တရုတ်နိုင်ငံက တခြားနိုင်ငံတွေ အားလုံးပေါင်းထက် ကိုဗစ်ကာကွယ်ဆေး ပိုထုတ်ခဲ့သလား

Photo 1. တရုတ်နိုင်ငံဟာ ပြည်တွင်းအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၂၀ဝ ထုတ်လုပ် ထိုးနှံပေးခဲ့တယ်လို့ ကြေညာထားပေမယ့် ဘီဘီစီကတော့ အခုလို တရုတ်ပြည်တွင်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို အတည်ပြုနိုင်တဲ့ အနေအထား မရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံဟာ ပြည်တွင်းအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၂၀ဝ ထုတ်လုပ် ထိုးနှံပေးခဲ့တယ်လို့ ကြေညာထားပေမယ့် ဘီဘီစီကတော့ အခုလို တရုတ်ပြည်တွင်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို အတည်ပြုနိုင်တဲ့ အနေအထား မရှိ

တရုတ်အစိုးရက သူတို့ဟာ ကမ္ဘာအရပ်ရပ်မှာ ထုတ်လုပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အားလုံး စုစုပေါင်းရဲ့ တစ်ဝက်ကျော်ကို ထုတ်လုပ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အခုလို ပြောဆိုမှုကို ဘီဘီစီက လေ့လာကြည့်ရာမှာ အဲဒီအခြေအနေအတိုင်း အတိအကျ ရိုးရှင်းနေတဲ့ အချက်အလက်တခု မဟုတ်တာကို တွေ့ရှိခဲ့ပါတယ်။

ဗီဒီယို ပုံစာ, စစ်ကောင်စီ တရုတ်နိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေး (၂၄)သန်းဝယ်

တရုတ်က ဘယ်လို ပုံစံမျိုးနဲ့ ပြောဆိုလိုက်တာလဲ

တရုတ်ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလိုက်တဲ့ ဗီဒီယိုတစ်ခုမှာ ကမ္ဘာပေါ်က ကိုဗစ်ကာကွယ်ဆေး တစ်ဝက်ကျော်ကို တရုတ်က ထုတ်လုပ်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Our World in Data ဝက်ဘ်ဆိုဒ်အရ ကမ္ဘာပေါ်မှာ ထိုးပြီးသွားတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ခြောက်ထောင် ကျော်သွားပြီ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက ပြည်တွင်းနဲ့ ပြည်ပအတွက် ကိုဗစ်ကာကွယ်ဆေး အလုံး သန်း သုံးထောင်ကျော် ထုတ်လုပ်ပေးခဲ့တယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

တရုတ်နိုင်ငံဟာ ပြည်တွင်းအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၂၀ဝ ထုတ်လုပ် ထိုးနှံပေးခဲ့တယ်လို့ ကြေညာထားပေမယ့် ဘီဘီစီကတော့ အခုလို တရုတ်ပြည်တွင်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို အတည်ပြုနိုင်တဲ့ အနေအထား မရှိပါဘူး။

တရုတ်နိုင်ငံဟာ ပြည်ပကို ကိုဗစ် ကာကွယ်ဆေး တင်ပို့ရာမှာ ဦးဆောင်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရောင်းချမှုနဲ့ရော လှူဒါန်းမှု ပုံစံနဲ့ပါ တင်ပို့နေရာမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း တစ်ရာကျော်ကို ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၁၂၀ဝ နဲ့ ညီမျှတဲ့ ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက်နဲ့ တစ်လုံးချင်း ခွဲခြား ထည့်သွင်းပြီးသား အမျိုးမျိုး တင်ပို့ထားတယ်လို့ ဆိုပါတယ်။

တရုတ်ပြည် ပြင်ပ ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ပေးပို့မှုကိုလည်း ထုတ်လုပ်ပြီးသား ကာကွယ်ဆေး အလုံးအရေအတွက် အနေနဲ့ ထည့်သွင်းပြီး တွက်ချက်ထား

ဓာတ်ပုံ ရင်းမြစ်, VCG

ဓာတ်ပုံ ပုံစာ, တရုတ်ပြည် ပြင်ပ ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ပေးပို့မှုကိုလည်း ထုတ်လုပ်ပြီးသား ကာကွယ်ဆေး အလုံးအရေအတွက် အနေနဲ့ ထည့်သွင်းပြီး တွက်ချက်ထား

တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို အတည်ပြုနိုင်သလား

အချက်အလက် သုတေသနကုမ္ပဏီ Airfinity က နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုတွေကို လမ်းကြောင်းလိုက်ခဲ့ရာမှာ အောက်တိုဘာ ၈ ရက်နေ့ နောက်ဆုံးထား ရရှိထားတဲ့ အချက်အလက်အရ တရုတ်နိုင်ငံဟာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံကို ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၁၁၀ဝ ရောင်းချထားပြီး ကုလသမဂ္ဂရဲ့ အောက်တိုဘာလ ၁ ရက်နေ့ နောက်ဆုံးထား ရရှိတဲ့ အချက်အလက်အရ ကိုဗစ်ကာကွယ်ဆေး အလုံး ၅၂ သန်း လှူဖို့ ကတိပြုထားတဲ့အထဲက ၃၇ သန်း ပေးပို့ ပြီးပြီလို့ ဆိုပါတယ်။

ဒါကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက ပြည်ပကို ပို့ခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေး အလုံး သန်း ၁၂၀ဝ ရှိပြီဆိုတာဟာ လက်တွေ့ တွေ့ရှိရတာထက် အနည်းငယ် များနေပေမယ့် စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး အလုံး ၁၁၃၈ သန်း ရှိတဲ့အတွက် ကွာဟမှု မကြီးလှတာကို တွေ့ရပါတယ်။

အခုလို တွေ့ရှိရတဲ့ အရေအတွက်နဲ့ တရုတ်ပြည်တွင်း ထိုးနှံထားတယ်ဆိုတဲ့ အရေအတွက်ဖြစ်တဲ့ ကိုဗစ် ကာကွယ်ဆေး အလုံး သန်း ၂၂၀ဝ နဲ့ ပေါင်းမယ်ဆိုရင် ကမ္ဘာပေါ်က စုစုပေါင်း ထိုးပြီးသား ကာကွယ်ဆေး အလုံး သန်း ၆၀ဝ၀ ရဲ့ တစ်ဝက်ကျော်တော့ ရှိနေပါတယ်။

တစ်ဖက်မှာ ကြည့်မယ်ဆိုရင်တော့ တရုတ်ရဲ့ တခြားနိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး တင်ပို့တဲ့ သဘောတူညီမှုတွေမှာ အဲဒီနိုင်ငံတွေမှာ ထုတ်လုပ်ဖို့ အချက်တွေလည်း ပါဝင်ရာမှာ အခုလို တရုတ်ပြည် ပြင်ပ ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ပေးပို့မှုကိုလည်း ထုတ်လုပ်ပြီးသား ကာကွယ်ဆေး အလုံးအရေအတွက် အနေနဲ့ ထည့်သွင်းပြီး တွက်ချက်ထားတာကို တရားဝင် ကြေညာချက်တွေမှာ တွေ့မြင်လာရပါတယ်။

ဥပမာအားဖြင့် အာရပ်စော်ဘွားများနိုင်ငံ UAE ဆိုရင် တရုတ်ကာကွယ်ဆေးတွေကို UAE ပြည်တွင်းမှာ တရုတ်ကပို့တဲ့ ဓာတုပစ္စည်းတွေသုံး ထုတ်လုပ်ဖို့ ပြီးခဲ့တဲ့ မတ်လက သဘောတူထားခဲ့ပါတယ်၊ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးမဟုတ်တဲ့ အက်စရာ ဇနက်ကာ ကိုဗစ်ကာကွယ်ဆေး နည်းပညာနဲ့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ဘရာဇီးက Bio-Manguinhos/Fiocruz ဆေးကုမ္ပဏီဆိုရင်လည်း တရုတ်ကုမ္ပဏီ Wuxi Biologics က တင်ပို့တဲ့ ပစ္စည်းတွေနဲ့ ကိုဗစ်ကာကွယ်ဆေး သန်း ၁၀ဝ ကျော် ထုတ်လုပ်တာကို တွေ့ရှိခဲ့ရပါတယ်။

Photo 3. ဒီအချက်အလက်တွေထဲမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က နိုင်ငံတွေ အချင်းချင်းသာ တင်ပို့မှုရှိတဲ့ ကာကွယ်ဆေး တစ်လုံးစီ ပြန်လည် ဖြည့်သွင်းဖို့ အသုတ်လိုက် တင်ပို့မှု အချက်အလက်တွေတော့ မပါဝင်
ဓာတ်ပုံ ပုံစာ, ဒီအချက်အလက်တွေထဲမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က နိုင်ငံတွေ အချင်းချင်းသာ တင်ပို့မှုရှိတဲ့ ကာကွယ်ဆေး တစ်လုံးစီ ပြန်လည် ဖြည့်သွင်းဖို့ အသုတ်လိုက် တင်ပို့မှု အချက်အလက်တွေတော့ မပါဝင်

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နှုန်း တရုတ်နဲ့ တခြားနိုင်ငံတွေ ဘယ်လိုကွာသလဲ

Our World in Data ဝက်ဘ်ဆိုဒ်အရ ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ နောက်ဆုံးထားရရှိတဲ့ အချက်အလက်ရ ပြည်တွင်း ထိုးနှံပေးပြီး ကိုဗစ်ကာကွယ်ဆေး အလုံး အရေအတွက်မှာ တရုတ်နိုင်ငံက သန်း ၂၂၀ဝ၊ အိန္ဒိယက ၉၂၃.၅ သန်းကျော်၊ ဥရောပသမဂ္ဂအတွင်းက ၅၇၁.၄ သန်းနဲ့ အမေရိကန်က ၃၉၈.၇ သန်း အသီးသီး ရှိကြတာကို တွေ့ရပါတယ်။

ဘီဘီစီကို Airfinity က ပေးပို့တဲ့ အချက်အလက်အရ ဆိုရင် ဥရောပ စီးပွားရေးဇုန် လို့ခေါ်တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့တကွ အိုက်စလန်၊ လစ်ခ်တန်စတိုင်းနဲ့ နော်ဝေးနိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေးတွေ ပြည်ပကို ၈၅၃,ဝ၁၅,၁၇၉ လုံးနဲ့ အမေရိကန်နိုင်ငံက ၁၇၈,၅၉၂,၉၃၀ လုံးတို့ အသီးသီး တင်ပို့ခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချက်အလက်တွေထဲမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က လှူဒါန်းတဲ့ ပေးပို့မှုတွေ ပါဝင်ပေမယ့် အဲဒီ နိုင်ငံတွေ အချင်းချင်းသာ တင်ပို့မှုရှိတဲ့ ကာကွယ်ဆေး တစ်လုံးစီ ပြန်လည် ဖြည့်သွင်းဖို့ အသုတ်လိုက် တင်ပို့မှု အချက်အလက်တွေတော့ မပါဝင်တာကို တွေ့ရှိရပါတယ်။

အိန္ဒိယနိုင်ငံကတော့ ပြီးခဲ့တဲ့မေလကုန် ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှု မဆိုင်းငံ့ခင်အထိ အဲဒီ ကာကွယ်ဆေးအလုံး ၆၆.၄ သန်း တင်ပို့ထားခဲ့ပြီး ရုရှားနိုင်ငံကလည်း နိုင်ငံတကာကို ကိုဗစ်ကာကွယ်ဆေး တင်ပို့ဖို့ ကတိပြုထားပေမယ့် ဘယ်လောက်အထိ တင်ပို့ထားသလဲ ဆိုတဲ့ အချက်အလက်ကတော့ မရှင်းလင်းသေးပါဘူး။

အဓိကအချက်ကတော့ အထက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း အနောက်နိုင်ငံတွေ အချင်းချင်း အကြား စာရင်းမဝင်သေးတဲ့ ကာကွယ်ဆေး တစ်လုံးစီ ပြန်ထုတ်ဖို့ ဓာတုပစ္စည်းတင်ပို့မှုနဲ့အတူ အလားတူ သီးခြား ဖယ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အများအပြား ရှိနေတာကို Airfinity က ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် တင်ပို့မှုအတွက် ပေးပို့လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးတိုင်းဟာလည်း အမှန်တကယ် ရောက်ရှိသွားချိ်န်မှာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အခြေခံ အဆောက်အအုံ မလုံလောက်မှု၊ ဝန်ထမ်း အရည်အသွေး အပါအဝင် အခြား မလုံလောက်မှုတွေ ရှိတဲ့အတွက် ချက်ချင်း ထိုးမပေးဖြစ်တာတွေ ရှိတဲ့အတွက် ဒါတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး စာရင်းထဲထည့်တာက အငြင်းပွားစရာ ရှိနေပါတယ်။