ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ ကမ္ဘာ့အမြင်က ဘာလဲ
ထိုင်ဝမ်နဲ့ပတ်သက်ပြီး တင်းမာမှုတွေတက်လာတော့ တရုတ်ကို အာရုံစိုက်တာ ပိုများလာကြသလို၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့နိုင်ငံကို ကမ္ဘာ့စင်မြင့်ရဲ့ ဘယ်နေရာမှာထားချင်တာလဲ ဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။ အတိတ်သမိုင်းတွေကနေ သဲလွန်စအဖြေတွေ ရနိုင်ဖို့ဖြစ်နိုင်ပါလား၊ အောက်စဖို့ဒ်တက္ကသိုလ်က သမိုင်းပါမောက္ခ တယောက်ဖြစ်တဲ့ ရာနာ မစ်တာက ဒီဆောင်းပါးကို ရေးပါတယ်။
တရုတ်ဟာ ဒီနေ့ကာလမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံပါ၊ အရင် ဆယ်စုနှစ်တချို့တုန်းကတော့ ဒီအဆင့်ထိ တက်လှမ်းလာလိမ့်မယ်လို့ သိပ်မမှန်းဆခဲ့ကြပါဘူး။
ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်မှာ လက်မှတ်ရေးထိုးတာလိုမျိုး ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လာတာကတဆင့် ကမ္ဘာမှာ အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်လာတယ်လို့ ဆိုနိုင်မလား။
ဒါမှမဟုတ် ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်းကြီးမျိုးနဲ့ အပြိုင်အဆိုင်ဖြစ်လာလို့လား။
(အဲဒီ စီမံကိန်းကြီးမှာ နိုင်ငံပေါင်း ၆၀ ကျော်ကို ကွန်ရက်သဖွယ် ခရီးသွားလမ်းကြောင်းတွေ ဆက်နွှယ်လိုက်မယ့် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းတွေပါဝင်တယ်၊ ဒီစီမံကိန်းတွေအတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံငွေကို သူတို့က ချေးပေးမယ်၊ ဒီအချိန်မှာ ကမ္ဘာ့နိုင်ငံတွေကလည်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုချေးငွေတွေရတာ ကျဆင်းလာနေချိန်လည်းဖြစ်ပါတယ်။)
ဒါပေမယ့် ကမ္ဘာ့အရေးတွေနဲ့ပတ်သက်ပြီးပြောရာမှာ သူတို့လေသံက အတော် မာမာထန်ထန် လေသံနဲ့ပါပဲ။
သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန်တို့ ပါဝင်တဲ့ အော်ကပ်စ် (AUKUS) စာချုပ်နဲ့ သူတို့ကို ဝန်းရံထိန်းထားဖို့ ကြိုးစားတဲ့ အမေရိကန်ကို ဘေဂျင်းက ရှုတ်ချသလို၊ အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်ကနေ ထွက်ခွာသွားကြတဲ့ ဟောင်ကောင်သားတွေကို သူတို့နိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ဗြိတိန်ကိုလည်း အကျိုးဆက်တွေ ခံစားရမယ်လို့ သတိပေးပါတယ်၊ နောက်ပြီး ထိုင်ဝမ်ကျွန်းဟာ ပြည်မနဲ့ ပေါင်းစည်းဖို့ ပြင်ဆင်ထားပါလို့လည်း ပြောထားပါတယ်။
ကမ္ဘာ့စင်မြင့်မှာ စစ်အေးခေတ်က တရုတ်ကို ဦးဆောင်ခဲ့တဲ့ မော်စီတုန်းလို ခေါင်းဆောင်ရဲ့ ခေတ်အခါတုန်းကရခဲ့တဲ့ အနေအထားထက် ဒီနေ့ တရုတ်ပြည်ဟာ ပိုနေရာရလာမယ်လို့ သမ္မတ ရှီကျင့်ဖျင်က အခိုင်အမာ ပြောထားပါတယ်။
တရုတ်ရဲ့ အဝေးနဲ့ အနီးသမိုင်းတွေကိုကြည့်ပြီး တရုတ်ခေါင်းဆောင်ရဲ့ ကမ္ဘာ့အမြင်ကို သုံးသပ်ရှုမြင်ကြည့်ရအောင်ပါ။ ခေါင်းစဉ် ၅ ခု ရွေးထားပါတယ်။
ကွန်ဖြူးရှပ် လမ်းကြောင်းတွေ
တရုတ်လူမှုအသိုင်းအဝိုင်းကို နှစ်ပေါင်း ၂၀၀၀ ကျော် လွှမ်းမိုးခဲ့တာက ကွန်ဖြူးရှပ် အတွေးအမြင်ပါ။ ဒဿန ပညာရှင် ကွန်ဖြူးရှပ် (၅၅၁ - ၄၇၉ BC)က လူမှုအသိုင်းအဝိုင်းအတွင်းမှာ လူတွေဟာ သူ့နေရာကို သူသိကြရတဲ့ ရာထူးဂုဏ်သိမ် အဆင့်ဆင့်အလိုက်တည်ရှိမှုတွေ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ၊ စေတနာထားလုပ်ကြရတာတွေ၊ အောက်အလွှာက လူတွေကို အထက်အလွှာက လူတွေက စောင့်ရှာက်ရမှာတွေ စတာတွေ ပါဝင်တဲ့ စနစ်တခုကို ချပြတည်ဆောက်ခဲ့ပါတယ်။
နောက်ဆုံး ဧကရာဇ်ကို ဖြုတ်ချလိုက်တဲ့ ၁၉၁၁ ခုနှစ် တော်လှန်ရေးမတိုင်မီအချိန်အထိ တရုတ် ဘုရင်မင်းဆက်တွေက ဒီစနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ အဲဒီတော်လှန်ရေးက ကွန်ဖြူးရှပ်အတွေးအခေါ်နဲ့ ကျင့်သုံးလိုက်နာမှုတွေကို တိုက်ဖျက်လိုက်သလို၊ အဲဒါတွေကို ဆက်ကျင့်သုံးမယ်ဆိုပြီး မှန်းထားတဲ့ အစွန်းရောက်သူတွေကိုလည်း တားဆီးလိုက်ပါတယ်။
အသစ်ပေါ်ထွန်းလာတဲ့ ကွန်မြူနစ်ပါတီထဲမှာ ကွန်ဖြူးရှပ်ကို မပစ်ပယ်လိုတဲ့သူတွေရှိခဲ့ပေမယ့် အဲဒီပါတီ စတင်အာဏာရလာတဲ့ ၁၉၄၉ ကနေ ၁၉၇၆ ခုနှစ် အထိ ဦးဆောင်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ မော်စီတုန်းကတော့ အဲဒီအစဉ်အလာ တရုတ်ဒဿနကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၀ နှစ်တွေထဲမှာတော့ ကွန်မြူနစ်ပါတီရဲ့ အားပေးမှုနဲ့အတူ ကွန်ဖြူးရှပ် အတွေးအမြင်တွေဟာ တရုတ်လူမှုအသိုင်းအဝိုင်းထဲကို ပြန်ရောက်လာပါတယ်။
ဒီနေ့ခေတ် တရုတ်ပြည်ဟာ ကွန်ဖြူးရှပ်အမြင်ကနေ ဆင်းသက်လာတဲ့ "ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်မှု" (harmony - တရုတ်လို hexie) ဆိုတာကို "ဆိုရှယ်လစ် တန်ဖိုး"တခုလို ဂုဏ်ယူသတ်မှတ်ကြပါတယ်။ တရုတ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကွန်ဖြူးရှပ်ရဲ့ နောက်ထပ် အဓိကကျတဲ့မိန့်ဆိုချက်တခုဖြစ်တဲ့ "သနားကြင်နာ တတ်မှု" (benevolence - တရုတ်လို ren) ဆိုတာကို ပြင်ပကမ္ဘာနဲ့ ဆက်ဆံရာမှာ တရုတ်က ဘယ်လို ခံယူ သဘောထားသလဲဆိုတဲ့အပေါ်မှာလည်း စောကြောလေ့လာနေကြတာတွေ ရှိပါတယ်။
ဆင်ဟွာ တက္ကသိုလ်က ပါမောက္ခ ရန် ဇူတန်က အမေရိကန်ရဲ့ လွှမ်းမိုးလိုတဲ့ လုပ်ဆောင်ချက်တွေဟာ နှိုင်းယှဉ်မှုအရ "သနားကြင်နာတတ်မှုနည်းပါးတယ်"လို့ မြင်ပြီး တရုတ်အနေနဲ့ "လွှမ်းမိုး"မယ့် အစား "သနားကြင်နာတတ်တဲ့ အာဏာပိုင်" (benevolent authority) လုပ်ဖို့ ပိုရှေ့ရှုသင့်တယ်ဆိုတာကို ရေးပါတယ်။
"ဘုံရည်မှန်းချက်တူသော ကမ္ဘာ့လူမှုအသိုင်းအဝိုင်း" ဆိုတဲ့ ရှီကျင့်ဖျင်ရဲ့ တွေးမြင်မှုသည်ပင် ကွန်ဖြူးရှပ်ရဲ့ဒဿန ပါသလို၊ သူကိုယ်တိုင် ကွန်ဖြူးရှပ်ရဲ့ မွေးရပ် ကုဖုကို သွားလည်ပတ်ခဲ့ပါတယ်။
အရှက်ခွဲခံရတဲ့ ရာစုနှစ်
၁၉ ရာစု၊ ၂၀ ရာစုတွေ အတွင်းမှာ သူတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရမှုတွေက တရုတ်ရဲ့ ကမ္ဘာကိုမြင်တဲ့ အမြင်ကိုပုံဖော်ရာမှာ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေပါတယ်။
၁၉ ရာစုအလယ်လောက်မှာ ဖြစ်ခဲ့တဲ့ ဘိန်းစစ်ပွဲဟာ အနောက်နိုင်ငံကုန်သည်တွေက အင်အားသုံး အကြမ်းဖက်ပြီး တရုတ်နိုင်ငံတံခါးကို ရိုက်ချိုးဖွင့်ဝင်ခဲ့တာပါ။ ဥရောပနဲ့ ဂျပန်တို့ရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ၁၈၄၀ နှစ်တွေကနေ ၁၉၄၀ နှစ်တွေအကြား အများစုသော အချိန်ကာလတွေကို တရုတ်ရဲ့ အင်အားနည်းမှုကို ပြသခဲ့တဲ့ ရှက်စရာကာလ တနည်းအားဖြင့် "အရှက်ခွဲခံရတဲ့ ရာစုနှစ်" အဖြစ် သတိရနေကြဆဲပါ။
အဲဒီကာလတွေမှာ တရုတ်ဟာ ဟောင်ကောင်ကို ဗြိတိန်လက်ထဲအပ်ခဲ့ရတယ်၊ နိုင်ငံအရှေ့မြောက်ဘက်က မန်ချူးရီးယားဒေသကို ဂျပန်တို့ကို ပေးခဲ့ရတယ်၊ ဥပဒေကြောင်းအရ၊ ကုန်သွယ်စီးပွားအရ အခွင့်ထူးတွေကို အနောက်နိုင်ငံအတော်များများဆီကို ပေးခဲ့ရပါတယ်။
အဲဒီအတွေ့အကြုံဟာ ပြင်ပကမ္ဘာနဲ့ပတ်သက်ပြီး နက်ရှိုင်းတဲ့ သံသယတွေကို ဖြစ်စေခဲ့ပါတော့တယ်။ သမိုင်းအရ မှတ်မှတ်ထင်ထင် သိလာခဲ့ရတာနဲ့အတူ ၂၀၀၁ ခုနှစ်မှာ တရုတ်တို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ကို ဝင်ရာမှာ တရုတ်ရဲ့ ကုန်သွယ်ရေးကို နိုင်ငံခြားသားတွေ ထိန်းချုပ်သွားမယ့် မမျှတတဲ့ ကုန်သွယ်စာချုပ်တွေအရေးကို အထူးအလေးထားခဲ့သလို ဒီနေ့ခေတ် တရုတ် ကွန်မြူနစ်ပါတီကလည်း အဲဒီတုန်းက အခြေအနေမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူးလို့ သံန္နိဋ္ဌာန်ချထားပါတယ်။
ဒီနှစ် မတ်လထဲမှာ အမေရိကန်ပြည်ထောင်စု အလာစကားပြည်နယ်မှာ တရုတ်နဲ့ အမေရိကန် ညှိနှိုင်းရေးမှူးတွေ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ခဲ့ကြတော့ စိတ်မရှည်တဲ့ ပြောဆိုသုံးနှုန်းမှုတွေကို လူအများ တွေ့ခဲ့ကြရပါတယ်။ တရုတ်ဟာ "ရန်ထောင်တတ်ပြီး၊ မလိုတမျိုး လိုတမျိုး" လုပ်တယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ စွပ်စွဲချက်ကို တရုတ်က ခပ်ထန်ထန်ပဲ ငြင်းပယ်ပါတယ်။ ပြင်ပကမ္ဘာကလူတွေ တရုတ်ကို အထင်သေးချင်တိုင်းသေးတာကို ရှီရဲ့ တရုတ်နိုင်ငံက သည်းမခံပါဘူး။
မေ့ပျောက်ခံရတဲ့ မဟာမိတ်
ဒါပေမယ့် တခါတလေမှာတော့ ဆိုးရွားလှတဲ့ အဖြစ်တွေကနေ အပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပါးနိုင်ဖို့ ဖြစ်လာစေပါတယ်။
၁၉၄၁ ခုနှစ်မှာ ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲတဲ့အချိန်ကျမှ အနောက်နိုင်ငံမဟာမိတ်တပ်ဖွဲ့တွေ ကမ္ဘာ့စစ်ထဲက အာရှစစ်ပွဲကို ပါဝင်ခဲ့ကြတာဖြစ်ပြီး တရုတ်တို့ကတော့ ဂျပန် သူတို့ဆီကို စတင်ကျူးကျော်လာတဲ့ ၁၉၃၇ ခုနှစ်ကတည်းက ဒုတိယကမ္ဘာစစ်ထဲကို ပါဝင်ဆင်နွှဲခဲ့တယ်ဆိုတဲ့ သတင်းစကားက အဲဒီ ပါးစရာ သတင်းစကား တွေထဲက တခုပါ။
အဲဒီနှစ်ပိုင်း ကာလတွေအတွင်းမှာ တရုတ်နိုင်ငံဟာ ပြည်သူ ၁၀ သန်းကျော် ဆုံးရှုံးခဲ့ရတယ်။ သမိုင်းစာအုပ်တွေ၊ ရုပ်ရှင်တွေ၊ တီဗီတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ရတဲ့ အောင်ပွဲကြီးတခုကို တရုတ်တို့ လုပ်ဆောင် နိုင်ခဲ့ကြတယ်။ အဲဒါကတော့ ဂျပန်တပ် အင်အား ၅ သိန်းကျော်ကို တရုတ်ပြည်မကြီးထဲကနေ သူတို့ တိုက်ထုတ်နိုင်ခဲ့ တာပါ။
ဒီနေ့ တရုတ်ပြည်ဟာ သူတို့ကိုယ်သူတို့ အမေရိကန်၊ ဗြိတိန်၊ ရှရှားတို့နဲ့ ရင်ဘောင်တန်းပါဝင်ခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး မဟာမိတ် အင်အားစုထဲက အစိတ်အပိုင်းတခုအဖြစ် ပုံဖော်ထားပြီး ဝင်ရိုးတန်း အင်အားစုတွေကို အောင်မြင်အောင် တိုက်နိုင်ခဲ့တဲ့ အောင်ပွဲရသူတွေရဲ့ အခန်းကဏ္ဍကို ကမ္ဘာက မမေ့မလျော့အောင် သတိပေးရင်း ကိုယ့်ကိုယ်ကိုယ်လည်း မြင့်မြတ်တဲ့ ကျင့်ဝတ်ရှိသူဆိုတဲ့ ပုံရိပ်ကို အရောင်တင်ပြနေပါတယ်။
တရုတ်ဟာ မော်ခေတ်တုန်းက ဥပမာအားဖြင့် ၁၉၅၅ ခုနှစ်က ဘန်ဒေါင်းညီလာခံမှာ ပါဝင်ခဲ့တာတွေ၊ ၁၉၇၀ နှစ်တွေတဝိုက်မှာ အရှေ့အာဖရိကနိုင်ငံတွေအတွက် ဖောက်ပေးခဲ့တဲ့ တန်ဇမ် ရထားလမ်း စီမံချက်လိုမျိုး စီမံချက်တွေကို အကောင်အထည်ဖော်ပေးခဲ့တာတွေ စတာတွေကို ညွှန်းဆိုရင်း အဲဒီကာလမှာ တတိယကမ္ဘာနိုင်ငံတွေကို မော်က ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တယောက်အဖြစ် သမိုင်းမှာ အခန်းကဏ္ဍ ရှိခဲ့တယ်ဆိုတာကိုပြပြီး ဒီနေ့ခေတ် ဒီနေ့ကာလမှာ အနောက်မဟုတ်တဲ့ နိုင်ငံတွေကြား ခေါင်းဆောင်နိုင်ငံတနိုင်ငံအဖြစ် စွမ်းဆောင်နိုင်ရည်တွေရှိတယ်ဆိုတာကို တရုတ်က ပြသပါတယ်။
တရုတ်ဟာ သူလျှောက်ခဲ့တဲ့လမ်းကြောင်းက ချန်ရစ်ထားပေးခဲ့တဲ့ အမွေကို ဆက်ပြီး ခံယူရဆဲဆိုတာကို ခေတ်သစ် သမိုင်းတွေထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ၁၉၅၈ ကနေ ၁၉၆၂ ကြားက မဟာခုန်ပျံကျော်လွှားမှုဆိုတဲ့ စီးပွားရေးမူဝါဒ အမှားအယွင်းတွေကြောင့် လူသန်းပေါင်းများစွာ အငတ်ဘေးဆိုက်ခဲ့ရတဲ့ ပြက်ပြက်ထင်ထင် ဖြစ်ရပ်တွေကိုတော့ ဒီနေ့ တရုတ်ပြည်မှာ သိပ်အလေးထားပြောတာမျိုး မတွေ့ရတော့ပါဘူး။
ခေတ်သစ်သမိုင်းမှာဖြစ်ဖူးခဲ့တဲ့ စစ်တွေကို ပိုပြီးထိပ်တိုက်ရင်ဆိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပြန်သုံးလာပါတယ်။ ၁၉၅၀ နဲ့ ၅၃ ကြားမှာ ဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲကို တရုတ်တို့က "အမေရိကန်ကို ခုခံခဲ့တဲ့ စစ်ပွဲ"လို့ အမည်ပြောင်းလဲပေးကာ အမှတ်တရ ပြန်ဖော်ထုတ်လာတာကို အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး အဖုအထစ်ဖြစ်နေတဲ့ မနှစ်က တွေ့ရ ပါတယ်။
မတ်စ်ဝါဒ အပေါ်မှာ
တရုတ်ရဲ့နိုင်ငံရေးအတွေးအခေါ်မှာ မတ်စ်ဝါဒနဲ့ လီနင်ဝါဒတို့က သမိုင်းတလျောက်လုံး နက်နက်ရှိုင်းရှိုင်းအမြစ်တွယ် ရှိနေခဲ့သလို၊ ရှီကျင့်ဖျင်လက်ထက်မှာလည်း ဒီဝါဒတွေကို တက်တက်ကြွကြွ ပြန်လည်အသက်ဝင်စေပါတယ်။
၂၀ ရာစု တလျောက်လုံးမှာလည်း မော်စီတုန်းနဲ့ တခြား ကွန်မြူနစ်ခေါင်းဆောင်တွေဟာ မတ်စ်ဝါဒအပေါ် နိုင်ငံရေး အရ ငြင်းခုံဆွေးနွေးခဲ့ကြပြီး နောက်ဆက်တွဲ အဖြစ်တွေလည်း အများကြီး ဖြစ်လာခဲ့ပါတယ်။
ဥပမာအားဖြင့် မော်စီတုန်း အုပ်စိုးတဲ့ အစပိုင်းနှစ်တွေမှာ "လူတန်းစား စစ်ပွဲ" ဆိုတာကနေ အရေအတွက် ၁ သန်းလောက်ရှိတဲ့ မြေပိုင်ရှင်တွေ အသတ်ခံရတာတွေ ဖြစ်စေခဲ့ပါတယ်။
ဒီနေ့ဒီကာလတရုတ်မှာတော့ "လူတန်းစား" ဆိုတဲ့ စကားလုံးကို လူမှုအသိုင်းအဝိုင်းကို ဖော်ကျူးရာမှာ သိပ်မသုံးကြတော့ပေမယ့် တရုတ် နိုင်ငံရေး ဘာသာစကားတွေထဲမှာတော့ "ဆိုရှယ်လစ်ဝါဒအတွက် ရုန်းကန်တိုက်ပွဲဝင်မှု"၊ "ပဋိပက္ခကျမ်း"၊ "ဆိုရှယ်လစ်ဝါဒကို ခံယူမှုဟာ အရင်းရှင်စနစ်ကို ဆန့်ကျင်တာဖြစ်တယ်" စတဲ့ စကားလုံးတွေက တွင်ကျယ်နေဆဲပါ။
တရုတ်လူမှု အသိုင်းအဝိုင်းထဲက ပြဿနာတွေနဲ့ပတ်သက်လို့ ပါတီရဲ့ မှန်းဆတွေးခေါ်မှု သီအိုရီတွေကို ဖော်ပြတဲ့ ကျုရှီလို အဓိက ဂျာနယ်တွေထဲမှာ ပုံမှန်လိုလို ဆွေးနွေးကြပြီး အဲဒီလို ဆွေးနွေးမှုတွေထဲမှာ မတ်စ် အတွေးအမြင် သီအိုရီတွေနဲ့ ယှဉ်ထိုးပြီး ငြင်းခုံကြဆဲပါ။
မတ်စ်ရဲ့ ပဋိပက္ခကျမ်း အလိုအရ အမေရိကန် - တရုတ် ပြိုင်ဆိုင်မှုကို ရုန်းကန်တိုက်ပွဲဝင်မှု တခုအဖြစ် ရှီရဲ့ တရုတ် နိုင်ငံက အဓိပ္ပာယ်ဖွင့်ပါတယ်။
လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ စီးပွားရေးအင်အားစုတွေ၊ သူတို့ရဲ့ တခုနဲ့တခုကြား တုံ့ပြန်သက်ရောက်မှုတွေကို ကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ သူတို့ဟာ တွန်းတိုက်လှုပ်ရှားကြရင်း စီးပွားရေးကို ကြီးထွားလာစေမှုတွေမှာ ကြုံရတဲ့အခက်အခဲတွေကို ကျော်ဖြတ်ပြီး တချိန်မှာတော့ စိုပြည်ဝပြော လာခဲ့တာပါ။ မတ်စ်ဝါဒထဲမှာလည်း သဘောတူညီမှု ဆုံချက်ကို ရောက်ဖို့ နာကျင်ပြီး တာရှည်လှတဲ့ ပဋိပက္ခကို ကျော်လွှားရစမြဲလို့ ဆိုထားပါတယ်။
ထိုင်ဝမ်
ဘေဂျင်းအနေနဲ့ ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီး သူတို့ရည်မှန်းချက်က မပြောင်းမလဲ ခိုင်ခိုင်မာမာပါ၊ ဒီကျွန်းဟာ ပြည်မ တရုတ်ပြည်နဲ့ ပြန်ပေါင်းစည်းရမှာပါ။
တရုန်နိုင်ငံရေးမှာ ထိုင်ဝမ်ရဲ့ အနေအထားက ကျလာလိုက်၊ တက်လာလိုက် အကြိမ်ကြိမ်ဖြစ်ခဲ့တာကို ပြီးခဲ့တဲ့ ရာစုနှစ် သမိုင်းကို ပြန်ကြည့်ရင်တွေ့ရပါတယ်။ ၁၈၉၅ ခုနှစ်မှာ ဂျပန်နဲ့ စစ်အကြီးအကျယ်ဖြစ်ပြီး တရုတ်ဟာ ထိုင်ဝမ်ကို ဂျပန်လက်ထဲ ပေးခဲ့ရပါတယ်။ နောက်ထပ် နှစ် ၅၀ လောက် ဂျပန်က ထိုင်ဝမ်ကျွန်းကို သူ့ ကိုလိုနီနယ်အဖြစ် ထားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ ၁၉၄၅ နဲ့ ၁၉၄၉ ကြားမှာ အမျိုးသားရေးဝါဒီတို့ရဲ့ စေ့ဆော်မှုနဲ့ ပြန်ပေါင်းစည်းခဲ့ပါတယ်။ မော်လက်ထက်မှာ အဲဒီပေါင်းစည်းမှုကို ဆက်လုပ်နိုင်ရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲဒီတုန်းက အမေရိကန် သမ္မတ ထရူးမင်းက ထိုင်ဝမ်အရေး တရုတ်ကပဲ ဆုံးဖြတ်စေ ဆိုတဲ့မူ ချကောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၅၀ မှာ မြောက်ကိုရီယားက တောင်ကိုရီးယားကို ဝင်ရာမှာ တရုတ်က မြောက်ကိုရီးယားဘက်က ပါဝင်ကူညီတဲ့အခါမှာတော့ အနောက်အုပ်စုက ထိုင်ဝမ်ကို စစ်အေး မဟာမိတ်အဖြစ် သတ်မှတ်လိုက်ပါတော့တယ်။
၁၉၅၈ တုန်းက ထိုင်ဝမ်ကျွန်းကို မော်က ထိုးစစ်ဆင်ပါသေးတယ်။ ဒါပေမယ့် နောက် အနှစ် ၂၀ လောက် ထိုင်ဝမ်ကို ဒီအတိုင်းပဲ ဘာမှမလုပ်ဘဲ ထားလိုက်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ ဆက်ဆံရေး ပြန်တည်ဆောက်ကြတဲ့ ၁၉၇၉ မှာ ဘက်အားလုံးက One China - တရုတ်ဟာ တနိုင်ငံတည်း ဆိုတဲ့ မူကို ခက်ခက်ခဲခဲ သဘောတူခဲ့ကြပေမယ့်၊ ဘေဂျင်း နဲ့ ထိုင်ဝမ် အကြား ဘယ်အစိုးရက ဒီကျွန်းကို တရားဝင်အုပ်ချုပ်မှာလဲဆိုတဲ့ အပေါ် သဘောတူညီချက် မရခဲ့ပါဘူး။
နောင် နှစ်ပေါင်း ၄၀ လွန်လာတဲ့ ဒီကာလမှာတော့ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပေါင်းစည်းရေးကို မဝေးတဲ့အနာဂတ်မှာ လုပ်တော့မယ်လို့ ဆိုသလို၊ အခုအချိန်မှာ လစ်ဘရယ် ဒီမိုကရေစီကို ထွေးပွေ့ထားနိုင်တဲ့ ထိုင်ဝမ်သူ ထိုင်ဝမ်သားတွေ အဖို့ ဟောင်ကောင်က ဥပမာကိုကြည့်ပြီး ပြည်မနဲ့ နီးစပ်လာတဲ့ ဆက်ဆံရေးအပေါ် ပိုပို စိုးရွံ့လာနေကြပါတယ်။
(ဒီဆောင်းပါးရေးသူ ပါမောက္ခ ရာနာ မစ်တာဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ တရုတ် ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေးကို အထူးပြုလေ့လာ သင်ကြားပေးနေတာပါ။ သူ့ရဲ့နောက်ဆုံး စာအုပ်က China's Good War: How World War II Is Shaping a New Nationalism ဖြစ်ပါတယ်။)