နယူးကာဆယ်ပိုင်ရှင်သစ်တွေ ရဲ့ စပွန်ဆာတွေကို ပိတ်ပင်ဖို့ ပရီးမီးယားလိဂ် အသင်းတွေ မဲခွဲ ဆုံးဖြတ်

နယူးကာဆယ် ယူနိုက်တက်အသင်းကို ပေါင်စတာလင် ၃၀၅ သန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှာ အဲဒီ ဆော်ဒီအာရေဗျ ပိုင်ရှင်သစ်တွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေက ငွေကြေးအထောက်အပံ့ စပွန်ဆာတွေကို ယာယီပိတ်ပင်ထားဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အကြား မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ပရီးမီးယားလိဂ်အသင်းတွေအကြား အရေးပေါ် အစည်းအဝေးတခု ကျင်းပခဲ့ကြအပြီးမှာ အခုလို တားမြစ်ဖို့အတွက် ၁၈ သင်းကမဲပေး ဆုံးဖြတ်ခဲ့တာပါ။ နယူးကာဆယ်ကတော့ ကန့်ကွက်မဲ ပေးခဲ့ပြီး မန်ချက်စတာ စီးတီးကတော့ မဲမပေးခဲ့ဘဲ ၂ သင်းစလုံးက ဒီလို လုပ်တာဟာ ဥပဒေနဲ့ ညီရဲ့လားဆိုတာကိုပဲ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီလို ဆုံးဖြတ်ခဲ့တာကြောင့် ဒီလို ငွေကြေး စပွန်ဆာတွေကို ၁ လ ပိတ်ပင်ထားမှာ ဖြစ်ပြီး အဲဒီအတောအတွင်းမှာ ဒီကိစ္စအတွက် ဆက်လက် ဆွေးနွေးသွားကြဖို့ ရှိပါတယ်။

အဲဒီပိတ်ပင်မှုကြောင့် နယူးကာဆယ်အနေနဲ့ ဆော်ဒီပိုင်ရှင်သစ်တွေနဲ့ ဆက်စပ်နေတဲ့ အသင်းရဲ့ ၈၀ ရာခိုင်နှုန်း ပိုင်တဲ့ Public Investment Fund (PIF) လို ကုမ္ပဏီကြီးတွေနဲ့ စပွန်ဆာ စာချုပ်တွေ ချုပ်ဆိုနိုင်ဦးမှာ မဟုတ်ပါဘူး။

နယူးကာဆယ်ကို ဆော်ဒီပိုင်ရှင်သစ်တွေကို ရောင်းချလိုက်တဲ့ အောက်တိုဘာလ ၇ ရက် နောက်ပိုင်းမှာ ပရီးမီယားလိဂ် အသင်းတွေက ဒီအရောင်းအဝယ်အတွက် ပိုင်ရှင်နဲ့ အမှုဆောင်လူကြီးတွေရဲ့ အရည်အချင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပုံနဲ့ အရောင်းအဝယ်ကိစ္စကို ခွင့်ပြုခဲ့တာနဲ့ ပတ်သက်လို့ မွေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ လိဒ်စ် ယူနိုက်တက် အသင်းပိုင်ရှင် Andrea Radrizzani က ပရီးမီးယားလိဂ်က အသင်း ၂၀ လုံး ညီတူညီမျှ ရှိနေစေဖို့အတွက် ဒီရောင်းချမှုနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး ဆိုင်ရာစည်းမျဥ်း စည်းကမ်းတွေကို လိုက်နာစေဖို့ အတွက် လုပ်ဖို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဥ်းတွေအရ ကလပ်အသင်းတွေအနေနဲ့ ၃ နှစ် အတွင်း ပေါင်ငွေ ၁၀၅ သန်းအထိ အရှုံးပြလို့ ရပါတယ်။ ပရီးမီးယားလိဂ်ဘက်က ဒီရောင်းချမှုနဲ့ ပတ်သက်လို့ ဆော်ဒီအစိုးရက ကလပ်အသင်းကို ထိန်းချုပ်မှာ မဟုတ်ကြောင်း ဥပဒေနဲ့ အညီ အာမခံချက်တွေ ရရှိခဲ့တာကြောင့် ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု အရောင်းအဝယ်နဲ့ ပတ်သက်လို့ ၈၀ ရာခိုင်နှုန်းကို ပေးမယ့် PIF ဟာလည်း အစိုးရနဲ့ မပတ်သက်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဆော်ဒီအာရေဗျရဲ့ အိမ်မင်းသား မိုဟာမက် ဘင် ဆာလ်မန်ဟာ အဲဒီ PIF ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ PIF ရဲ့ ပိုင်ဆိုင်မှုဟာ ပေါင်စတာလင် ၂၅၀ ဘီလျံတောင် ရှိတာမို့ နယူးကာဆယ်ဟာလည်း ကမ္ဘာ့အချမ်းသာဆုံး အသင်း တသင်း ဖြစ်သွားခဲ့ပါတယ်။

ပိုင်ရှင်တွေနဲ့ ဆက်စပ်ပတ်သက်တဲ့ လုပ်ငန်းတွေက စပွန်ဆာ ယူထားတဲ့ ဥရောပကလပ် အသင်း တွေရှိပါတယ်။

မန်ချက်စတာစီးတီးရဲ့ ကွင်း၊ လေ့ကျင့်ရေး ကွင်းနဲ့ အဆောက်အအုံတွေ၊ အသင်းဝတ်စုံတွေကို Etihad က စပွန်ဆာ ပေးတာပါ။ Etihad ဆိုတာ အဘူဒါဘီရဲ့ လေကြောင်းလိုင်းပါ။ စီးတီးကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က အဘူဒါဘီ ပိုင်ရှင်တွေက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ စီးတီးဟာ သူတို့ အပေါ် ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဘဏ္ဍာရေးစည်းမျဥ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုပြီး ဥရောပ ဘောလုံးပြိုင်ပွဲတွေကနေ ယှဥ်ပြိုင်ခွင့် ၂ နှစ် ပိတ်ထားတာကို ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ မနှစ်ကပဲ အားကစားဆိုင်ရာ အနုညာတ ခုံရုံးက သူတို့ အပေါ် စွပ်စွဲဆိုထားတဲ့ စပွန်ဆာတွေနဲ့ ပတ်သက်လို့ မလျော်မကန် လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ စီးတီးဟာ ဘဏ္ဍာရေး စည်းမျဥ်းတွေ ချိုးဖောက်ခဲ့သလား ဆိုတဲ့ စုံစမ်းမှုတွေကတော့ ခုထက်ထိ အဖြေမထွက်သေးပါဘူး။

ပရီးမီးယားလိဂ်က ပြည်တွင်းစစ်

ဥရောပ နိုင်ငံတွေမှာ နိုင်ငံအလိုက်ရော ဥရောပ တတိုက်လုံးအတွက်ပါ ဘောလုံးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိကြတယ်လို့ အားကစားရဲ့ ဘူမိနိုင်ငံရေး ကျွမ်းကျင်သူ ဆိုင်မွန် ချက်ဝစ်က ဘီဘီစီ ကို ပြောပါတယ်။

ဒါကလည်း ရလာတဲ့ ဝင်ငွေရှာဖွေမှု၊ ဝင်ငွေ ထွက်ငွေ ထိန်းချုပ်မှုနဲ့ မလျော်ကန်တဲ့ ပံ့ပိုးမှုတွေ ရှိမလာစေဖို့ လုပ်ထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပိုင်ရှင်တွေက သူတို့ အသင်းတွေ ပြိုင်ပွဲတွေမှာ အခြေအနေကောင်းဖို့ ငွေတွေ တအားထုတ်သုံးတာမျိုး မလုပ်စေဖို့ အတွက်ဖြစ်ပါတယ်။

အခုလို သီတင်း ၄ ပတ် ပိတ်ပင်တာက ရာသီကုန်ခါနီးတွေမှာ တွေ့ရတတ်တဲ့ ပုံမှန်မဟုတ်တဲ့ စပွန်ဆာမျိုးတွေကို ပိတ်တာပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကို ကြည့်ရင် အတွင်းထဲမှာ ပြဿနာတွေ ရှိနေတာကို ထင်ဟပ်နေတာလို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျက ဝယ်ယူမှုဟာလည်း တော်တော် ကြာကြာ စောင့်ခဲ့ရတာ ဖြစ်ပြီး နောက်ကွယ်မှာ နိုင်ငံရေး တွေနဲ့ လူမသိသူမသိတဲ့ ကိစ္စမျိုးတွေလည်း ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

တခြား ကလပ်အသင်း ၁၈ ခုက ဒီ အရောင်းအဝယ်နဲ့ ပတ်သက်လို့ သဘောမကျတဲ့ ကြေညာချက်ကလည်း နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ ဆော်ဒီအာရေဗျ ပိုင်ရှင်သစ်တွေရော၊ မန်ချက်စတာ စီးတီးက အဘူဒါဘီ ပိုင်ရှင်တွေရောကို အောင်မြင်မှုကို ဝယ်ယူလို့ မရနိုင်ဘူး၊ စည်းမျဥ်း စည်းကမ်းတွေ ရှိပြီး ဒါတွေကို လိုက်နာဖို့ လိုတယ်၊ မလိုက်နာရင် အရေးယူခံရမယ် ဆိုတာကို သတိပေးလိုက်တာပဲ လို့ ဆိုပါတယ်။

ဘဏ္ဍာရေး ဆိုင်ရာ မျှတမှု ဆိုတာက ဘာလဲ

ဘောလုံးကလပ်တွေအနေနဲ့ ကိုယ်ရတဲ့ ဝင်ငွေပမာဏထက် ပိုပြီး လွန်လွန်ကျွံကျွံ မသုံးစွဲကြစေဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရော ပရီးမီးယားလိဂ်မှာပါ ဘဏ္ဍာရေး ဆိုင်ရာ မျှတမှု ရှိဖို့အတွက် စည်းမျဥ်းတွေ သတ်မှတ်ထားကြပါတယ်။

အဲဒီ စည်းမျဥ်းတွေအရ ကလပ်အသင်းတွေအနေနဲ့ ဘောလုံးသမား အရောင်းအဝယ်၊ လစာ စတဲ့ ကုန်ကျစရိတ်တွေဟာ အသင်းက ရရှိတဲ့ ဝင်ငွေတွေနဲ့ မျှတမှု ရှိနေဖို့ လိုပါတယ်။

ဘောလုံးကွင်း၊ လေ့ကျင့်ရေး ကွင်းတွေ၊ ငယ်မွေးခြံပေါက် ဘောလုံးသမားမွေးထုတ်ရေးနဲ့ လူမှုရေး ဆိုင်ရာတွေအတွက် သုံးစွဲ စရိတ်တွေတော့ အဲဒီ ကန့်သတ်ချက်တွေထဲမှာ မပါဝင်ပါဘူး။

ဥရောပ ဘောလုံးအဖွဲ့ချုပ်ရော ပရီးမီးယားလိဂ်ကပါ ကလပ်အသင်း တသင်းအနေနဲ့ ကာလတခုအတွင်း ပမာဏ ဘယ်လောက်အထိ အရှုံးပြနိုင်သလဲ ဆိုတာကိုလည်း သတ်မှတ်ထားပါတယ်။