ရုရှားတပ်တွေဝင်တော့မလားစိုးရိမ်နေတဲ့ ယူကရိန်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရောက်လာ

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှာက အလျင်အမြန်နဲ့ မကြာခင်ဖြစ်လာ တော့မှာဆိုတဲ့ ထိတ်လန့်မှုတွေမြင့်တက်နေတဲ့အချိန်မှာပါပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် ယူကရိန်းကို ဗုဒ္ဓဟူးနေ့က ရောက်လာပါတယ်။

မစ္စတာ ဘလင်ကင်ဟာ ယူကရိန်းသမ္မတ ဗလော့ဒီမီယာ ဇဲလန်းစကီးနဲ့ မြို့တော်ကိယက်ဗ်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ အဲဒီဆွေးနွေးမှုပြီးရင် ဘာလင်ကိုသွားပြီး ဥရောပမဟာမိတ်တွေနဲ့ သူဆွေးနွေးပါလိမ့်မယ်။ သောကြာနေ့မှာတော့ ရှရှားနိုင်ငံခြားရေး ၀န်ကြီးနဲ့ ဂျနီဗာမြို့မှာ သူတွေ့ဆုံပါလိမ့်မယ်။

ရုရှားက သူတို့အိမ်နီးချင်းနိုင်ငံ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ဖို့ အစီအစဉ်မရှိပါဘူး လို့ ထပ်ခါထပ်ခါ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ မော်စကိုဟာ (ယူကရိန်းကို)"ဘယ်အချိန်မဆို"ဝင်တိုက်နိုင်တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

ခန့်မှန်းခြေ ရုရှား တပ်ဖွဲ့ဝင် တသိန်းလောက် ယူကရိန်းနယ်စပ်နားမှာ ချထားတယ်၊ စစ်အင်အားတွေ ချထားတာက "သိပ်ကိုအန္တရာယ်များစေတဲ့ အခြေအနေ" ကို ဖြစ်နေ စေတာလို့ အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းရေးမှူး ဂျင်းန် စာကီးက သတင်း ထောက်တွေကို အင်္ဂါနေ့တုန်းကပြောပါတယ်။

ဂျနီဗာမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေအိ လက်ဗရော့ဗ်က "သံတမန်ရေးအရ ချဉ်းကပ်စရာ" ရွေးချယ်စရာတခုကို ကမ်းလှမ်းလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ထိပ်တန်းအရာရှိတယောက်က အရိပ်အမြွက်ပြောပါတယ်။ မစ္စ စာကီးက ရွေးချယ် နိုင်စရာ ဘယ်တခုကိုမှ ချန်မထားပါဘူးလို့ ဆိုပြီး မစ္စတာ ဘလင်ကင်ဟာ"သံတမန်ရေး လမ်းကြောင်းရှိတယ်ဆိုတာကို အထင်အရှားမီးမောင်းထိုးပြပါလိမ့်မယ်" လို့ပြောပါတယ်။

ရုရှားက အနောက်နိုင်ငံအစိုးရတွေကို တောင်းထားတဲ့ တောင်းဆိုမှုတွေ ရှိပါတယ်။ အဲဒါတွေထဲမှာ ယူကရိန်းကို နေတိုး (NATO; North Atlantic Treaty Organization)အဖွဲ့ထဲကို ဘယ်တော့မှဝင်ခွင့်မပေးဖို့ ဆိုတာလည်း ပါဝင်သလို၊ ပိုလန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ နေတိုးရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ ဆိုတာတွေပါဝင်ပါတယ်။ အရင်သီတင်းပတ်တုန်းက အနောက်နိုင်ငံတွေနဲ့ ရုရှားတို့ ဆွေးနွေးပွဲမှာ မော်စကိုရဲ့တောင်းဆိုမှုတချို့က စကားဝိုင်း အစပျိုးချက်တွေ ဖြစ်မလာဘူးဆိုတဲ့ အနောက်နိုင်ငံတွေက အကြောင်းပြချက်နဲ့အတူ ဆွေးနွေးပွဲက ဘာမှရေရေရာရာ အောင်မြင်မှုမရဘဲ ပြီးဆုံးသွားပါတယ်။

ရုရှားက သူတို့ဝင်ကျူးကျော်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုနေပေမယ့် ယူကရိန်း နယ်စပ်နား မှာ တင်းမာမှုတွေက မြင့်တက်ဆဲဖြစ်သလို၊ ယူကရိန်းအိမ်နီးချင်း ဘေလာရုစ်မှာလည်း ရုရှားတပ်တွေချထားပြီး သူတို့အဆို ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကို လုပ်နေပါတယ်။

ယူကရိန်းကို စစ်ရေးအရဝင်နိုင်ဖို့ ရုရှားက အကြောင်းရှာနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို မစ္စတာလက်ဗရော့ဗ်က ဒါဟာ "တကယ်မှားယွင်းတဲ့ သတင်းအချက် အလက်ပဲ" လို့ဆိုကာ ပယ်ချထားပါတယ်၊

မစ္စတာ ဘလင်ကင်ဟာ ယူကရိန်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးပြီးရင် ကြာသပတေးနေ့ကျ ဘာလင်မှာ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဖို့ရှိနေပြီး၊ သူ့ရဲ့ အခု ကိယက်ဗ်ခရီးစဉ်ကို ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေတည်မြဲဖို့အတွက် "အမေရိကန်ရဲ့ ပိုင်းဖြတ်ကူညီတဲ့စိတ်ဓာတ်ကို အင်အားတိုးလိုက်တဲ့" ကြိုးပမ်းမှုလို့ ဖော်ညွှန်းပြောဆိုကြပါတယ်။

မော်စကိုကို အင်္ဂါနေ့က ရောက်သွားတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နဲလီနာ ဘဲလ်ဘော့ခ်က စစ်ရေးနောက်ထပ်တိုးမြှင့်တဲ့ ဘယ်လိုလုပ်ရပ်ဖြစ်စေ ရုရှားအစိုးရအဖို့ "စီးပွားရေး၊ နိုင်ငံရေး၊ သေနင်္ဂဗျူဟာကျတဲ့အရေး စတာတွေနဲ့ပတ်သက်ပြီး ပေးဆပ်မှု ကြီးကြီး ပြန်ပေးရလိမ့်မယ်"လို့ သတိပေးပါတယ်။

မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုတွေ အလျင်အမြန်ချမှတ်ပေးပါလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ခ်စီ ရက်ဇ်နီကော့ဗ်က အနောက်နိုင်ငံတွေကို တိုက်တွန်း နေပါတယ်။

ဘီဘီစီ HardTalk အစီအစဉ်မှာ သူကဖြေကြားရင်း ရုရှားကနေ သူတို့နိုင်ငံကို ကျူးကျော် လာရင် သွေးမြေကျမှုတွေနဲ့အတူ ဥရောပအတွက် ဒုက္ခသည်ရေး အကျပ်အတည်းပြဿနာနဲ့ ကြုံရနိုင်တယ်လို့ သတိပေးသွားပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က ရုရှားဟာ နေတိုးကို "ယိုးမယ်ဖွဲ့ အကြောင်း ပြပြီး" ယူကရိန်းကို ကျူးကျော်ဖို့ ကြံစည်နေတာလို့ တနင်္လာနေ့က သူရေးသားတဲ့ ဆောင်းပါးတပုဒ်မှာ ထည့်ပြောထားပါတယ်။