ကိုဗစ်ရောဂါ ပြင်းထန်မှုကို လျှော့ချနိုင်တဲ့ ကုသဆေးထွက်လာ

ဓာတ်ပုံ ရင်းမြစ်, MERCK
အမေရိကန်နိုင်ငံမှာ Molnupiravir မိုလ်နျူပီးရဗီးယား ဆိုတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးဝါးတမျိုးကို စမ်းသပ်နေရာမှာ ကိုဗစ်ဝေဒနာပြင်းထန်တဲ့အတွက်ကြောင့် သေဆုံးမှု ဒါမှမဟုတ် ဆေးရုံတက်ရတဲ့ ရာခိုင်နှုန်းကို ထက်ဝက်အထိ လျှော့ချနိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဆေးကို ကိုဗစ်ရောဂါရှိသူတွေကို အမေရိကန်ဆေးကုမ္ပဏီ Merck မာ့ခ် က တနေ့ နှစ်ကြိမ် တိုက်ပြီး စမ်းသပ်ရာမှာ အခုလို အောင်မြင်မှုရတာကို တွေ့ရတာ ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ နောက်နှစ်ပတ်လောက်အတွင်း အရေးပေါ်အခြေအနေ အသုံးပြုခွင့် ရအောင် ကြိုးစားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဆေးပညာဆိုင်ရာ အကြံပေးအရာရှိချုပ် ဒေါက်တာ အန်သနီ ဖောင်ချီကလည်း အခုလို တွေ့ရှိတဲ့ ရလဒ်တွေဟာ သတင်းကောင်းပဲလို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးက ဒါကို စစ်ဆေး အတည်မပြုခင်မှာတော့ သတိထား အသုံးပြုရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကိုဗစ်လက္ခဏာအတွက် မဟုတ်ဘဲ ရောဂါပျောက်ဖို့ သောက်ရတဲ့ ပထမဆုံးဆေး
အမေရိကန်နိုင်ငံက အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးကသာ အသုံးပြုဖို့ အတည်ပြုလိုက်မယ်ဆိုရင် အဲဒီ မိုလ်နျူပီးရဗီးယား ဆေးဟာ ကိုဗစ်လက္ခဏာ ခံစားရမှုတွေ သက်သာအောင် မဟုတ်ဘဲ ရောဂါပျောက်ဖို့ ရည်ရွယ်ချက်နဲ့ သောက်ရတဲ့ ပထမဆုံး ဆေးဖြစ်လာမှာ ဖြစ်ပါတယ်။
အဲဒီဆေးဟာ မူလက တုပ်ကွေးဂါအတွက် ထုတ်တဲ့ဆေးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေအတွင်းကို မျိုးဗီဇလွဲချော်မှုတွေ ဖြစ်အောင် ပြုလုပ်ခြင်းအားဖြင့် ကိုယ်တွင်းပိုးပြန့်ပွားမှု တားဆီးစေတာ ဖြစ်ပါတယ်။
ကိုဗစ် ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ရဲ့ ပြင်ပက ပရိုတင်းဆူးချွန်တွေကို အဓိကထား တိုက်ခိုက်တာဖြစ်ပြီး အခု ဆေးကတော့ ဗိုင်းရပ်စ်က ကိုယ်တွင်းသူ့ဘာသာပွားအောင် ပြုလုပ်ရာမှာ အသုံးပြုတဲ့ အင်ဇိုင်းကို အဓိကပစ်မှတ်ထားတာ ဖြစ်ပါတယ်။
Merck ကုမ္ပဏီက ဒီဆေး စမ်းသပ်မှုမှာ ကိုဗစ်လူနာပေါင်း ၇၇၅ ယောက် ပါဝင်ခဲ့ပြီး ဆေးမတိုက်ထားသူ ၁၄ ရာခိုင်နှုန်းလောက်က ရောဂါပြင်းထန်လို့ ဆေးရုံတင်ခဲ့ရပေမယ့် ဆေးသောက်ထားသူ ၇ ရာခိုင်နှုန်းလောက်သာလျှင် ဆေးရုံတက်ရတဲ့အထိ ရောဂါ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စမ်းသပ်မှုအတွင်းမှာ ပါဝင်တဲ့ လူနာတွေထဲက ဆေးသောက်ထားသူ တဦးမှ အသက် ဆုံးရှုံးမှု မရှိခဲ့ပဲ ဆေးမတိုက်တဲ့ အုပ်စုအတွင်းကတော့ ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆေးကို သောက်ရာမှာ ကိုဗစ်ဖြစ်ကာစ အခြေအနေမှာသာ ပိုမိုထိရောက်မှုရှိပြီး ရောဂါပိုမိုပြင်းထန်သွားတဲ့အချိန်ဆိုရင်တော့ မထူးခြားဘူးလို့လည်း စမ်းသပ်မှုအတွင်း တွေ့ရှိခဲ့ပါတယ်။
Merck ကုမ္ပဏီရဲ့ ကူးစက်ရောဂါရှာဖွေရေးဆိုင်ရာ ဒုဥက္ကဌ ဒါရီယာ ဟာဇူဒါ ကတော့ အခုလို ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ သောက်ဆေးကို ကာကွယ်ဆေးက ပေးတဲ့ ကိုယ်ခံအား ရဖို့ခက်သူတွေ ဒါမှမဟုတ် ကာကွယ်ဆေး မထိုးရသေးသူတွေကို ကုသရေးမှာ အသုံးဝင်မှာဖြစ်ပြီး နောက်ပိုင်း ဗီဇကွဲ ကိုဗစ်ပိုးတွေကို တိုက်ဖျက်ရာမှာလည်း အသုံးဝင်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကိုဗစ်သောက်ဆေးတွေ နိုင်ငံတကာမှာ စတင် အသုံးပြုနိုင်ခြေ ဘယ်လို ရှိနေသလဲ
Merck ကုမ္ပဏီဟာ အခုလို ကိုဗစ်သောက်ဆေးကို စမ်းသပ်မှု ရလဒ်ကို ပထမဆုံး ထုတ်ပြန်တဲ့ ကုမ္ပဏီ ဖြစ်ပေမယ့် သူတို့လိုပဲ အလားတူ ကိုဗစ်သောက်ဆေး စမ်းသပ်နေဆဲ ကုမ္ပဏီတွေလည်း ရှိနေပါတယ်။
ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီဖြစ်တဲ့ ဖိုင်ဇာ ကုမ္ပဏီက ဗိုင်းရပ်စ်တိုက်ဖျက်မှု အခြေခံတဲ့ ကိုဗစ်သောက်ဆေးနှစ်မျိုးကို စမ်းသပ်မှုက နိဂုံးပိုင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဆွစ်ဇာလန် ကုမ္ပဏီတခုဖြစ်တဲ့ Roche ကလည်း အလားတူ စမ်းသပ်မှု လုပ်နေတယ်လို့ ဆိုပါတယ်။
Merck ကုမ္ပဏီကတော့ မိုလ်နျူပီးရဗီးယား ဆေးတွေကို ၂၀၂၁ နှစ် မကုန်ခင်မှာ ဆေးအဖုံ ၁၀ သန်း စာ ထုတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရကတော့ အဲဒီဆေးတွေသာ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဆီက အတည်ပြုချက်ရမယ် ဆိုရင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ ဖို့ ဝယ်ယူဖို့ ကုမ္ပဏီနဲ့ သဘောတူညီမှု ရပြီးသား ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Merck ကုမ္ပဏီဟာ ယူကေ အပါအဝင် အခြားနိုင်ငံတွေကို ဆက်လက်ရောင်းချဖို့ကိုလည်း ဆွေးနွေးနေတဲ့အပြင် ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေမှာ အခြားဆေးနာမည်နဲ့ ဆေးအမျိုးတူ ထုတ်လုပ်ပေးမယ့် အခြား ဆေးကုမ္ပဏီတွေနဲ့လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။










