ကိုဗစ်ကာကွယ်ဆေး သန်း ၂၄၀ ကျော် အလဟဿဖြစ်သွားနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဗုဒ္ဓဟူးနေ့မှာ ကိုဗစ်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ကြီးမှူးကျင်းပခဲ့ပါတယ်။
လာမယ့်နှစ် စက်တင်ဘာလမှာ ကမ္ဘာ့လူဦးရေရဲ့ စုစုပေါင်း ၇၀% ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကတိက၀တ်ပြုဖို့ အဲ့ဒီဆွေးနွေးပွဲမှာ သမ္မတ ဘိုင်ဒန်က မေးမြန်းဖွယ် ရှိနေခဲ့ပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေး အပိုအလျှံတွေကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီဆေးအများစုဟာ မကြာမီကာလအတွင်း စွန့်ပစ်ရနိုင်ဖွယ်ရှိတယ်လို့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ နိုင်ငံ့လူဦးရေရဲ့ ၂% တောင် ကာကွယ်ဆေး မထိုးရသေးပါဘူး။
ဒီနှစ်နွေရာသီမှာ အီရန်နိုင်ငံကို သွားတဲ့ လေယာဥ်ပေါ်မှာ စီးနင်းလိုက်ပါခဲ့တဲ့ ဘာဟာတယောက် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့ဖခင်နဲ့ ပြန်တွေ့ရမှာဆိုတော့ အင်မတန် စိတ်လှုပ်ရှားခဲ့ပါတယ်။
လူအသေအပျောက်များတဲ့ ကိုဗစ်ဒုတိယလှိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးဟာ သူ့မိသားစုကော သူ့နိုင်ငံကိုပါ ဆိုးဆိုးရွားရွား ရိုက်ခတ်လာလိမ့်မယ်ဆိုတာ သူ တစ်ခါမှ တွေးမထားခဲ့ဖူးပါဘူး။
အရင်ဆုံးတော့ မိသားစုရဲ့ မိတ်ဆွေတစ်ဦးကို ဆုံးရှုံးခဲ့တာပါ။
သူ့သားဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် ပြင်နေတုန်း နေမကောင်းဖြစ်ပြီး သိပ်မကြာခင်မှာဘဲ အဲဒီအမျိုးသမီး ဆုံးပါးခဲ့ပါတယ်။
အဲဒီနောက်တော့ သူ့ဖခင်ရဲ့ ဦးလေးနဲ့ အဒေါ်အကြီးဆုံးပါ ဆုံးပါးခဲ့တာပါ။
ဒီတော့ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံးသာ ထိုးထားရပြီး ဒုတိယဆေးတစ်လုံးရဖို့ စောင့်နေရတဲ့ အဘွားဖြစ်သူအတွက် ဘာဟာ အင်မတန် စိတ်ပူပန်ခဲ့ပါတယ်။
ဘာဟာ အမေရိကန်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မိန်းမပျိုတစ်ယောက်ပါ။ သူကတော့ ဧပြီလအတွင်းမှာ အမေရိကန်မှာပဲ ကာကွယ်ဆေး ထိုးထားပြီး ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးသားမို့ သူကတော့ အတိုင်းအတာတခုအထိ အကာအကွယ်ဖြစ်မယ်ဆိုတာ ဘာဟာ သိပေမယ့် နောက်ထပ် ဘယ်သူများ ဗိုင်းရပ်စ် ကူးစက်ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်ကြောင့် သူမပြန်ခင် နောက်ဆုံးရက်တွေအထိ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ တိတ်တိတ်လေး နေခဲ့ပါတယ်။
ကာကွယ်ဆေးရရှိမှု နည်းနေးသေးတဲ့ နိုင်ငံမှာ သူ့မိသားစုတွေထဲက အနည်းစုလောက်ပဲ ကာကွယ်ဆေး ထိုးရပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Bahar
သူ အမေရိကန် ပြန်ရောက်ပြီး မကြာမီမှာပဲ သူ့ဖခင် နေထိုင်မကောင်းဖြစ်နေတယ်ဆိုတာ သူသိခဲ့ရပါတယ်။
သူဟာ အဝေးတစ်နေရာမှာ ရောက်နေပြီး ကြောက်စိတ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်ခဲ့ပါတယ်။
"အသက်ရှင်ကျန်ရစ်နေတာကိုက အပြစ်ရှိသလို ခံစားရတဲ့ သဘောမျိုးပေါ့။ ကျွန်မက ဖိုင်ဇာကာကွယ်ဆေး နှစ်လုံးလုံး ထိုးပြီးသားဆိုတော့ ကျန်းကျန်းမာမာ အဆင်ပြေပြေနဲ့ အီရန်ကနေ ပြန်လာခဲ့တယ်" လို့ ဘာဟာက ဆိုပါတယ်။
သူ့ဖခင်က ပြန်သက်သာလာခဲ့ပေမယ့် ဆွေမျိုးတွေထဲက သက်ကြီးပိုင်းအများစုကတော့ နာလန်မထူနိုင်ခဲ့ပါဘူး။
"အဲဒီအကြောင်းသိရတော့ ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။"
ကာကွယ်ဆေး ရရှိမှု မမျှမတတာဟာ အင်မတန် သိသာထင်ရှားပါတယ်။ ကမ္ဘာ့တစ်၀န်း နိုင်ငံတစ်၀က်ကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမတလုံးတောင် မရသေးပါဘူး။
ကိုဗစ် ကာကွယ်ဆေး ၇၅% ဟာ နိုင်ငံ ၁၀ နိုင်ငံဆီကို ရောက်ရှိသွားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထောက်ပြထားပါတယ်။
လက်ရှိအချိန်ထိ ကာကွယ်ဆေးအားလုံးရဲ့ ထက်၀က်ကျော်ကို ကမ္ဘာ့လူဦးရေ ၁၅% ကသာ ရရှိကြတယ်လို့ စီးပွားရေးနဲ့ ပတ်သက်လို့ လေ့လာအကြံပေးတဲ့ Economist Intelligence Unit အဖွဲ့ကြီးကလည်း တွက်ဆထားတာပါ။
အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ ဂျီ ၇ အဖွဲ့၀င်နိုင်ငံတွေက လာမယ့်နှစ်မှာ ဆင်းရဲတဲ့ နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၁ ဘီလီယံ လှူဒါန်းသွားမယ်လို့ ဇွန်လမှာ ကတိပြုခဲ့ကြပါတယ်။
"ဒီအကြောင်း တွေ့တော့ ရယ်မိတယ်။ ဒီလိုမျိုး ကြုံဖူးတာ များပြီ။ တစ်ခါမှ အကောင်အထည်ပေါ်မလာဘူး"လို့ ကမ္ဘာတစ်၀န်း ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ရရှိမှုနဲ့ ပတ်သက်လို့ မကြာသေးမီက ထုတ်ပြန်တဲ့ Economist Intelligence Unit အဖွဲ့ကြီးရဲ့ အစီရင်ခံစာကို ဦးဆောင်ရေးသားသူလည်းဖြစ် သံတမန်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ အန်းဂတ် ဒယ်မာရီစ်က ပြောပါတယ်။
ဗြိတိန်က ကာကွယ်ဆုံး အလုံးပေါင်း သန်း ၁၀၀ လှူမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်ထိတော့ ကိုးသန်းအောက်သာ လှူနိုင်ပါသေးတယ်။
လက်ရှိအချိန်ထိ ကာကွယ်ဆေး သန်း ၁၄၀ ဖြန့်ဖြူးပေးပြီးဖြစ်တဲ့ အမေရိကန်ကတော့ သန်း ၅၈၀ အထိ လှူဒါန်းသွားမယ်လို့ သမ္မတ ဘိုင်ဒန်က ကတိပြုထားပါတယ်။

အီးယူဥရောပ အဖွဲ့၀င်နိုင်ငံတွေကတော့ ဒီနှစ်ကုန်မှာ သန်း ၂၅၀ အထိ လှူဒါန်းမယ်လို့ ကတိပေးထားပါတယ်၊ လက်ရှိမှာတော့ ၈ % လောက်သာ ပေးပို့ထားနိုင်ပါတယ်။
စီးပွားရေးဖွံဖြိုးမှု အလယ်အလတ်ရှိတဲ့ နိုင်ငံအများအပြားလို အီရန်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကိုဗစ်ကာကွယ်ဆေး ထောက်ပံလှူဒါန်းတဲ့ ကိုဗက် ( Covax ) အစီအစဥ်ကနေ ကာကွယ်ဆေးတွေ ၀ယ်ယူခဲ့ပါတယ်။
ကိုဗက် ( Covax ) အစီအစဥ်ဆိုတာက ကာကွယ်ဆေး အလိုအပ်ဆုံးနိုင်ငံတွေကို ဆေးရဖို့အတွက် ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထောက်ပံ့ကူညီတဲ့ ကမ္ဘာတစ်၀န်း အစီအစဥ်တစ်ရပ်ဖြစ်ပါတယ်။
ကိုဗက် ( Covax ) ဟာ ကာကွယ်ဆေးတွေကို ၀ယ်ယူပြီး စီးပွားရေး အသင့်အတင့်ကောင်းမွန်တဲ့ နိုင်ငံတွေကို စျေးသက်သက်သာသာနဲ့ ရောင်းချပြီးတော့ ဆင်းရဲတဲ့ နိုင်ငံတွေကိုတော့ အခမဲ့ လှူဒါန်းပါတယ်။
ဒါပေမဲ့ ကိုဗက် ( Covax ) အစီအစဥ်မှာ ကာကွယ်ဆေး ထောက်ပံ့ရရှိမှုနဲ့ ပတ်သက်လို့ ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံ ဖြန့်၀ေသွားဖို့ ရည်မှန်းထားပြီး ဆေးအများစုကို အိန္ဒိယကနေ မှာယူမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မေလအတွင်း အိန္ဒိယမှာ ကိုဗစ် ဒုတိယလှိုင်း ပိုးကူးစက်မှု ဆိုးဆိုဝါးဝါး ခံခဲ့ရတာကြောင့် အစိုးရက ကာကွယ်ဆေးတွ နိုင်ငံပြင်ပကို တင်ပို့မှု ပိတ်ပင်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ကိုဗက် ( Covax ) အစီအစဥ်ဟာ ချမ်းသာတဲ့ နိုင်ငံတွေက လှူဒါန်းတဲ့ ကာကွယ်ဆေးတွေကိုသာ မှီခိုအားထားခဲ့ရပါတယ်။
ဒီတော့ ဆေးထောက်ပံ့ရရှိမှု နှေးကွေးခဲ့ပြီး ဆေးရရှိတဲ့ တချို့နိုင်ငံတွေမှာဆို နိုင်ငံလူဦးရေရဲ့ ၂% တောင် ကာကွယ်ဆေး မထိုးရသေးပါဘူး။
လောလောဆယ်မှာတော့ ကာကွယ်ဆေး ပမာဏအနည်းငယ်ကိုပဲ အချိန်တိုအတွင်း ခပ်မြန်မြန် မျှဝေလေ့ရှိပါတယ်။
"သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးမယ့်ရက်ထက် ပိုပြီး နီးကပ်မှ ရတတ်တော့ ကာကွယ်ဆေးတွေကို ခွဲဝေပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရပြီး ဒါကို လက်ခံနိုင်စွမ်းရှိတဲ့ နိုင်ငံတွေကို ဖြန့်ဖြူးပေးနေတယ်"လို့ ကိုဗက် ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဥ်ရဲ့ အမှုဆောင် အရာရှိချုပ် Aurélia Nguyen က ပြောပါတယ်။
ဒါဟာ ကမ္ဘာတစ်၀န်း ကာကွယ်ဆေးထောက်ပံ့ရရှိမှု ပြဿနာတခု မဟုတ်ဘဲ ချမ်းသာတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေး အပိုအလျှံတွေ များသထက် များလာတယ်လို့ ကာကွယ်ဆေးရရှိမှုနဲ့ပတ်သက်လို့ သုတေသနလုပ်နေတဲ့ Airfinity ကုမ္ပဏီက ပြောပါတယ်။
ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ လစဥ် ကာကွယ်ဆေးအလုံးပေါင်း ၁.၅ ဘီလီယံကို လက်ရှိမှာ ထုတ်လုပ်နေတယ်။ နှစ်ကုန်ဆိုရင် ကာကွယ်ဆေးအလုံးပေါင်း ထုတ်လုပ်တဲ့ ပမာဏဟာ ၁၁ ဘီလီယံအထိ ရှိလာမှာ ဖြစ်ပါတယ်။
"သူတို့ဟာ ကာကွယ်ဆေး အများအပြားကို ထုတ်လုပ်နေတယ်။ ပြီးခဲ့တဲ့ သုံးလေးလအတွင်း ဆေးထုတ်လုပ်မှုပမာဏဟာ အင်မတန် များပြားလာတယ်" လို့ Airfinity အဖွဲ့ရဲ့ ဦးဆောင်သူတေသီ ဒေါက်တာ မက်လင်းလေက ပြောပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေမှာ ဆေးအာနိသင်ကို ထပ်မံဖြည့်စွမ်းပေးတဲ့ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေရင်တောင် သူတို့မလိုအပ်တဲ့ ကာကွယ်ဆေးအလုံးပေါင်း ၁.၂ ဘီလီယံကို ရရှိနိုင်ပါတယ်။
အဲ့ဒီ ကာကွယ်ဆေးတွေရဲ့ ငါးပုံတစ်ပုံ၊ ကာကွယ်ဆေး ၂၄၁ သန်းကို မြန်မြန်ဆန်ဆန် မလှူဒါန်းဘူးဆိုရင် အလဟဿ ဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ သက်တမ်းမကုန်ဆုံးခင် အနည်းဆုံး ၂ လအတွင်း မရဘူးဆိုရင် ဆင်းရဲတဲ့နိုင်ငံတွေဟာ အဲဒီကာကွယ်ဆေးတွေကို လက်ခံနိုင်စွမ်း သိပ်မရှိလှပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ချမ်းသာတဲ့နိုင်ငံတွေဟာ အဲလောက်ထိ လောဘကြီးဖို့ လိုမယ်လို့ ကျွန်တော်မထင်ဘူး။ ဒီထက်ပိုတာက ဘယ်ကာကွယ်ဆေးက တကယ်ထိရောက်တယ်ဆိုတာ သူတို့မသိတာကြောင့်ပါတယ်။ ဒီတော့ ကာကွယ်ဆေးအများအပြားကို သူတို့ ၀ယ်ယူထားကြတာ" လို့ ဒေါက်တာ လင်းလေက ဆိုပါတယ်။
ကာကွယ်ဆေးတွေ ထောက်ပံ့ပေးသွင်းမှု သင့်တင့်မျှတတဲ့ အခြေအနေမှာ ရှိနေပြီး ဆေးအပိုအလျှံတွေကို ဆောင်ထားစရာမလိုဘူးဆိုတာ အစိုးရတွေကို ပြသဖို့အတွက် Airfinity ကုမ္ပဏီရဲ့ အခုနောက်ဆုံး အစီရင်ခံစာက ရည်မှန်းထားပါတယ်။
အဲဒီအစား လက်ရှိမှာ မလိုအပ်တဲ့ ဆေးတွေကို လှူဒါန်းနိုင်ပြီး လာမယ့်လတွေအတွင်း ကာကွယ်ဆေးအများအပြား ထုတ်လုပ်ရရှိနိုင်တယ်ဆိုတာ စိတ်ချယုံကြည်ဖို့ကိုလည်း မျှော်လင့်နေတာပါ။
ထင်မထားတာတွေ ဖြစ်မှာကို သူတို့ မလိုလားဘူး။ ဒါဟာ ပြည်တွင်း နိုင်ငံရေးဖိအားနဲ့လည်း ဆိုင်တယ်။ ဘာလို့လည်းဆိုတော့ မဲဆန္ဒရှင်ပြည်သူတချို့ဟာ နိုင်ငံတွင်းမှာ ကာကွယ်ဆေးတွေ လိုအပ်နေသေးတယ်ဆိုတဲ့ ခံစားချက်ရှိရင်၊ ကာကွယ်ဆေးတွေ လှူဒါန်းတာမျိုးကို သူတို့ ကြိုက်ချင်မှ ကြိုက်မှာ" လို့ အန်းဂတ် ဒယ်မာရီစ်က ဆိုပါတယ်။
ဗြိတိန်အစိုးရကတော့ ကာကွယ်ဆေး သိုလှောင်ထားတာ မရှိဘူးလို့ ပြောပါတယ်။
နောက်ပြီး သြစတြေးလျနိုင်ငံကို ကာကွယ်ဆေး ၄ သန်း မျှဝေသွားဖို့ သဘောတူညီမှုရထားပြီး နှစ်ကုန်ကျရင် သြစတြေးလျနိုင်ငံရဲ့ ခွဲဝေရရှိမှုကနေ အဲဒီဆေးတွေ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
"ကာကွယ်ဆေး ထိုးဖို့ အကျုံး၀င်သူတွေအားလုံး အမြန်ဆုံး ဆေးထိုးခွင့်ရဖို့အတွက် ဗြိတိန်မှာ ကာကွယ်ဆေး ထောက်ပံ့ရရှိမှုနဲ့ ဖြန့်ဖြူးမှုတွေကို အသေအချာ စီမံခန့်ခွဲတယ်"လို့ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ကိုဗက် ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဥ်ရဲ့ အမှုဆောင် အရာရှိချုပ် Aurélia Nguyen ကတော့ ဒီလိုလုပ်ဆောင်ဖို့ အစိုးရတွေမှာသာ တာ၀န်ရှိတာ မဟုတ်ဘူး။ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေအနေနဲ့လည်း ကိုဗက်အစီအစဥ်ကို မျှဝေဖို့ ပေးထားတဲ့ ကတိက၀တ်တွေကို ပြည့်မီအောင် လုပ်ဖို့ လိုတယ်။ ကာကွယ်ဆေး အလုံအလောက်ရရှိပြီးတဲ့ နိုင်ငံတွေနဲ့ နှစ်ဘက် သဘောတူညီမှုတွေထက် ကိုဗက်အစီအစဥ်ကို ဦးစားပေးဖို့လိုတယ်" လို့ ဆိုပါတယ်။
"ကမ္ဘာတစ်၀န်း ကာကွယ်ဆေး ကုမ္ပဏီတွေဟာ လစဥ် ကာကွယ်ဆေးအလုံးပေါင်း ၁.၅ ဘီလီယံ လက်ရှိမှာ ထုတ်လုပ်နေရင် ဆင်းရဲတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေ ဘာကြောင့် နည်းနည်းပဲ ရရှိသေးတာလဲဆိုတဲ့ မေးခွန်းကို မေးဖို့ လိုပါလိမ့်မယ်။ ကိုဗက်အစီအစဥ်ရဲ့ လိုအပ်ချက်ဟာ အမြင့်ဆုံးကို ရောက်ရှိနေတဲ့ နေရာမှာ အစိုးရတွေအနေနဲ့ ကာကွယ်ဆေးရရှိဖို့ စောင့်ဆိုင်းနေတဲ့ သူတို့ နေရာကို လဲပေးသင့်တယ်။ ဒါမှသာ ကျွန်မတို့ မှာယူထားတဲ့ ကာကွယ်ဆေးတွေကို အမြန်ဆုံး ရနိုင်မှာ ဖြစ်တယ်" လို့လည်း ပြောပါတယ်။
ဘာဟာနဲ့ သူ့မိသားစုအတွက်တော့ ဒီကာကွယ်ဆေးတွေဟာ နံပတ်တစ်ခုမျှသာ မဟုတ်ပါဘူး။ လူ့အသက်တွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေ ရင်းခဲ့ရတာ ဖြစ်ပါတယ်။
ကိုဗစ်နဲ့ သေဆုံးသွားတဲ့ သူတွေအကြောင်း မကြာခဏဆိုသလို ဘာဟာ ကြားနေရပါတယ်။
တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်းတွေက သူတို့ ကာကွယ်ဆေးမထိုးချင်ဘူးလို့ ပြောတော့ အဲဒီသူတွေနဲ့ သူ အချေအတင် ငြင်းခုံဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ အခြေအနေတွေဟာ အင်မတန် စိတ်မချမ်းမြေ့စရာ ကောင်းပါတယ်။
"စွန့်လွှတ်တတ်ဖို့ ကျွန်မကြိုးစားပါတယ်။ ဒါပေမဲ့ သူတို့မှာရှိတဲ့ အထူးအခွင့်အရေးကို အသုံးမချတဲ့ သူတွေကို မြင်ရတာ အင်မတန် ခက်ခဲပင်ပန်းတယ်။"








