်းကို တချိန်မှာ တကယ့် ခရီးရှည် အာကာသစူးစမ်းမှုတွေ လုပ်ရာမှာ အသုံးပြုဖို့ပါ ရည်ရွယ်ထားတဲ့ အကြောင်း ပြောပါတယ်။

လ ပေါ်ကို စက်ရုပ် ခရီးစဥ်တွေ စေလွှတ်တာက လမ်းပြမြေပုံရဲ့ ကနဦး ခြေလှမ်းပါ။ အဲဒီကနေ တဆင့် လ စခန်း၊ လအခြေစိုက်စခန်း စသည်ဖြင့် လုပ်သွားပြီး အဆုံးမှာ အင်္ဂါဂြိုဟ်အထိ လူတွေ ခရီးနှင်နိုင်ဖို့ပါ ရည်မှန်းထားပါတယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယ၊ ဂျပန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ရဲ့ လ ခရီးစဥ်များ

ဒီနှစ်ထဲမှာ လကို သွားချင်တဲ့ တခြားနိုင်ငံတွေနဲ့ ကုမ္ပဏီတွေလည်း ရှိကြပါတယ်။ တချို့က လေ့လာ သုတေသန လုပ်ရုံသက်သက်ဖြစ်ပြီး တချို့ကတော့ လိုအပ်မယ့် အထောက်အကူပြု ပစ္စည်းတွေ ပို့ပေးဖို့ အတွက် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက် မအောင်မြင်ခဲ့တ့ လခရီးစဥ်ကို စီစဥ်ခဲ့တဲ့ အိန္ဒိယက အာကာသ စူးစမ်းလေ့လာရေး ဌာနဟာ အခုလည်း 'Chandrayaan-3' လို့ခေါ်တဲ့ လစူးစမ်းရေး ခရီးစဥ်တခု လွှတ်တင်ဖို့ စီစဥ်နေပါတယ်။ လမျက်နှာပြင်သွား ယာဥ်ကို သယ်ဆောင်သွားမယ့် လဆင်းယာဥ်ကို လာမယ့် ၂၀၂၂ တတိယ ၃ လပတ် ကာလအတွင်း လွှတ်တင်ဖို့ ရည်မှန်းထားပါတယ်။

ဂျပန်ကလည်း ဒီနှစ်ထဲမှာပဲ ရည်မှန်းချက်ကြီးကြီးနဲ့ လခရီး ၂ ခု စီစဥ်နေပါတယ်။

ဂျပန် အာကာသ အေဂျင်စီ (JAXA) က လာမယ့် ၂၀၂၂ ဧပြီလထဲမှာ SLIM (Smart Lander for Investigating the Moon) လို့ခေါ်တဲ့ လဆင်း စူးစမ်းရေးယာဥ်ကို လွှတ်တင်မှာဖြစ်ပါတယ်။ အဲဒီယာဥ်ကနေ လမျက်နှာပြင်ပေါ်ကို တိတိကျကျ ဘယ်လို ဆင်းသက်ရမယ် ဆိုတာကို ပြသမှာပါ။ နောက်ပြီး လ မျက်နှာပြင်ပေါ်က ချိုင့်ဝှမ်းကြီးတွေကို ဘယ်ဟာ ဘာလဲ ဆိုတာကို မျက်နှာဖတ် နည်းပညာကို သုံးပြီး အမျိုးအမည် ခွဲပြနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီ ယာဥ်ပေါ်မှာ X-Ray Imagining and Spectroscopy Mission (XRISM) လို့ ခေါ်တဲ့ အဆင့်မြင့် အာကာသကြည့် တယ်လီစကုပ် တခုလည်း ပါမယ်လို့ သိရပါတယ်။

နောက် ဂျပန် အာကာသ ကုမ္ပဏီတခု ဖြစ်တဲ့ ispace ကလည်း လာမယ့် ၂၀၂၂ ဒုတိယ ၆ လပိုင်းထဲမှာပဲ လဆင်းယာဥ်တဆင်း လွှတ်ဦးမယ်လို့ ဆိုပါတယ်။ သူတို့ ခရီးစဥ်ကို Mission 1 (M1) လို့ အမည်ပေးထားပြီး ဒါဟာ JAXA ရဲ့ စီးပွားဖြစ် လ စူးစမ်းရေး စီမံကိန်း 'Hakuto-R' ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ သူတို့က လ စူးစမ်းရေး စက်ရုပ် ၂ ရုပ်ကို လွှတ်တင်ပေးမှာ ဖြစ်ပါတယ်။

အဲဒီထဲက စက်ရုပ် တရုပ်ကို JAXA က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ၂ ဘီးတပ် လမျက်နှာပြင် စူးစမ်းရေး စက်ရုပ်ငယ်လေး လို့ သိရပါတယ်။ နောက်တရုပ်ကတော့ ဂျပန်ကုမ္ပဏီက လွှတ်တင်ပေးမှာ ဖြစ်ပေမယ့် တည်ဆောက်ထားတာက အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး ကဖြစ်ပြီး Rashid လို့ခေါ်ပါတယ်။ သူက လ မျက်နှာပြင် မြေလွှာကို စမ်းသပ်မဲ့ ၄ ဘီးတပ် စက်ရုပ်ယာဥ်ငယ် တခုဖြစ်ပါတယ်။

Russia ရဲ့ Luna 25 နဲ့ တောင်ကိုရီးယားရဲ့ Pathfinder Lunar Orbiter

ရုရှားအာကာသ အေဂျင်စီ Roscosmos က လာမယ့် ၂၀၂၂ ဇူလိုင်လထဲမှာ Luna 25 လို့အမည်ပေးထားတဲ့ လခရီးစဥ် လွှတ်တင်ဖို့ စီစဥ်နေပါတယ်။

ဒါဟာ ရုရှားအဖို့ ၄၅ နှစ်အတွင်းမှာ ပထမဆုံး လမျက်နှာပြင်သွား ခရီးစဥ် တခုဖြစ်လာမှာပါ၊ နောက်ပြီး လ ရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်တဲ့ ပထမဆုံး ခရီးစဥ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ နာဆာကလည်း အဲဒီနေရာကိုပဲ လူပါတဲ့ လ ခရီးစဥ်တွေ စေလွှတ်ဖို့ စဥ်းစားနေပါတယ်။

တောင်ကိုရီးယား အာကာသ အေဂျင်စီ Korea Aerospace Research Institute က လာမယ့် ၂၀၂၂ သြဂုတ်လထဲမှာ Korean Pathfinder Lunar Orbiter (KPLO) ကို လဆီကို လွှတ်တင်ဖို့ ရည်ရွယ်ထားပါတယ်။ KPLO က အနာဂတ် လ ဝန်ရိုးစွန်းတွေဆီ ခရီးစဥ်တွေ စီစဥ်တဲ့အခါ အထောက်အကူ ဖြစ်စေဖို့ အတွက် လမျက်နှာပြင်ကို လေ့လာ သုတေသန လုပ်သွားမှာ ဖြစ်ပါတယ်။

နာဆာရဲ့ စီးပွားဖြစ် ခရီးစဥ်များ

ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း လဆီ အလုအယက် သွားချင်နေကြပါတယ်။

နာဆာရဲ့ စီးပွားဖြစ် လ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း (CLPS) အောက်မှာပဲ လ မျက်နှာပြင်ဆီ သွားတဲ့ ခရီးစဥ်တွေကိုနဲ့ ဝန်ဆောင်မှုပေးဖို့ အပြိုင်အဆိုင် လုပ်နေကြပါတယ်။

ဟူစတန်မြို့ အခြေစိုက် Intuitive Machines က ခြေထောက် ၆ ချောင်းနဲ့ ကုန်တွေ သယ်မပေးနိုင်တဲ့ Nova-C လို့ခေါ်တဲ့ စက်ရုပ်ကို ၂၀၂၂ အစောပိုင်းမှာပဲ စသုံးနိုင်ဖို့ လုပ်နေပါတယ်။

နောက် ပန်ဆယ်ဗေးနီးယား အခြေစိုက် Astrobotic Technology ကလည်း ၂၀၂၂ နှစ်လယ်ပိုင်းမှာ ခရီးစဥ်တခု လွှတ်တင်ဖို့ စီစဥ်နေပါတယ်။ ကုမ္ပဏီရဲ့ Peregrine Mission 1 ခရီးစဥ်မှာ သိပ္ပံ သုတေသန လုပ်ငန်းတွေအတွက် လိုအပ်မယ့် သေတ္တာပုံစံမျိုး ခြေ ၄ ချောင်းထောက် ယာဥ်ကို ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီ ခရီးစဥ်တွေကို ဘာအတွက် လုပ်နေကြသလဲ

Dr Sargeant က အဲဒီ ခရီးစဥ်တွေထဲက အများစုက လ မျက်နှာပြင်နဲ့ ပတ်ဝန်းကျင် အခြေအနေတွေကိ လေ့လာစူးစမ်းကြဖို့ အတွက်ဖြစ်တယ်လို့ ပြောပါတယ်။ အာကာသယာဥ်မှူးတွေနဲ့ စက်ပစ္စည်းတွေ ကို လပေါ်က အမှုန်အမွှားတွေနဲ့ နေဆီကနေ လာတဲ့ အင်အားပြင်း ရောင်ခြည်လှိုင်းတွေကြောင့် ကြုံလာနိုင်တဲ့ အန္တရာယ်တွေ ကနေ ကာကွယ်နိုင်ရေးအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ဖြစ်ပါတယ်။

နောက်ပြီး သိပ္ပံပညာရှင်တွေအတွက်လည်း ရေ လို သဘာဝ အရင်းအမြစ်တွေကို ရှာဖွေ သုံးစွဲနိုင်ဖို့ အတွက် လိုအပ်မယ့် နမူနာ စက်ပစ္စည်းတွေနဲ့ တခြား စမ်းသပ်မှုတွေ လုပ်ဖို့ အခွင့်အရေး ရရှိစေပါတယ်။

လ ဆီကို လူတွေမစေလွှတ်ခင်မှာ သူတို့တွေ အမှီသဟဲပြုနေရမဲ့ အရာတွေကို ထုတ်လုပ်ပေးမယ့် စက်ပစ္စည်းတွေ အလုပ်ဖြစ်ဖို့ သေသေချာချာ ကြိုတင် ပြင်ဆင် ထားဖို့ လိုတယ်၊ တချိန်မှာ အဲဒီကနေတဆင့် အင်္ဂါဂြိုဟ်ဆီ သွားတဲ့အခါ လိုအပ်မယ့် စွမ်းအင် လောင်စာမျိုးတွေပါ ထုတ်လုပ်ပေးနိုင်ဖို့ အထိ ဖြစ်လာနိုင်တယ် လို့ Dr Sargeant ကပြောပါတယ်။

လ ဟာ တချိန် ဂြိုဟ်နီကြီးမှာ သုံးစွဲသွားမယ့် နည်းပညာတွေ စမ်းသပ်အသုံးပြုဖို့ အာကာသထဲက စမ်းသပ်ခန်းကြီးလည်း ဖြစ်တယ်၊ တကယ်တော့ ၆ လ လောက် ခရီးနှင်ပြီးမှ စမ်းသပ်ရတာထက် စာရင် ၃ ရက်ခရီးစာ အနီးမှာ ရှိနေတဲ့ လ မှာစမ်းသပ်ရတာက ပိုအဆင်ပြေပါတယ်လို့ လို့ Dr Sargeant ကပြောပါတယ်။