ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်ပြော
မြောက်ကိုရီးယားဟာ အင်္ဂါနေ့ မနက်အစောပိုင်းမှာ ပင်လယ်ထဲကို တာတိုဒုံးကျည် တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောလိုက်ပါတယ်။
ဒီစမ်းသပ်မှုလုပ်ခဲ့တယ်ဆိုတာ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား သံတမန်ကအတည်ပြုပြောကြားခဲ့ပြီး မြောက်ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်နဲ့ လက်နက်စမ်းသပ်ခွင့်ရှိတယ်ဆိုတဲ့ကိစ္စကို ဘယ်သူမှငြင်းပယ်လို့ မရဘူးလို့ ပြောခဲ့ပါတယ်၊
ဒီလအစောပိုင်းတုန်းကလည်း ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်ကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ တောင်ကိုရီးယားနဲ့ တွေ့ဆုံစကားပြောဖို့ ဆန္ဒရှိတာကို မြောက်ကိုရီးယားက ထုတ်ပြောထားတာလည်း ရှိပါတယ်။
ဒီဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို ချက်ချင်း ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ အင်္ဂါနေ့က ထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်စစ်တပ်က ပြောထားပါတယ်။
မြောက်ကိုရီးယားရဲ့ ဥပေဒေနဲ့ မညီတဲ့ လက်နက် စမ်းသပ်မှုဟာ ဒေသတွင်း မတည်မငြိမ်မှုကို ဖြစ်လာစေတယ်လို့ အမေရိကန် အင်ဒို-ပစိဖိတ် ကွပ်ကဲမှုဌာနကတော့ ပြောပါတယ်။
ဒီစမ်းသပ်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂပိတ်ပင်တားဆီးထားတဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစား ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောတာကို ကိုးကားပြီး ဂျပန်မီဒီယာတစ်ခုက အင်္ဂါနေ့က ဖေါ်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ညီမ ကင်ယိုဂျုံ လက်ရှိထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်တွေနဲ့ မြောက်ကိုရီးယားကနောက်ဆုံး စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်စမ်းသပ်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကို သေသေချာချာ စမ်းစစ်လေ့လာကြဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက အမိန့်ထုတ်ပြန်ထားတာရှိပါတယ်။
ကိုရီးယားစစ်ပွဲအဆုံးသတ်ဖို့ တရားဝင်ကြေညာရေး မွန်ဂျေအင်းရဲ့ ကမ်းလှမ်းချက်ကို သူတို့ဘက်က တံခါးဖွင့်ထားပေမဲ့ တောင်ကိုရီးယားရဲ့ ရန်လိုတဲ့ မူဝါဒတွေကို ရပ်တန့်ဖို့လိုတယ်လို့ အစောပိုင်းရက် တွေတုန်းက ကင်ယိုဂျုံက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည် နောက်ဆုံးစမ်းသပ် ပစ်လွှတ်ပြီး သိပ်မကြာခင် နယူးယောက်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြောက် ကိုရီးယား သံအမတ်က အခုလို ပြောခဲ့ပါတယ်။
"မြောက်ကိုရီးယားမှာ လက်နက် စမ်းသပ်၊ထုတ်လုပ်၊ ပိုင်ဆိုင်ခွင့် ရှိပါတယ်" လို့ သူက ပြောပါတယ်။
ပြီးတော့ AFP သတင်းကထုတ်ပြန်ချက်အရဆိုရင်လည်း သူတို့ နိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို ကိုယ်တိုင်လုပ်ဆောင်ခွင့်ရှိပြီး နိုင်ငံလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခွင့်ရှိတယ်လို့ ပြောထားတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားဟာ စစ်ရေးလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ရင် လိုတစ်မျိုး မလိုတမျိုး အမျိုးမျိုးကျင့်သုံးနေတယ်လို့ မြောက်ဘက်က အထပ်ထပ်စွပ်စွဲထားပါတယ်။
တောင်ကိုရီးယားဟာ မကြာခင်က ရေငုပ်သင်္ဘောက ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့ပြီး မြောက်ကိုရီးယားဘက်က ရန်စတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် စမ်းသပ်ရတာလို့ ပြောပါတယ်။
မြောက်ကိုရီးယား ထိပ်သီးတွေတက်တဲ့ ပြည်သူ့ ညီလာခံတစ်ခု အင်္ဂါနေ့မှာ ကျင်းပဖို့ ရှိပါတယ်။
ဒီနှစ် နှစ်ပတ်လည် ညီလာခံမှာ လူငယ်ကျန်းမာရေးအစီအစဉ် တွေနဲ့ စီးပွားရေး စီမံကိန်းတွေ ပြောင်းလဲမယ့် အစီအစဉ်ကို ဆွေးနွေးကြဖို့ ရှိပါတယ်။
အခုဆို မြောက်ကိုရီးယားမှာ အစားအသောက်တွေပြတ်လပ်နေပြီး နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ကင်းကွာနေတာ လည်း တစ်နှစ်ကျော်ကြာသွားပါပြီ။
ကိုဗစ်- ၁၉ကိ ုကာကွယ်တားဆီးတဲ့ အနေနဲ့ နယ်စပ်ကို ပိတ်ထားရပြီး အနီးဆုံး မဟာမိတ် တရုတ်နဲ့တောင် ကုန်သွယ်မှုတွေပြတ်တောက်နေပါတယ်။
ဒါပေမယ့် ဒီလို ဖြစ်နေတဲ့ အချိန်မှာတောင် သူတို့ရဲ့ လက်နက်စမ်းသပ်မှု အစီအစဉ်က ရပ်မသွားပါဘူး။
နျူကလီးယားလက်နက်တွေထုတ်ဖို့အတွက် ပလူတိုနီယမ်တွေထုတ် ပေးနိုင်တဲ့ အဏုမြူ ဓာတ်ပေါင်းဖိုကို မြောက်ကိုရီးယားက ပြန်စလည်ပတ်နေပြီလို့ ကုလသမဂ္ဂ အဏုမြူအေဂျင်စီကလည်း သြဂုတ်လတုန်းက ထုတ်ပြောထားပါတယ်။