ကမ္ဘာ့အချမ်းသာဆုံး ၁၀ဦး ကိုဗစ်ကာလမှာ နှစ်ဆတိုးချမ်းသာ လာတယ်လို့ Oxfam အဖွဲ့က ပြော

ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ပိုချမ်းသာလာအောင်လုပ်ပေးခဲ့ပေမယ့် ဆင်းရဲတွင်းနက်နေတဲ့သူ အရေအတွက်ကတော့ ပိုပိုများလာတယ်လို့ ပရဟိတအဖွဲ့ Oxfam က ထုတ်ပြောပါတယ်။
ကိုဗစ်ရောဂါကြောင့် နေ့စဉ် လူနှစ်သောင်းတစ်ထောင် ၂၁,၀၀၀ သေဆုံးနေရတဲ့အထဲမှာ ဝင်ငွေနည်းတဲ့ ကမ္ဘာ့အဆင်းရဲဆုံးသူတွေလည်း ပါဝင်နေတယ်လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးအတွက်ကတော့ ၂၀၂၀ခုနှစ် မတ်လကတည်းက သူတို့ရဲ့ စုပေါင်း ချမ်းသာ ကြွယ်ဝမှုဟာ နှစ်ဆထက်တောင် ပိုတိုးလာတဲ့အကြောင်း Oxfam အဖွဲ့က ဆို ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ် မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အစမှာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲ့ချမ်းသာကွာဟမှုနဲ့ပတ်သက်လို့ မညီမျှမှုဖြစ်နေတဲ့အကြောင်း Oxfam အဖွဲ့က အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်လေ့ရှိပါတယ်။
ဒါးဗို့စ်ညီလာခံကို ကော်ပိုရေးရှင်းကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ၊ စည်းရုံးလှုံ့ဆော်တဲ့သူတွေ၊ စီးပွားရေးပညာရှင်တွေနဲ့ စာနယ်ဇင်းသမားထောင်နဲ့ ချီတက်ရောက်လေ့ရှိ ပြီး ဆွစ်ဇာလန်နိုင်ငံက စကီးအပန်းဖြေစခန်းတွေမှာ ဆွေးနွေးပွဲတွေ၊ အသောက်ပါတီတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတာပါ။
ဒါပေမဲ့ အခုအပတ်မှာကျင်းပမယ့် ဒုတိယအကြိမ် အစည်းအဝေးကိုတော့ ကိုဗစ် မျိုးဗီဇကွဲ အိုမီခရွန် ကူးစက်ပြန့်ပွားမှုကြောင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးတာတွေမလုပ်တော့ဘဲ အွန်လိုင်း အစည်းအဝေးပုံစံနဲ့ပဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒီတပတ်ထဲ ဆွေးနွေးကြမယ့် အချက်တွေထဲမှာ ကပ်ရောဂါဆက်ဖြစ်လာနိုင်တဲ့ အနာဂတ်လမ်းကြောင်းအခြေအနေ၊ကာကွယ်ဆေးမျှတလုံလောက်မှုရှိမရှိနဲ့ စွမ်းအင်ကိစ္စတွေ ပါဝင်မယ်လို့ သိရပါတယ်။
Oxfam အဖွဲ့ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အထက်တန်းလွှာ နိုင်ငံရေးသမားတွေအကြား စိတ်ဝင်စားမှုရှိစေဖို့ ဒါးဗို့စ် ဖိုရမ်လုပ်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာထုတ်ပြန်နေတာလို့ ယူကေ Oxfam အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဒန်နီဆာရစ်ကန်ဒရာဂျာက ပြောပါတယ်။
“ဒီနှစ် ဖြစ်ပျက်နေတာတွေအားလုံးကိုတော့ မလွမ်းခြုံနိုင်ပါဘူး” ဒီ ကပ်ရောဂါကာလ အတွင်းမှာ နေ့တိုင်းနီးပါး ဘီလီယံနာ အသစ်တစ်ယောက်ပေါ်လာနေသလို ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်းကလည်း လော့ဒေါင်းတွေ၊ နိုင်ငံတကာ ကုန်သွယ်မှု ကျဆင်းတာတွေ ၊နိုင်ငံတကာ ခရီးသွားလုပ်ငန်းလျော့ကျလာတာတွေရဲ့ အကျိုးဆက်တွေ ခံစားနေရပါတယ်။ပြီးတော့ လူ သန်း ၁၆၀ လောက်ဟာလည်း ဆင်းရဲတွင်းကို တွန်းပို့ခံနေရတယ် "လို့ သူက ရှင်းပြပါတယ်။
ပြီးတော့ "ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်မှာ ချို့ယွင်းချက် တစ်စုံတစ်ရာ ကြီးကြီးမားမားရှိနေတယ်" လို့ လည်း သူက ထပ်ဖြည့် ပြောပါတယ်။
Forbes မဂ္ဂဇင်းက ဖော်ပြထားတဲ့ အချက်အလက်တွေအရလည်း ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးက အီလွန်မက်စ်၊ဂျက်ဘီဇော့၊ ဘားနက်အားနော့နဲ့ သူ့မိသားစု၊ ဘီလ်ဂိတ်၊ လာရီအယ် လစ်ဆင်၊လာရီပေ့ချ်၊ ဆာဂေးဘရီနီ၊ မက်ခ်ဇူခါဘက်ခ်၊စတိဗ်ဘောလ်မာ နဲ့ ဝါရင်းဘာဖတ် တို့ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ၂၀၀၂ ခုနှစ် မတ်လနှင့် ၂၀၂ ခုနှစ် နိုဝင်ဘာလကြားမှာ သူတို့တွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာဘီလီယံ ၇၀၀ ကနေ ၁.၅ ထရီလီယံ အထိ တိုးလာပြီးတော့ အဲ့ဒီအထဲမှာ အီလွန်မက်စ်ရဲ့ ကြွယ်ဝချ မ်းသာမှုကတော့ မူလကြွယ်ဝမှုထက် ၁၀၀၀% ပိုမိုကြီးထွားလာသလို ဘီလ်ဂိတ်ကလည်း ၃၀ရာခိုင်နှုန်း ပို ချမ်းသာလာပါတယ်။
ကမ္ဘာလုံးဆိုင်ရာရှယ်ယာစျေးနှုန်းတွေ ကျဆင်းသွားတဲ့ အတွက် ကူးစက်ရောဂါစတင်ချိန်က အခြေအနေတွေကနေ တိုင်းတာဖို့ လုပ်ထားပေမယ့် Oxfam အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အနည်းငယ်အလှည့် အပြောင်းလုပ်ခဲ့ရပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၂၀၂၀ ခုနှစ် မတ်လမှာ သိသိသာသာကျ ဆင်းသွားတဲ့သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာတန်ဖိုးတွေနဲ့ ဆက်စပ်နေတာဖြစ်ပြီး သူတို့ရဲ့ကြွယ်ဝမှုကို အဲ့ဒီအခြေခံကနေ တွက်ချက်ထားတာဖြစ်ပါတယ်။
Oxfam အဖွဲ့အနေနဲ့ ကပ်ရောဂါစမဖြစ်ခင်ကနေ တိုင်းတာခဲ့မယ်ဆိုရင်တော့ တိုးတက်မှုဟာလည်း သိသိသာသာ နည်းပါးသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီ အစီရင်ခံစာကိုရေးတဲ့ မက်စ်လော်ဆင် ဘီဘီစီကို ပြောတာက "တကယ်လို့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလလယ်ကနေစပြီး ဘီလီယံနာတွေရဲ့ ချမ်းသာမှုကိုတွက်မယ်ဆိုရင် ထိပ်တန်း အချမ်းသာဆုံး ဆယ်ယောက်ရဲ့ ကြွယ်ဝမှုဟာ ၇၀ရာခိုင်နှုန်းလောက်အထိတောင် တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ သူတို့ ချမ်းသာကြွယ်ဝမှုတွေ စံချိန်တင် တိုးလာတာက အရင်တုန်းက မတွေ့ဖူးတဲ့ ပုံစံမျိုးပါ။”
ကိန်းဂဏန်းတွေကို Oxfam အဖွဲ့က ဘယ်လို တွက်ချက်တာလဲ
Oxfam အဖွဲ့ ရဲ့ အစီရင်ခံစာကို ဖို့ဘ်စ် မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဘီလီယံနာသူဌေး စာရင်းနဲ့ Credit Suisseအဖွဲ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အစီရင်ခံစာတွေက အချက်အလက်တွေကို အခြေခံပြီး တွက်ချက်ထားတာပါ။
ဖို့ဘ်စ်ရဲ့ စစ်တမ်းက လူတစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကိုပဲ အဓိကထား တွက်ချက်ထားတာပါ။ အဓိကအားဖြင့် ပိုင်ဆိုင်မှုနဲ့ မြေယာ၊ အကြွေးမရှိတာတွေကို အချက်အလက် အဖြစ် အသုံးပြုတာဖြစ်ပါတယ်။ သူတို့အသုံးပြုတွက်ချက်တဲ့ အချက်အလက်တွေထဲမှာ လုပ်ခလစာတွေ ၀င်ငွေတွေကို တော့ ထည့်မတွက်ထားပါဘူး။
ဒီတွက်ချက်မှုဟာ ကျောင်းသားတစ်ယောက်က အရင်က အကြွေးထူတဲ့ သူဖြစ်ပေမယ့် အနာဂတ်မှာ ဝင်ငွေ အများကြီးရလာနိုင်ပါတယ်၊ဒါပေမဲ့ သူ့ကို အကြွေးတွေရှိလို့ ဆင်းရဲတယ်လို့ ယူဆတာကြောင့် အဲ့ဒီ စံနှုန်းအောက်တွင် နည်းစနစ်ကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ကပ်ရောဂါကာလမှာ စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ငွေကြေးဖောင်းပွမှုကိုရည်ညွှန်းဖော်ပြနေတဲ့ US Consumer Price Index (CPI)က အချက်အလက်တွေကိုအသုံးပြုပြီး လူနေမှုစရိတ်တွေဘယ်လောက်မြန်မြန်တက်လာနေတာကိုလည်း တွက်ချက်ထားတယ်လို့ Oxfam က ပြောပါတယ်။
ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံထားတဲ့ Oxfam ရဲ့ အစီရင်ခံစာထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ငတ်မွတ်မှု၊ လိင်ကွဲပြားမှုကို အခြေခံတဲ့ အကြမ်းဖက်မှုနဲ့ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် အချိန်လေးစက္ကန့်မှာ တစ်ဦးသေဆုံးစေတယ်လို့ ဆိုပါတယ်။
လူပေါင်း သန်း၁၆၀ ကျော်ဟာ ကိုဗစ်ကပ်ရောဂါအကျိုးသက်ရောက်မှုမပါဘဲ တစ်နေ့ကို ၅ ဒေါ်လာထက်နည်းတဲ့ ဝင်ငွေနဲ့ ရှင်သန်နေရတယ်လို့ Oxfam အစီရင်ခံစာက ဖော်ပြ ပါတယ်။
ဝင်ငွေအလယ်အလတ်ရရှိတဲ့ နိုင်ငံတွေထဲကလူတွေထဲက တစ်နေ့ကို ဒေါ်လာ ၅. ၅၀ရတဲ့သူတွေကို ဆင်းရဲတဲ့သူတွေအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားပါတယ်။
အဲ့ဒီ အစီခံရင်ခံစာထဲမှာ ကိုဗစ်ကပ်ရောဂါက ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကြွေးမြီတွေကို တိုးလာစေတာကြောင့် လူမှုရေးအသုံးစရိတ်ကို လျှော့ချဖို့ တွန်းအားပေးခံနေရတယ်လို့ ရေးထားပါတယ်။
ကျား မတန်းတူညီမျှမှုတွေ ပြန်ပေါ် လာနေ ပြီး ၂၀၁၉ခုနှစ်ကထက် အလုပ်တွေမှာ အမျိုးသမီးအရေအတွက် ၂၃သန်း လျော့နည်းနေပြီး ကျောင်းလုံးဝမတက်နိုင်တော့တဲ့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ မိန်းကလေးက သန်း ၂၀ ကျော်တောင် ရှိနေပါတယ်။
ယူကေ ဘင်္ဂလားဒေ့ရှ်အသိုင်းအဝန်းနဲ့ အမေရိကန်ကလူမည်းတွေ အပါအဝင် တိုင်းရင်းသားလူနည်းစုတွေကလည်း ကိုဗစ်ရောဂါ ဒဏ်ကို အပြင်းထန်ဆုံး ခံစား နေကြရပါတယ်။
"ကမ္ဘာ့အကျပ်အတည်းဖြစ်တဲ့ကာလတွေ မမျှတတဲ့ စီးပွားရေးစနစ်တွေရှိနေတဲ့ကြားမှာ အချမ်းသာဆုံးသူတွေအတွက် ဖြည့်ဆည်းပေးနိုင်တာရှိနေပေမယ့်လည်း အဆင်းရဲဆုံးသူတွေအတွက်ကိုတော့ ကာကွယ်ဖို့ပျက်ကွက်ခဲ့တယ်" လို့ မစ္စတာ ဆာရစ်ကန်ဒရာဂျာက ပြောခဲ့ပါတယ်။
အခုအချိန်မှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ “ကျွန်တော်တို့လျှောက်လှမ်း နေတဲ့ သေမင်း တမန်လမ်းကြောင်း ကို ပြောင်းလဲဖို့ ” ရဲရင့်တဲ့ စီးပွားရေးဗျူဟာတွေကို ကျောထောက် နောက်ခံပြုချမှတ်နိုင်ဖို့ သမိုင်းဝင်အခွင့် အရေးတစ်ရပ် ရရှိထားတယ်" လို့လည်း သူက ဆိုပါတယ်။

အဲ့ဒီစီးပွားရေးဗျုဟာတွေထဲမှာ အရင်းအနှီးနဲ့ ကြွယ်ဝမှုအပေါ် မြင့်မားတဲ့ အခွန်အခတွေ တိုးကောက်ဖို့ နဲ့ ပိုမိုတိုးတက်ကောင်းမွန်တဲ့ အခွန်စနစ်တွေ ချမှတ်ဖို့ ပါဝင်နေပြီး "အရည်အသွေးရှိတဲ့ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အားလုံးအတွက် လူမှုကာ ကွယ်စောင့်ရှောက်မှု" တွေမှာ ငွေတွေထည့်ဝင်သုံးစွဲသင့်တယ်လို့လည်း မစ္စတာ ဆာရစ်ကန်ဒရာဂျာက ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးရဲ့ ဉာဏမူပိုင်ခွင့်အခွင့်အရေးတွေကို လျှော့ပေါ့ပေးပြီး ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ဖို့နဲ့ မြန်မြန်ဆန်ဆန် ဖြန့်ဖြူးနိုင်ဖို့ အတွက်လည်း Oxfamအဖွဲ့ က တောင်းဆိုနေပါတယ်။
အခုလအစောပိုင်းတုန်းကလည်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မားလ်ပါ့စ် David Malpass က ကမ္ဘာလုံးဆိုင်ရာမညီမျှမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေတာနဲ့ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး ငွေကြေးဖောင်းပွမှုရဲ့ အကျိုးသက်ရောက်မှုနဲ့ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ထားတဲ့ အစီအမံတွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် ပိုမိုပျက်စီးစေနိုင်တယ်လို့ စောဒကတက်ခဲ့ပါတယ်။
“ဆင်းရဲ တဲ့နိုင်ငံတွေရဲ့ အလားအလာကို ပြောရရင် သူတို့ဟာ နောက်ကျ ကျန်နေသေးဆဲဖြစ်တယ်” လို့ လည်း သူက ဆိုပါတယ်။








