ကိုဗစ်ကြောင့် ပိတ်သွားခဲ့တဲ့ ဘီလီယံဒေါ်လာ နယ်စပ် တံခါးများ

ဓာတ်ပုံ ရင်းမြစ်, Screen Shot
ပိတ်ထားခဲ့တာ နှစ်လနီးပါးရှိပါပြီ၊ ဘယ်တော့ပြန်ဖွင့်မလဲ ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။
စပိတ်တုန်းကတော့ မနှစ်က ၂၀၂၀ ကလို နှစ်ပတ်လောက်ပဲ ပိတ်မယ်လို့ နှစ်နိုင်ငံ ကုန်သည်တွေက ထင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ကစပြီး လစဥ်ဒေါ်လာ သန်းနဲ့ရာနဲ့ချီ ၊နှစ်စဥ်ဒေါ်လာဘီလီယံနဲ့ချီ ကုန်သွယ်နေတဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမူမြင်လာတဲ့ ဇူလိုင်လဆန်းက စလို့ တရုတ်ဘက်က မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အားလုံးကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပိတ်ထားလိုက်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မူ့ပမာဏာလည်း သိသိသာသာ လျော့နည်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ကတည်းက စလို့ ရွှေလီမြို့ကို တရုတ်အာဏာပိုင်တွေက လော့ခ်ဒေါင်း ချထားလိုက်ပြီး မြို့ထဲအဝင်အထွက်တွေကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံနဲ့ ကပ်လျက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ လူအမြောက်အများကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ နောက်ထပ် တရုတ်လူမျိုး ၄ ဦးနဲ့ မြန်မာလူမျိုး ၅ ဦးတို့ မှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ဇူလိုင်လ ၁၀ရက်ဝန်းကျင်က တွေ့ရှိခဲ့ပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ မြန်မာ ၅ ဦးထဲမှာ အသက် ၁၁ နှစ်အရွယ် ကလေးမလေးတစ်ဦးလည်း ပါတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ရွှေလီမြို့မှာ သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်သူပေါင်း ၅၉ ဦး ရှိသွားခဲ့ပါတယ်။
ဒယ်လ်တာ ကူးစက်မြန် ကိုဗစ်ရောဂါပိုး ကူးစက်သူတွေ အကြီးအကျယ် တိုးပွားလာနေတဲ့ မြန်မာနိုင်ငံမှာ သေဆုံးသူအရေအတွက် ကျန်းမာရေးဝန်ကြီးဌာန စာရင်းအရ တစ်သောင်းကျော်လာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီ တစ်ရက်တည်း အတည်ပြုသေဆုံးစာရင်း ၂၈၀ ခန့်အထိ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကိုဗစ်ကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ခဲ့ပေမဲ့ နှစ်ပတ်ကျော်လောက်မှာ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာဆိုရင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း တစ်ခုတည်းကပဲ ကုန်သွယ်မူ့ပမာဏာဟာ အမေရိကန်ဒေါ်လာသန်းပေါင်း လေးထောင်ရှစ်ရာကျော် ရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀-၂၁ ဘဏ္ဍာနှစ်ရဲ့ ဇွန်လအထိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မူ့ပမာဏာဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင့်ငါးရာ ရာကျော်သာရရှိခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ကစလို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပိတ်ထားလိုက်တဲ့ အတွက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်ကုန်မယ့် စက်တင်ဘာလကုန်ထိ ကုန်သွယ်မူ့ပမာဏဟာ အများကြီးတိုး လာစရာမရှိတော့ဘူးလို့ ကုန်သည်တွေက ပြောတယ်။
အခုလို ကိုဗစ် ၁၉ ရောဂါ အဖြစ်များလို့ နယ်စပ်ကုန်သွယ်ရေးတွေမပိတ်ခင် ပွင့်လင်းရာသီမှာ ကတည်းက ကုန်သွယ်မူပမာဏာက ကျဆင်းလာခဲ့ပါတယ်။
အာဏာမသိမ်းခင် သုံးလ နဲ့ အာဏာသိမ်းပြီး သုံးလ ကိုပဲ နှိုင်းယှဉ်ကြမယ်ဆိုရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ပို့ကုန် သွင်းကုန် နှစ်ခုပေါင်းရဲ့ ကုန်သွယ်မူ ပမာဏာဟာ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ လောက် လျော့ကျသွားပါခဲ့တယ်လို့လည်း တရားဝင်စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပိတ်ထားတဲ့အတွက် မြန်မာနိုင်ငံကထွက်ရှိတဲ့ လယ်ယာထွက်ကုန်အချို့ ဈေးကွက်ပျက်စီးသွားသလို နယ်စပ်ကိုရောက်ရှိနေတဲ့ ဆန်နဲ့ဆန်ကွဲတွေဟာလည်း ပျက်စီးသွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာနေရပါတယ်။
" နှစ်လကျော် သုံးလလောက် လှောင်ထားရတယ်၊ ပြန်ဖွင့်မယ့် ရက်ကလည်း မသေချာတော့ အရောင်ပြောင်းပြီး ပျက်နိုင်တဲ့ ဆန်နဲ့ဆန်ကွဲတွေကို ရန်ကုန်နဲ့မန္ဆလေးကို ပြန်သယ်နေရတယ်" လို့မန္တလေးအခြေစိုက်ကုန်သည်တစ်ဦးက ပြောပါတယ်။
ပုံမှန်ကာလတွေမှာဆိုရင် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို နေ့စဉ်ဆန်အိတ် ၃ သောင်းခန့် တင်ပို့နေရတာလို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။
တရုတ်နိုင်ငံထဲ ဆန်တင်ပို့မူ့များလာတဲ့နှစ်တွေမှာဆိုရင် မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကောင်းခဲ့ပါတယ်။
" မူဆယ် ၁၀၅ မိုင်ကနေ ဆန်အိတ် ၄၀ လောက် တင်နိုင်တဲ့ကားတွေ တစ်နေ့ကို အစီး တစ်ထောင်လောက် တရုတ်ထဲကို တင်ပို့နေရတာ ကားတစ်စီးကို မြန်မာငွေ ၃ သိန်းလောက်အမြတ်ရကြပါတယ်" လို့မူဆယ်ဒေသခံ ဆန်ကုန်သည် ဦးမင်းသိန်းကဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတွေဟာ မြန်မာနိုင်ငံကထွက်တဲ့ လယ်ယာထွက်ကုန် ရေထွက်ကုန်တွေပစ္စည်းတွေကိုလည်း အဓိကတင်ပို့နေတဲ့ကုန်သွယ်ဂိတ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR MELON PRODUCER AND EXPORTER ASSOCIATION
တာရှည်ခံတဲ့လယ်ယာထွက်ကုန်တွေ အားထားရသလို မြန်မာနိုင်ငံထွက်ရှိတဲ့ ဖရဲသီး၊သခွါးသီး၊သရက်သီး၊ကြက်သွန်နဲ့ ငရုတ် အပါအဝင် ကုန်စိမ်းသီးနှံတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း တရုတ်နိုင်ငံထဲကို တင်ပို့နေရတာပါ။
ဇူလိုင်လဆန်းမှာတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အားလုံးပိတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းကထွက်ရှိတဲ့ ကြက်သွန်ဈေးတွေ စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။အချို့ကုန်သည်တွေဟာ ကားခမပေးနိုင်လို့ ကားဆရာတွေဟာ ကြက်သွန်တွေကို ရတဲ့ဈေးနဲ့ရောင်းချရတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နယ်စပ်ပိတ်ထားလို့ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့မယ့် ဆောက်လုပ်ရေးသုံးပစ္စည်း ဓာတ်မြေသြဇာအပါအဝင် လူသုံးကုန်ပစ္စည်းတွေဟာလည်း တင်ပို့ရခက်ခဲလာတဲ့အတွက် ဈေးနှုန်းကြီးမြင်လာခဲ့ပါတယ်။
မြန်မာနိုင်ငံ အခွန်ကောက်ဥပဒေအရ ပို့ကုန်လုပ်ငန်းကနေ ၂ ရာခိုင်နှုန်း ကောက်ခံရရှိသလို သွင်းကုန်လုပ်ငန်းကနေလည်း အခွန် ၃ မျိုး ကောက်ခံတာပါ။ပျမ်းမျှအနေနဲ့တွက်ကြည့်မယ်ဆိုပါက ကုန်သွယ်မူ့ပမာဏအပေါ် အစိုးရအနေနဲ့ ၄ ရာခိုင်နှုန်း လောက် အခွန်ရရှိတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိပါက အခွန်အခအဖြစ် ဒေါ်လာ ၄ သန်း လောက်ရရှိမှာ ဖြစ်တယ်လို့ မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR MELON PRODUCER AND EXPORTER ASSOCIATION
နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အစိုးရအနေနဲ့ အခွန်ကောက်ရရှိသလို ရှမ်းမြောက်ဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း နယ်စပ်ကုန်သွယ်ရေးက ဝင်ငွေရရှိကြပါတယ်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကုန်ပစ္စည်းသယ်ယူတဲ့ ကုန်ကားတွေဆီက အခွန်ကောက်သလို့ အချို့အဖွဲ့တွေကတော့ မှောင်ခိုလုပ်ငန်းတွေကနေ ဝင်ငွေရရှိကြပါတယ်။
" ကားကြီးရင်ကြီးသလို့ ကောက်တာ တင်တဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီး ကောက်တာလည်းရှိတယ်၊ ပျမ်းမျှတွက်ရင် တော့ ကားတစ်စီးကို တစ်သိန်းခွဲလောက် ပေးရတယ်လို့" မန္တလေးအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပုံမှန်ကာလတွေမှာဆိုရင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တစ်ခုထဲကိုပဲ ဝင်ထွက်နေတဲ့ ကုန်ကား အရေအတွက်ဟာ တစ်နေ့ကို ပျမ်းမျှအစီး ၁၀၀ ကျော်လောက်ပြီး မူဆယ် လားရှိုးလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကုန်ကားတွေဟာ နေ့စဉ် ရာနဲ့ချီ ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR MELON PRODUCER AND EXPORTER ASSOCIATION
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်။
"ကိုဗစ်အပေါ် မူတည်ပါတယ်၊ နယ်စပ်အတွက် ကာကွယ်ဆေး တစ်သန်း လုပ်ထားတယ်၊ ထိန်းချုပ်နိုင်အောင် လုပ်နေပါတယ်၊ မကြာခင်ထိန်းချုပ်နိုင်တာနဲ့ ဖွင့်နိုင်မှာပါ"လို့ နစ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ရေးညှိနှိုင်းပေးနေတဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းဒေသမှာ နေထိုင်တဲ့ ဒေသတွေအတွက် ကိုဗစ် ၁၉ ကာကွယ်ဆေး တစ်သန်းထိုးပေးဖို့ ဆောင်ရွက်ထားတယ်လို့ သူကပြောပါတယ်။
ဒါအပြင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာလည်း လူဦးရေတစ်ထောင်ထားရှိနိုင်တဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ်ကုသရေး စင်တာတစ်ခုကို တည်ဆောက်နေပါပြီ။
အဆောက်အအုံ တည်ဆောက်တဲ့အပိုင်း အနေနဲ့ စက်ပစ္စည်းတပ်ဆင်တဲ့ အပိုင်းကို လာမဲ့ စက်တင်လာလ လလယ်မှာ ပြီးစီးနိုင်ပေမဲ့ စင်တာမှာ တာဝန်ထမ်းဆောင်မယ့် ဆရာဝန်သူနာပြုတွေ ခန့်ထားရေးမှာတော့ အခက်အခဲရှိနေတယ်လို့ မူဆယ်ဒေသခံကုန်သည်အချို့က ဆိုပါတယ်။
လက်ရှိအချိန်ထိတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်မယ့်အချိန်ကို ဘယ်သူမှမခန့်မှန်း နိုင်သေးပါဘူး။ဒါပေမဲ့လည်း မကြာခင်မှာတော့ တရုတ်နိုင်ငံ ဈေးကွက်ကိုသာ အဓိက အားထားရတဲ့ ဆန်နဲ့သစ်သီးဝလံတွေ ထွက်ရှိလာတော့မှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
" မိုးစပါးက အောက်တိုဘာလောက်ဆိုရင် ထွက်ပြီ ၊မိုးစပါးထွက်တဲအချိန်မှာ တရုတ်ဘက်ကို မပို့နိုင်ရင်စပါးဈေးက ကျမှာပဲလို့" ဆန်ကုန်သည်ဦးမျိုးသူရအေးက ဆိုပါတယ်။
ဒါအပြင် နိုဝင်ဘာလလောက်က စလို့ ဖရဲသီးအပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ ကုန်စိမ်းသီးနှံတွေ စတင် ပေါ်ထွက်လာမှာပါ။
တရုတ် နယ်စပ်ကုန်သွယ်ရေးကို အဓိကတင်ပို့နေရတဲ့ လယ်ယာထွက်ကုန်တွေ ဈေးကျလို့ ဈေးကွက်ပျက်နေချိန်မှာ မကြာခင်စိုက်ပျိုးရတော့မဲ့ ရာသီပေါ်သီးနှံစိုက် တောင်သူတွေအတွက်လည်း ဆုံးဖြတ် ရခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်ရေပါတယ်။
" ဒီနှစ်က အရမ်းစဉ်းစားနေရတဲ့အချိန်ပေါ့ စိုက်မယ်ဆိုရင်တောင် လျှော့စိုက်မှာ၊ အကုန်လုံးလည်း တိုင်ပင်ထားတယ် ၊စိုက်မယ်ဆိုရင်တောင် အတော်ကိုလျှော့ရမှာ ရာခိုင်နှုန်း နှစ်ဆယ် သုံးဆယ်ထက် ကျော်ပြီးမစိုက်ရဲဘူး" လို့မူဆယ်ဒေသက တောင်သူကြီးတစ်ဦးက ဆိုပါတယ်။








