တာလီဘန်တွေကို အာဏာလွှဲပေးရတော့မယ့် အာဖဂန်မှာ ဘာတွေ ဆက်ဖြစ်နိုင်သလဲ

အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးနီးပါးကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပြီး မြို့တော် ကာဘူးလ်ကိုလည်း ဝိုင်းထားလိုက်ပြီ ဖြစ်တဲ့ တာလီဘန်တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဆူဟေးလ် ရှာဟင်းက တာလီဘန်တွေ အနေနဲ့ အာဖဂန် အစိုးရဆီက ငြိမ်းချမ်းစွာအာဏာလွှဲယူဖို့ စီစဉ်နေပြီး ရက်ပိုင်းအတွင်း အပြီးသတ်နိုင်တယ်လို့ ဘီဘီစီကို ပြောဆိုထားပါတယ်။
အခုလို တာလီဘန်တွေကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးရမယ့် အစီအစဉ်ကို အာဖဂန်အစိုးရ ယာယီ ပြည်ထဲရေးဝန်ကြီး အဗ္ဗဒူ ဆာတာ မီဇက်ဝယ်ကလည်း အတည်ပြုခဲ့ပြီး အခုလို လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဖဂန်သမ္မတ အရှရက်ဖ် ဂါနီနဲ့ ဒုသမ္မတ အမ်မရူလာ ဆလား တို့ကတော့ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ မရှိတော့ပဲ ထွက်ခွာ သွားကြပြီ ဖြစ်ပါတယ်။
အခုလို အခြေအနေမှာ ကာဘူးလ်မြို့က ထွက်ခွာချင်တဲ့သူတွေကို အကြမ်းမဖက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာနိုင်တဲ့ လမ်းကြောင်းဖွင့်ပေးဖို့ တာလီဘန်တွေက သူတို့ရဲ့ တပ်သားတွေကို အမိန့်ထုတ်ထားပါတယ်။
ဒါ့အပြင် အာဖဂန် အစိုးရတပ်ဖွဲ့ဝင်တွေကိုလည်း သူတို့နေအိမ်တွေကို ပြန်ခွင့်ပေးမယ်လို့ တာလီဘန်တွေက ပြောပါတယ်။
တာလီဘန်တွေက အခုလို မြို့တော် ကာဘူးလ်အထိ သိမ်းပိုက်နိုင်ခဲ့တဲ့ လမ်းတစ်လျှောက်မှာ သူတို့ကို တုံ့ပြန် တိုက်ခိုက်မှု မကြုံရသလောက် ဖြစ်အောင်ကို သိမ်းပိုက်လာနိုင်ခဲ့တာလို့ ဒေသခံ မျက်မြင်သက်သေတွေက ပြောပါတယ်။
တာလီဘန်တွေ ဒီနေ့ထပ်မံ သိမ်းယူခဲ့တဲ့ နယ်မြေတွေထဲမှာ ယခင် အမေရိကန်လေတပ်စခန်းဟောင်း ဘက်ဂရမ်နဲ့ အာဖဂန် အလယ်ပိုင်း ဘာမီယန် ပြည်နယ်လည်း ပါဝင်ပါတယ်။
အခုလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် လက်ရှိ နွေကာလ ရပ်နားထားတဲ့ ပါလီမန်ကို ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည် ခေါ်ယူလိုက်ပါတယ်။
အာဖဂန်ရောက် ဗြိတိသျှနိုင်ငံသားတွေနဲ့တကွ အခြား ယူကေကို ပြန်လာမယ့်သူတွေကို ကာကွယ်ဖို့အတွက် ယူကေအစိုးရက ဗြိတိသျှတပ်သား ၆၀ဝ စေလွှတ်ခဲ့ပြီး အမေရိကန်ကလည်း သူတို့ရဲ့ သံရုံးဝန်ထမ်းတွေကို မိခင်နိုင်ငံကို ပြန်ခေါ်ရာမှာ ကူညီဖို့အတွက် အမေရိကန်တပ်သား ၁၀ဝ၀ စေလွှတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာလ်ဘူးလ်မြို့ခံ အာဖဂန်လူထု အခြေအနေ
ကာလ်ဘူးလ်မြို့ကို တာလီဘန်တွေ လာနေကြတဲ့ အချိန်ကစလို့ မြို့နေလူထုက ထိတ်ထိတ်ပျာပျာ ဖြစ်လာကြပါတယ်။
တချို့က လေဆိပ်ကိုသွားဖို့ လုပ်နေကြပြီး ငွေထုတ်စက်ရှေ့မှာ ငွေထုတ်ဖို့ ထွက်လာကြသူတွေ၊ နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံခြားပြည်ဝင်ခွင့် လျှောက်ဖို့ ထွက်လာကြသူတွေလည်း ရှိနေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
ဒီလို ဖြစ်ပေါ်နေတဲ့အတွက် မြို့သားတချို့က ကားတွေကို ထားခဲ့ပြီး ခြေလျင် လျှောက်နေကြတာကို တွေ့ရသလို ငွေထုတ်စက်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နေရာတွေမှာလည်း လူတန်းကြီးတွေ ပေါ်လာကြပါတယ်။
အာဖဂန်နိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအတွက် စိုးရိမ်စရာမရှိပါဘူးလို့ တာလီဘန် ပြောခွင့်ရ မစ္စတာ ရှာဟင်းက ပြောဆိုခဲ့ပြီး အာဖဂန်သားတွေ ပြည်ပကို ထွက်မသွားကြပဲ ပြန်လည်တည်ဆောက်ရေးမှာ ကူညီကြဖို့လည်း လိုလားတယ်လို့ ဆိုပါတယ်။
တာလီဘန် အစိုးရအနေနဲ့ အမျိုးသမီးတွေကို ပညာသင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တွေလည်း ဆက်ပေးထားမယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
အမေရိကန်တပ်တွေ ဆုတ်ခွာမယ့် အစီအစဉ် အပြောင်းအလဲ ရှိနိုင်သလား
အမေရိကန်တပ်တွေ အနေနဲ့ လာမယ့် စက်တင်ဘာ လလယ်မှာ အာဖဂန်နစ္စတန်နိုင်ငံက အပြီးသတ် ဆုတ်ခွာမယ့် အခြေအနေဟာ လက်ရှိအနေအထားကြောင့် အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရ အရာရှိတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
တာလီဘန်တွေက အမေရိကန်သံရုံးဝန်ထမ်းကို ထွက်ခွာမှုကို အနှောက်အယှက် ပေးမှသာလျှင် အမေရိကန်ဘက်က တုံ့ပြန်မှု တစ်ခုခု ပြန်လုပ်မယ်လို့လည်း အဲဒီ အရာရှိက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်း တာလီဘန်တွေ အာဖဂန်နယ်မြေတွေကို ပိုမို ထိန်းချုပ်လာနိုင်တဲ့ အချိန်အတွင်းမှာပဲ သူ အမေရိကန်တပ်တွေ ရုပ်သိမ်းစေခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန်က သူ့အနေနဲ့ အခုလို ရုပ်သိမ်းဖို့ အာဖဂန်အစိုးရကို ကတိပေးထားပြီးတဲ့အတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အာဖဂန်ကို လေကြောင်း ထောက်ပံ့ဖို့၊ အာဖဂန် စစ်တပ် လစာ၊ အစားအသောက်နဲ့ ပစ္စည်း ကိရိယာ ထောက်ပံ့ဖို့ အစရှိတာတွေ လုပ်သွားမယ်လို့ ပြောဆိုထားပြီး အာဖဂန် အစိုးရက သူတို့ဘာသာ သူတို့ရုန်းကန်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ တာလီဘန်တွေက အာဖဂန်နစ္စတန် နိုင်ငံကို လုံးဝ ထိန်းချုပ်လိုက်ပြီ ဆိုရင်တော့ မကြာခင် တာလီဘန်တွေကို အာဏာလွှဲပေးရတော့မယ့် အာဖဂန် အစိုးရနဲ့ အမေရိကန်တို့ ယခင်သဘောတူထားတာတွေ အပြောင်းအလဲ ရှိနိုင်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကင်ကတော့ အမေရိကန်အနေနဲ့ အိုစမာ ဘင်လာဒင် နှိမ်နင်းရေးနဲ့ အယ်လ်ကိုင်းဒါး အကြိမ်းဖက် အဖွဲ့ရဲ့ အင်အားချိနဲ့သွားအောင် လုပ်နိုင်ခဲ့တဲ့အတွက် အမေရိကန်က ၂၀ဝ၁ ခုနှစ်မှာ အာဖဂန်ကို စတင်ဝင်ရောက် တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက် အောင်မြင်ပါတယ် ဆိုပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ တုံ့ပြန်မှု လောလောဆယ် ဘယ်လို ရှိနေသလဲ
လက်ရှိ အာဖဂန် တာလီဘန် အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးအစည်းအဝေး ခေါ်ပြီး ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ရုရှား အစိုးရက ပြောပါတယ်။
အာဖဂန်မြို့တော် ကာလ်ဘူးမှာရှိတဲ့ ရုရှားသံရုံးကိုတော့ ဆက်လက် ဖွင့်လှစ်ထားမှာဖြစ်ပြီး သံရုံးဝန်ထမ်းတွေအတွက် တာလီဘန်တွေဆီက လုံခြုံရေး အာမခံချက် ရထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ သံရုံးပိတ်ပြီး ဝန်ထမ်းတွေ ပြန်ခေါ်မယ့် နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ယူကေအပြင် ဂျာမနီ၊ စပိန်နဲ့ ဆွီဒင်တို့လည်း ပါဝင်ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ကတော့ လောလောဆယ်မှာ ကာဘူးလ်မြို့မှာရှိတဲ့ သူတို့ရဲ့ သံရုံးတွေကို ပိတ်ထားဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။









