နိုင်ငံတကာ အာကာသစခန်းမှာ မီးလန့်

နိုင်ငံတကာ အာကာသစခန်းမှာ ပလပ်စတစ် ညှော်နံ့တွေရပြီး မီးခိုးတွေလည်းထွက်လာတာကြောင့် မီးအန္တရာယ် သတိပေးသံတွေ ညံသွားခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားက တာဝန်ယူ တည်ဆောက်ထားတဲ့ လူနေခန်းတွေ ရှိတဲ့ Zvezda module အစိတ်အပိုင်းမှာ ဖြစ်ခဲ့တာ ဖြစ်ကြောင်း ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီ အာကာသစခန်းဟာ အိုဟောင်းလာနေပြီ ဖြစ်တာကြောင့် မကြာခဏ ဆိုသလို ချို့ယွင်းမှုတွေ ရှိလာနေပါတယ်။ မကြာသေးခင်ကပဲ ရုရှားက တာဝန်ရှိသူတဦးက ပစ္စည်းကိရိယာတွေက သက်တမ်းကုန်ပြီဖြစ်ပြီး တချို့စနစ်တွေ အလုပ်ကောင်းကောင်း မလုပ်တော့ဘူးလို့ သတိပေးထားပါတယ်။

အဲဒီ ချို့ယွင်းမှုတွေထဲမှာ လေယိုစိမ့်တာ၊ အင်ဂျင်စက်တွေ ပုံမှန်အလုပ်မလုပ်တာမျိုးနဲ့ အက်ကြောင်းတွေ ပေါ်လာတာတွေ လည်း ပါဝင်ပါတယ်။

အဲဒီနောက်ပိုင်းမှာပဲ ရုရှား အာကာသ အေဂျင်စီ Roscosmos ကတော့ အာကာသစခန်းမှာ သုံးနေတဲ့ စနစ်တွေအကုန် ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီလို့ ပြောပါတယ်။

အာကာသစခန်းက ဘက်ထရီတွေကို ပြန်လည် အားဖြည့်စဥ်မှာ မီးခိုးတွေ ထွက်လာခဲ့ ဖြစ်ကြောင်းနဲ့ အခု အာကာသ ယာဥ်မှူးတွေလည်း ပုံမှန် လေ့ကျင့်မှုတွေကို ပြန်လုပ်နေကြပါပြီလို့ အေဂျင်စီဆိုပါတယ်။

အဲဒီ ပလပ်စတစ်မီးလောင်တဲ့ အနံ့ဟာ ရုရှား အစိတ်အပိုင်းဘက်ကနေ အမေရိကန် တည်ဆောက်တဲ့ အစိတ်အပိုင်းအဘက်အထိပါ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ နာဆာက ကြာသပတေးနေ့ အနှောင်းပိုင်းမှာ အာကာသထဲ လမ်းလျှောက်ဖို့ အစီအစဥ်ကိုလည်း ဆက်ပြီး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောတဲ့ အကြောင်း ရုရှားက Ria Novosti သတင်း ဌာနက ပြောပါတယ်။

အဲဒီ အာကာသထဲ လမ်းလျှောက်မယ့် အစီအစဥ်မှာ ရုရှား အာကာသ ယာဥ်မှူး ၂ ဦးပါဝင်မှာ ဖြစ်ပြီး မကြာသေးခင်က လွှတ်တင်ပေးပို့ထားတဲ့ Nauka science module အတွက် လိုအပ်တာတွေကို ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ရုရှားက ISS module တွေ တည်ဆောက်ရာမှာ ဦးဆောင်ကုမ္ပဏီဖြစ်တဲ့ Energia ရဲ့ အင်ဂျင်နီယာချုပ် ဖြစ်တဲ့ Vladimir Solovyov က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကပဲ ISS ပေါ်က ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ တော်တော်များများဟာ ခေတ်မမီတော့တာကြောင့် ပြင်လို့ မရလောက်တဲ့ ချို့ယွင်းမှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံပိုင် မီဒီယာကို ပြောခဲ့ပါတယ်။

အဲဒီ ရုရှားအစိတ်အပိုင်းဘက်မှာ အသုံးပြုနေတဲ့ နည်းပညာ စနစ်တွေထဲက ၈၀ ရာခိုင်နှုန်းထက်မနည်းဟာ သတ်မှတ်ရက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ Mr Solovyov က ပြောပါတယ်။ နောက်ပြီး ရုရှားတည်ဆောက်တဲ့ Zarya ဆိုတဲ့ ကုန်ပစ္စည်း ထားတဲ့ အပိုင်းမှာဆိုရင် အက်ကြောင်းလေး တွေတောင် တွေ့နေရပြီ ကြာရင် ပိုတောင် ဆိုးလာနိုင်တယ်လို့ ပြောပါတယ်။

ISS ကို လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်က အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဂျပန်နဲ့ တခြား ဥရောပ နိုင်ငံတွေ ပူးပေါင်းပြီး စီမံကိန်းတခု ချမှတ်ကာ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တည်ဆောက်စဥ်က ISS ကို ၁၅ နှစ် သက်တမ်း အသုံးပြုဖို့ အတွက် ရည်ရွယ်ကာ ပုံစံထုတ် တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရုရှား ဒုတိယ ဝန်ကြီးချုပ် ယူရီဘောရစ်ဆော့ဗ်က အာကာသစခန်းပေါ်က ဟောင်းနွမ်းလာနေပြီ ဖြစ်တဲ့ သံထည်တွေကြောင့် ပြန်ပြင်လို့ မရနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်ကြောင်းနဲ့ ဒီလို မဖြစ်လာဖို့ လုပ်ရမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Roscosmos ကလည်းပြီးခဲ့တဲ့ နှစ်က အာကာသစခန်း ဖွဲ့စည်း တည်ဆောက်ထားပုံအရ ISS ဟာ လာမယ့် ၂၀၃၀ ထက် ကျော်လွန်ပြီး အသုံးပြုလို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက Nauka module မှာ ဒုံးစက်တွေ အလုပ်မလုပ်တာကြောင့် သတိပေးသံ မကြားရဘဲ မီးလောင်ခဲ့ပြီး ISS တခုလုံးပါ လှုပ်ခတ်သွားခဲ့ရပါတယ်။

ရုရှားကလည်း ဧပြီလ အတွင်းမှာပဲ သူတို့ ISS ကနေ ထွက်ခွာကောင်း ထွက်ခွာပြီး လာမယ့် ၂၀၃၀ မတိုင်ခင် ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်မယ်လို့ ပြောခဲ့ပေမယ့် အပြီးသတ်တော့ မဆုံးဖြတ်ရသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ISS ပေါ်မှာ လတ်တလောမှာ အာကာသ ယာဥ်မှူး ၇ ယောက် ရှိနေပါတယ်။ အဲဒီထဲမှာ ရုရှား ၂ ဦး၊ အမေရိကန်က ၃ ဦး၊ ပြင်သစ်နဲ့ ဂျပန်တို့က တဦးစီ တာဝန်ထမ်းဆောင်နေကြပါတယ်။