အနောက်နိုင်ငံတွေကို တန်ပြန်တဲ့ တရုတ်ဝါဒဖြန့် စစ်ဆင်ရေးထဲက နိုင်ငံခြားသား ဗလော့ဂါတွေ

    • ရေးသားသူ, ကယ်ရီ အလန် နဲ့ ဆိုဖီ ဝီလျံ
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ရှင်ကျန်းလို အငြင်းပွားဖွယ် ကိစ္စတွေနဲ့ တရုတ်နိုင်ငံအကြောင်း မကောင်းပြောထားတာတွေကို နိုင်ငံခြားသား ဗီဒီယို ဘလော့ဂါတွေက ရှုတ်ချထားတာတွေက YouTube လို မီဒီယာတွေမှာ လူကြည့်များအောင် စွဲဆောင်နေပါတယ်။

မကြာသေးတဲ့ နှစ်ပိုင်းတွေက စပြီး Vloggers ဗလော့ဂါတွေဟာ သူတို့ကိုယ်သူတို့ တရုတ်ကို ချစ်သူ တွေအဖြစ် သရုပ်ဖော်လာကြပါတယ်။ တရုတ် ကွန်မြူနစ်ပါတီက တမင်လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတွေကို ဖြန့်ပေးလာပါတယ်။ YouTube က တရုတ် နိုင်ငံပိုင် CGTN သတင်းဌာနတို့လို မီဒီယာတွေဟာ အစိုးရက ထောက်ပံ့ပေးထားတာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တဦးတယောက်ချင်းစီ တင်နေတဲ့ အဲဒီလိုခပ်ဆင်ဆင် အကြောင်းအရာတွေကိုတော့ သိပ်ပြီး ကြပ်မတ်နိုင်တာမျိုး မရှိပါဘူး။

တချို့ ဗလော့ဂါတွေဟာ တရုတ် နိုင်ငံပိုင် သတင်းဌာနတွေနဲ့ ပေါင်းပြီး တရုတ်ရဲ့ ကောင်းချက်တွေကို ကမ္ဘာကို ဖြန့်ပေးနေကြတယ်ဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။ သူတို့ ဒီလို လုပ်ဖို့ ဘာတွေက စေ့ဆော်ခဲ့သလဲ၊ ဘယ်လောက် ထိရောက်နိုင်သလဲ ဆိုတာတော့ သဲကွဲစွာ မသိနိုင်ပါဘူး။

ဗလော့ဂါဆိုတာ ဘယ်လိုလူတွေလဲ

တရုတ် အနောက်မြောက်ပိုင်းက ရှင်ကျန်း ဒေသထဲမှာ နေထိုင်ကြတဲ့ ဝီဂါတွေအပေါ် တရုတ်ရဲ့ ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေက စုံစမ်းဖော်ထုတ် တင်ပြလာတာတွေကို တုံ့ပြန်ဖို့ ပြည်ပ ဗလော့ဂါဆိုသူတွေရဲ့ ဗီဒီယိုတွေလည်း ဟန်ချက်ညီညီနဲ့ ထွက်လာခဲ့ပါတယ်။

အဲဒီ ရှင်ကျန်း ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျနဲ့ အကြီးအကျယ် ကျူးလွန်နေကြတယ်ဆိုပြီး အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

တဖက်မှာ ဗြိတိသျှလူမျိုး Barrie Jones၊ Jason Lightfoot နဲ့ သားအဖ တွေဖြစ်ကြတဲ့ Lee နဲ့ Oli Barrett တို့လို ဗလော့ဂါတွေက သူတို့ရဲ့ မီဒီယာ ပလက်ဖောင်း တွေကနေ တရုတ် အစိုးရရဲ့ မူဝါဒ တွေနဲ့ အနောက်အုပ်စုရဲ့ လိမ်ညာမှုတွေအကြောင်း မှတ်ချက်ပေး တင်ပြကြ တာမျိုးတွေ လုပ်လာကြပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့ရဲ့ ဗီဒီယို တွေကို လည်း တရုတ် နိုင်ငံပိုင် CGTN သတင်းဌာနက ပြသလာတာ တွေ့မြင်လာရပါတယ်။

အစောပိုင်း ဗီဒီယို တွေထဲမှာ ဒီလူတွေက သူတို့ကိုယ်ပိုင် ချန်နယ်လ်တွေမှာ တရုတ်ပြည်ထဲမှာ နေထိုင်ကြတဲ့ လူမှုဘဝတွေကိုသာ ဦးပေးပြောပြကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က စပြီး သူတို့ဟာ နိုင်ငံရေး ဆန်လာပြီး ကိုဗစ်-၁၉၊ ဟောင်ကောင်နဲ့ ရှင်ကျန်း ဒေသကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်ကို အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ ကာကွယ်လာကြတာ တွေ့ရပါတယ်။ အဲဒီ ယူကျုမှာ ဗီဒီယိုတွေ တင်နေတဲ့ YouTuber တွေမှာ ပရိတ်သတ် ထောင်ပေါင်းများစွာ ရှိကြပါတယ်။ သူတို့ ဗီဒီယိုတွေကိုလည်း အမျိုးသားရေး သမားတွေက အားပါးတရ ထပ်ဖြန့်တာ မှတ်ချက်ပေးကြတာမျိုး လုပ်ကြပါတယ်။

စရိတ်မကုန်ဘဲ ခရီးသွားခြင်း

ဗလော့ဂင်းလို့ ခေါ်တဲ့ ဗီဒီယို ဘလော့ဂါ အလုပ်ကို တရုတ်ပြည်မှာ လူကြိုက်များပါတယ်။ ဒါပေမယ့် တရုတ်ပြည်က ဗီဒီယို ပလက်ဖောင်းတွေက စည်းကမ်းတွေ တင်းကြပ်တာကြောင့် အသုံးပြုသူတွေအနေနဲ့ လုပ်ရကိုင်ရတာ အကန့်အသတ်များပါတယ်။ နောက်ပြီး အင်တာနက်ပေါ်မှာ သူတို့ တင်တာတွေကို ထိန်းဖို့ စောင့်ကြည့်သူ ထောင်ပေါင်းများစွာလည်း ရှိနေပါတယ်။

ဒါကြောင့်လည်း တရုတ် ဗလော့ဂါတွေရဲ့ တင်သမျှ ဗီဒီယိုတွေက သူတို့ နေအိမ်ပတ်ဝန်းကျင်မှာ ရိုက်ထားတာတွေ များနေတတ်ပါတယ်။

တရုတ်ရဲ့ ၁၉၈၂ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ရှိပါတယ်။ ဒါပေမယ့် တရုတ် ဗလော့ဂါတွေနဲ့ အရပ်သတင်းထောက်တွေကတော့ သူတို့ ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုတွေကို အာဏာပိုင်တွေက မနှစ်သက်တာကြောင့် မကြာခဏ ဆိုသလို ဖမ်းဆီး ထိန်းသိမ်းခံရတတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ အတွင်းက အရပ်သတင်းသမား ကျန်း ကျန်ကို ဝူဟန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဗလော့ဂ်တွေကြောင့် ထောင်ဒဏ် ၄ နှစ် အပြစ်ပေးခဲ့ပါတယ်။

Barrett သားအဖ နဲ့ Jason Lightfoot တို့လို ပြည်ပက လာရောက်နေထိုင်ကြတဲ့ ဗလော့ဂါတွေကတော့ ပိုပြီး အခွင့်အရေး ရကြတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့တွေကို တချို့ ကိစ္စတွေမှာ ဒေသ အာဏာပိုင်တွေနဲ့ တရုတ်နိင်ငံပိုင် မီဒီယာပိုင်းကပါ ပံ့ပိုးတာတွေ ရှိပါတယ်။

Barrett သားအဖဟာ အစိုးရက ငွေကြေး အကူအညီတွေနဲ့ ကျင်းပတဲ့ ပွဲတွေကိုလည်း မကြာခဏ တက်ရောက်လေ့ရှိကြပါတယ်။ Lee Barrett ဆိုရင် သူ့ ဗီဒီယို တခုထဲမှာ နိုင်ငံပိုင် China Radio International သတင်းဌာနက သူနဲ့သားဖြစ်သူတို့ကို နိုင်ငံပိုင် မီဒီယာပေါ်မှာ တက်ပြီး သူတို့ ခရီးစဥ်နဲ့ ပတ်သက်လို့ ပြောပြပေးမယ် ဆိုရင် လေယာဥ်လက်မှတ်တွေ ခရီးစရိတ်တွေသာမက နေဖို့ ထိုင်ဖို့ပါ အကုန်စရိတ်ငြိမ်း စီစဥ်ပေးမှာ ဖြစ်တယ်လို့ ကမ်းလှမ်းခဲ့ကြောင်း ပြောပါတယ်။

ဘီဘီစီကို ပို့ခဲ့တဲ့ အီးမေးလ်ထဲမှာတော့ Barrett သားအဖက သူတို့တွေဟာ လုပ်ကြံသတင်းတွေကို တရုတ် အစိုးရကိုယ်စား ဒါမှမဟုတ် အခကြေးငွေယူပြီး တင်ပေးနေတယ်ဆိုတဲ့ ကိစ္စကို အကြောက်အကန် ငြင်းဆိုထားပါတယ်။ Lee Barrett ကိုဆိုရင် ရဲ့ CGTN ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ သူ့ရဲ့ ရှင်ကျန်းအကြောင်း ဗီဒီယိုတွေထဲမှာ ကမ္ဘာလှည့် သတင်းထောက်လို့တောင် ဖော်ပြပေးထားပါတယ်။ သူတို့ ဆိုလိုချင်တာက တရားဝင် ဝန်ထမ်းမဟုတ်ဘဲ သူတို့ သတင်းဌာနအတွက် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်နေသူ ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

Jason Lightfoot ကိုဆိုရင်လည်း သတင်းထောက် စာရင်းထဲ ထည့်ထားပါတယ်။ သူ့ကို အနောက်အုပ်စုရဲ့ လုပ်ကြံသတင်းတွေကို ဝေဖန် ထောက်ပြတဲ့ ဗလော့ဂါလို့လည်း ဖော်ပြ ကြပါတယ်။ CGTN သတင်းဌာနက သတင်းထောက်တွေ၊ ပြည်ပက လာတဲ့ ဗလော့ဂါတွေနဲ့ အတူတူ ဟိုင်နန် သွားတုန်းက ဗီဒီယို တွေထဲမှာလည်း Mr Lightfoot ကို တွေ့ရပြန်ပါတယ်။

CGTN က တင်ထားတဲ့ ဗီဒီယို တခုထဲမှာဆို Mr Lightfoot က သူဟိုင်နန်ကို လေ့လာခွင့် ရတာ၊ CGTN ဝန်ထမ်းတွေနဲ့ သူတို့လို ပြည်ပကလာကြတဲ့ ဗလော့ဂါတွေအကြား အတူလက်တွဲ လုပ်ကိုင်ပြီး တိုက်ရိုက် ထုတ်လွှင့်တာတွေနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ခဲ့တဲ့ အပေါ်မှာလည်း အင်မတန်လည်း ကျေးဇူးတင်မိပါတယ်လို့ ပြောထားပါတယ်။

Mr Lightfoot ကို ဘီဘီစီက တွေ့ဆုံမေးမြန်းဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူဗီဒီယိုတွေထဲက တခုမှာတော့ သူ့ကို ဘယ်သူကမှ ငွေကြေး ထောက်ပံ့ပေးတာမျိုး မရှိဘူး၊ ဘယ်သူ့ဆီကမှ ခရီးစရိတ် မရခဲ့ဖူးဘူးလို့ ပြောထားပါတယ်။

ဒီ တရုတ် လိုလားတဲ့ ဗလော့ဂါတွေကို တရုတ်အစိုးရက ထောက်ပံ့ပေးထားတယ်လို့ YouTube ဘက်က တံဆိပ်ကပ်ပေးတာမျိုး မလုပ်ထားပေမယ့် သူတို့ ရဲ့ ကိုယ်ပိုင် ချန်နယ်လ် တွေမှာ တင်ခဲ့တဲ့ ဗီဒီယို တချို့ကို နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ မီဒီယာ အကောင့်တွေမှာ ပြန်တင်တာတွေလည်း တွေ့ရပါတယ်။

Barrie Jones ရဲ့ ဗီဒီယို တခုဆိုရင် CGTN ရဲ့ YouTube အကောင့်မှာပါ တင်ခဲ့တာ မကဘဲ တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နေ့စဥ် သတင်းစာ ရှင်းလင်းပွဲမှာပါ သုံးခဲ့တာကို တွေ့ရပါတယ်။

ရှင်ကျန်းက အချက်အလက်တွေကို အနောက်တိုင်း မီဒီယာက ဘယ်လို လှည့်ထားသလဲ ဆိုပြီး ခေါင်းစဥ်တပ်ထားတဲ့ ဗီဒီယိုထဲမှာ Mr Jones က သူ့ကိုယ်သူ အင်္ဂလန်မှာ ရှိတဲ့ ဗြိတိန်မှာ နေ့စဥ် စောင်ရေအများဆုံး ထုတ်ဝေရတဲ့ သတင်းစာတိုက်မှာ ၆ နှစ် လုပ်ခဲ့ဖူးသူလို့ ပြောထားပါတယ်။ တချို့ နိုင်ငံပိုင် မီဒီယာတွေမှာလည်း Mr Jones ကို ဗြိတိသျှသတင်းစာ ဆရာဟောင်း တယောက် အဖြစ် ရည်ညွှန်းတတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေ ဟုတ်မှန်သလား ဆိုတာနဲ့ ပတ်သက်လို့ ဘာသက်သေ အထောက်အထားမျိုးမှ ဘီဘီစီက မတွေ့ပါဘူး။ နောက်ပြီး သူ့ရဲ့ ချန်နယ်လ် မှာလည်း စာအရေးအသားမှာ သဒ္ဒါပိုင်း အမှားတွေ အများအပြား တွေ့ရပါတယ်။

သူ့ရဲ့ သတင်းလောက အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ Mr Jones ကို ဘီဘီစီက မေးမြန်းရာမှာတော့ သူဘယ်တုန်းက ဘယ်မှာ သတင်းစာဆရာ အဖြစ် လုပ်ကိုင်ခဲ့သလဲ ဆိုတာ ဘီဘီစီနဲ့ မဆိုင်ပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ သူကတော့ သတင်းစာတိုက်တခုမှာ လုပ်ခဲ့ဖူးတယ်ဆိုတဲ့အချက်ကို စွဲကိုင်ထားဆဲဖြစ်ပြီး အဲဒီအချက်ထက် ပိုပြီး ဘာမှ ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။ နောက်ပြီး သူ့ကို ငွေကြေးနဲ့ မြူဆွယ်လို့ အတင်းအကျပ် ခိုင်းစေလို့ လုပ်ပေးနေတာဆိုတဲ့ အချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ကို ယုံကြည်ရတဲ့ လူတယောက်အဖြစ် သတင်းစာရှင်းလင်းပွဲတွေမှာ ဘာကြောင့် သုံးနေသလဲ ဆိုတာတော့ သဲကွဲစွာ မပြောနိုင်သေးပါဘူး။ Mr Jones ဟာ အငြင်းပွားဖွယ်ရာ စိတ်ကူး အယူအဆတွေကိုလည်း ပုံမှန် တင်ပြလေ့ ရှိပါတယ်။ သူ့ဗီဒီယိုတွေဟာ နိုင်ငံရေး ပိုဆန်လာနေတာနဲ့ လုပ်ကြံ သတင်းဖန်တီးမှုတွေ မှာပါဝင်ပတ်သက်နေတယ်လို့ ပြောကြတာကိုလည်း ရယ်စရာကိစ္စ တခုသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တရုတ်ပြည်နဲ့ တရုတ်အစိုးရဘက်က ငွေပေးပြီး ခိုင်းတာမျိုး မရှိကြောင်း၊ အမှန်အတိုင်းပြောရရင် တကယ် ငွေပေးလာမယ်ဆိုရင် သူ့ဘက်က လက်ခံမှာ ဖြစ်ကြောင်းတောင် ပြောခဲ့ပါတယ်။

ပြည်ပ သတင်းတွေကို တရုတ်ရဲ့ တန်ပြန်မှု

တရုတ် နိုင်ငံပိုင် မီဒီယာရဲ့ လုပ်ငန်းတွေမှာ ပြည်ပက လူတွေကို ခေါ်ယူ သုံးစွဲတာတွေကလည်း ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ CGTN က သူတို့သတင်းဌာနက လတ်တလော ကမ္ဘာတဝန်းမှာ သတင်းထောက် ၇၀၀ ကျော်ကို ဖြန့်ကြက်ထားတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီလူတွေ နိုင်ငံတကာမှာ လူသိများလာစေဖို့နဲ့ ဆုကြေးငွေတွေကို ပေးမယ်လို့ ဆိုပါတယ်။

သူတို့ မကြာသေးခင်ကမှ စတင်ခဲ့ကြတဲ့ မီဒီယာကို စိန်ခေါ်သူများ လှုပ်ရှားမှုကို ပိုမိုကျယ်ပြန့်လာစေဖို့ အဲဒီ ပါဝင်လိုတဲ့ သတင်းထောက်တွေ၊ ပေါ့ဒ်ကတ်စ် တင်သူတွေ၊ တင်ဆက်သူတွေနဲ့ လူထုအပေါ် လွှမ်းမိုးနိုင်တဲ့ အင်ဖလူရန်ဆာတွေကိုလည်း ဒေါ်လာ ၁၀,၀၀၀ လောက်အထိ ဆုငွေ ပေးမယ်ဆိုပြီး ကမ်းလှမ်းတာမျိုးတွေလုပ်ထားကြပါတယ်။ အဲဒီလှုပ်ရှားမှုအတွက် စည်းရုံးရေးတွေမှာ Jason Lightfoot နဲ့ Lee နဲ့ Oli Barrett တို့ သားအဖတွေပါ ပါဝင် ကြတာကိုတွေ့ရပါတယ်။

CGTN ကို ဒီကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် အမည်မဖော်လိုတဲ့ CGTN ထဲက သတင်းရင်းမြစ်တွေကတော့ လတ်တလောမှာ အင်တာနက်ပေါ်က ထင်ရှားကျော်ကြားသူတွေ နဲ့ သြဇာလွှမ်းသူတွေကို အသုံးချပြီး ပြည်ပ မီဒီယာတွေရဲ့ သတင်းတွေကို တန်ပြန်ဖို့ ဆောင်ရွက်နေတယ်လို့ ဘီဘီစီကို ပြောကြပါတယ်။ အင်တာနက် ထင်ရှားကျော်ကြားသူများ ဌာနခွဲတခုကိုပါ တည်ထောင်ထားပြီး နိင်ငံခြားသားတွေကို သူတို့ ဗီဒီယိုတွေကို ယူသုံးဖို့ နဲ့ ဗီဒီယိုတွေ ပူးပေါင်း ဖန်တီး ရိုက်ကူးကြဖို့ အထိပါ ဆက်သွယ် ကမ်းလှမ်းတာ လုပ်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကတောင် ရှင်ကျန်းကို စေလွှတ်ဖို့ ပြည်ပက လူတွေကို ကိုယ်စားပြုနိုင်မယ့် နိုင်ငံခြားသားမျိုးတွေကို ရှာဖွေခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေး ဗလော့ဂါ Raz Gal-Or ဆိုလည်း မကြာသေးခင်က အဲဒီဒေသကို သူရောက်သွားခဲ့တဲ့ ဗီဒီယိုတွေကို တင်ထားပါတယ်။ သူ့ကို အဲဒီ ရှင်ကျန်းဒေသခံတွေရဲ့ နေအိမ်တွေနဲ့ လယ်ယာတွေမှာ လေ့လာဖို့ ဖိတ်ခေါ်တာ ခံခဲ့ရကြောင်းနဲ့ ရှင်ကျန်း ဒေသခံတွေထဲက သူကြိုက်တဲ့လူကို ချဥ်းကပ်မေးမြန်းနိုင်ခဲ့ကြောင်းတွေ ပြောပါတယ်။ ဒါပေမယ့် သူ့ ခရီးစဥ် တလျှောက် CGTN ရဲ့ ရိုက်ကူးရေး အဖွဲ့က ပါနေခဲ့တာ ဖြစ်ပြီး နောက်ပိုင်း သူတို့ရဲ့ YouTube ချန်နယ်လ်မှာ အဲဒီ ဗီဒီယိုကို တင်ပေးထားကြပါတယ်။

သူ့အတွေ့အကြုံတွေက ရှင်ကျန်းကနေ လွတ်လပ်စွာ သတင်းပို့နိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဘီဘီစီနဲ့ တခြားသတင်းဌာနတွေ အဲဒီကို သွားတုန်းက ကြံခဲ့ရတဲ့ စောင့်ကြည့်တာ နှောင့်ယှက် တားဆီးတာမျိုးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လို့ နေပါတယ်။

Mr Gal-Or ကိုလည်း ဘီဘီစီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှု ရှိခဲ့ပါဘူး။

အမြဲတမ်းဆိုသလို ရှင်ကျန်း အကြောင်းဖော်ပြ

YouTube ကို တရုတ်ပြည်မှာ ကြည့်လို့ မရအောင် ပိတ်ထားတယ် ဆိုပေမယ့် အထက်က ဖော်ပြခဲ့တဲ့ ဗလော့ဂါတွေရဲ့ ချန်နယ်လ်တွေမှာတော့ အချိန်တိုအတွင်းမှာ ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရရှိသွားသလို တက်ကြွ လှုပ်ရှားနေကြတဲ့ အမျိုးသားရေးသမား ဆိုသူတွေရဲ့ မှတ်ချက်တွေကလည်း ရာပေါင်းများစွာ ဖြစ်သွားခဲ့တာကြောင့် သူတို့ဗီဒီယိုတွေကနေ ဝင်ငွေပါ ရနေကြပါတယ်။

သြစတြေးလျက Internet 2.0 ရဲ့ ဆိုင်ဘာ လုံခြုံရေး ဆိုင်ရာ သုတေသီ Robert Potter ကတော့ တချို့ ဗီဒီယိုတွေက တကယ်စစ်မှန်တဲ့ ကြည့်ရှုသူနဲ့ ကြိုက်နှစ်သက်ကြသူတွေ ရဖို့ စွဲဆောင်နိုင်ပေမယ့် တဖက်မှာ စက်နဲ့ အလုပ်လုပ်နေတဲ့ အကောင့်အတုတွေသုံးပြီး တခြား လူတွေကိုပါ ကြည့်ကြဖို့ စွဲဆောင်နေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

YouTube ဘက်ကလည်း သူတို့ဆီမှာ တင်ထားတဲ့ တချို့ ဗီဒီယိုတွေကို အဆက်မပြတ် ထိုင်ကလစ်လုပ်ပြီး အကြိမ်ထောင်ပေါင်းစွာ ကြည့်သလို ဖြစ်နေအောင် လုပ်တာတွေကို ရပ်အောင် လုပ်ပေးနိုင်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ အကြောင်းက ဒီဗီယိုတွေက ငွေရတဲ့ ဗီဒီယိုတွေ ဖြစ်နေလို့ ပါလို့ ဆိုပါတယ်။

Barretts သားအဖရဲ့ YouTube လိုင်းနဲ့ ပတ်သက်လို့တော့ အမျိုးသားရေး လှုပ်ရှားသူတွေက ဗီဒီယိုတွေ ပြန်တင်ပေးနေကြသလို သတင်းမှားတင်တဲ့ နေရာတွေမှာလည်း တင်နေကြတယ်လို့ ပြောပါတယ်။ ဒါက စက်ကိုသုံးပြီး လိမ်နေတာ၊ သတင်းမှား တင်တဲ့ ဝက်ဘ်ဆိုက်တွေမှာ ဗီဒီယိုကို တင်လိုက်ပြီဆိုရင် ကြည့်ဖို့ နှိပ်လိုက်တာနဲ့ YouTube ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုကို replay မလုပ်တော့ဘဲ နောက်ထပ် အသစ်ကြည့်တဲ့ ပုံစံဖြစ်အောင် ကြည့်ရှုသူ များအောင် လုပ်ယူထားတာပါလို့ ဆိုပါတယ်။

အဲဒီလို ပုံမျိုးကို လုပ်တာကို Barrie Jones ရဲ့ ဗီဒီယိုတွေမှာလည်း တွေ့ရပါတယ်။ သူ့ရဲ့ ရှင်ကျန်း ဗီဒီယိုနဲ့ ချိတ်ထားတဲ့ သတင်းမှားတင်ထားတဲ့ စာမျက်နှာတွေ တော်တော်များများ ရှိတယ်လို့ ပြောပါတယ်။

ဗီဒီယိုတွေ အောက်မှာ မှတ်ချက်ပေးတာမျိုးတွေကတော့ မကြာသေးခင်က YouTube မှာ အကောင့်ဖွင့်ထားတဲ့ လူတွေ အများအပြားကို တွေ့ရတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာ အကောင့်အတုတွေ အများကြီး ဖွင့်ထားတဲ့ လူတွေကပဲ အကြိမ်ကြိမ် မှတ်ချက်တွေ ဝင်ရေးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလူတွေက ဘယ်လို အကြောင်းအရာတွေကို အဓိက ပစ်မှတ်ထားနေကြသလဲ ဆိုတော့ ရှင်ကျန်း ဗီဒီယိုတွေကို အမြဲလိုလို ပစ်မှတ်ထားတယ်လို့ Mr Potter က ပြောပါတယ်။

ဒီလို မှတ်ချက် လိုက်ပေးနေသူတွေကို တရုတ်ရဲ့ ပြား ၅၀ တပ်ဖွဲ့လို့ လူသိများပါတယ်။ ဒီလို အစိုးရကို ထောက်ခံတဲ့ စာတွေ ဝင်ရေးပေးရင် ငွေနည်းနည်းပါးပါး ရတာကြောင့် အခုလို ခေါ်ကြတာ ဖြစ်ပါတယ်။

ဒီ ကီးဘုတ်တပ်ဖွဲ့ဟာ လှုပ်ရှားနေတာ ကြာပါပြီ။ နိုင်ငံခြားကလူတွေရဲ့ ဗီဒီယိုတွေအောက်မှာ အများကြီး ဝင်ရေးတတ်ကြလို့ သူတို့တွေ တရုတ်ရဲ့ firewall လို အတားအဆီးတွေကို ဘယ်လို ပတ်ရှောင်ပြီး ဗလော့ဂါတွေရဲ့ ဆီဝင်ရေးကြသလဲ သံသယတွေတောင် ရှိလာကြပါတယ်။ သူတို့ကြောင့် ဗလော့ဂါတွေ ပိုပြီး လူသိများလာသလို သူတို့ ရဲ့ တင်ပြတဲ့ လေသံတွေတောင် ပြောင်းလာပါတယ်။

တရုတ်ရဲ့ ပြား ၅၀ တပ်ဖွဲ့ ကြောင့် ဗီဒီယိုတွေဟာ ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရသွားတတ်ပါတယ်။ ဒါပေမယ့် တရုတ်ဟာ မကြာသေးခင်ကစလို့ ဟန်ချက်ညီညီနဲ့ မီဒီယာ လှုပ်ရှားမှုတွေ လုပ်လာတာကိုလည်း တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဖြစ်နေချိန်အတွင်း Twitter၊ Facebook နဲ့ YouTube မှာ တရုတ် အစိုးရဘက်က လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို သူတို့ရဲ့ ချန်နယ်လိုင်းတွေမှာ တင်လာကြတာကို တွေ့ခဲ့ရပါတယ်။

Google ကလည်း အဲဒီ အကောင့်တွေ စဖွင့်တဲ့ နေရာတွေကို ဖုံးကွယ်ဖို့ ကြိုးစားလာတာတွေ တွေ့ရကြောင်းနဲ့ သူတို့ဘက်က ချက်ခြင်းဆိုသလို ပယ်ဖျက်ပစ်ခဲ့ကြကြောင်း ပြောပါတယ်။ သတင်းတွေတင်တဲ့ ဝက်ဆိုက်ဘ် Sixth Tone ကလည်း တရုတ်ရဲ့ ဆိုရှယ်မီဒီယာတွေဟာ ပြည်တွင်းက သြဇာလွှမ်းတဲ့ ပရိတ်သတ်များတဲ့ လူတွေပိုပြီး အောင်မြင်လာဖို့ click farms တွေ ပိုသုံးလာကြတယ်လို့ မေလ အတွင်းက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာ တရုတ်ရဲ့ ကြော်ငြာလုပ်ငန်းဆိုင်ရာ အစည်းအရုံးက ကုမ္ပဏီတွေ သူတို့ စီးပွားဖြစ်ဖို့အတွက် click farms တွေသုံးတာကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ဝါဒဖြန့်ချိရေးအတွက်ဆိုရင်တော့ သုံးနိုင်ပါတယ်။

တရုတ် ဆန့်ကျင်တဲ့ ဘက်လိုက်တဲ့ ဘီဘီစီ

နိုင်ငံခြားသား ဗလော့ဂါတွေ ဘာကြောင့် ဒီလို လုပ်နေကြသလဲ၊ တရုတ်ရဲ့ သတင်းစကားတွေကိုပဲ ယုံကြည်ကြတာလား ဒါမှမဟုတ် ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် မက်မောလို့လား ဆိုတာ မပြောနိုင်ပါဘူး။ ဘီဘီစီက Lee Barrett နဲ့ Barrie Jones တို့ကို သူတို့ ဗီဒီယိုတွေက ဘာလို့ အခုလို တရုတ် အမွှန်းတင်တာတွေ များလာသလဲ ဆိုတာကို မေးကြည့်တဲ့အခါ ရှောင်ပြီး ဖြေကြတဲ့ အဖြေမျိုးပဲ ရပါတယ်။ Barretts သားအဖ က ဒီ သတင်းရေးဖို့ သူတို့ကို ချဥ်းကပ်လာတဲ့ အပေါ်မှာလည်း တရုတ် ဆန့်ကျင်ရေး လုပ်ဖို့ အတွက် ဘက်လိုက်တဲ့ ဘီဘီစီက သတင်းကြီးတခု ရဖို့ လုပ်နေတာဆိုပြီး Twitter ပေါ်မှာ ရေးခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ မီဒီယာတွေဟာ နိုင်ငံခြားက လာရောက်နေထိုင်နေကြတဲ့ ဗလော့ဂါတွေနဲ့ ဘာကြောင့် တွဲလုပ်လာကြသလဲ ဆိုတာကိုတော့ ဝီဂါမွတ်စလင်တွေနဲ့ တခြားကိစ္စတွေမှာ တရုတ်ရဲ့ ကိုင်တွယ်ပုံတွေကို နိုင်ငံတကာက ဝေဖန်ပြစ်တင်ကြတဲ့ အခါမှာ ပိုသိလာရပါတယ်။

CGTN သတင်းဌာနဟာ သူတို့ကို ဝေဖန် ပြစ်တင်လာကြတာကို တန်ပြန်နိုင်ဖို့ ကြိုးစားလာပါတယ်။ ရုရှားက RT သတင်းဌာနလိုပဲ သူတို့ နိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသားတွေကို ငှားရမ်းပြီး အစိုးရရဲ့ သတင်းစကားတွေကို ပြည်ပနိုင်ငံတွေမှာ ကြားနိုင်အောင်လုပ်လာပါတယ်။ ကီးဘုတ် တပ်ဖွဲ့တွေကလည်း ပိုပြီး ထိရောက်အောင် ဆောင်ရွက်ပေးကြပါတယ်။

YouTube က ဒီမီဒီယာ ပလက်ဖောင်းတွေဟာ အစိုးရတွေနဲ့ ဆက်နွယ်ပတ်သက်မှုတွေ ရှိနေပြီးသားအဖြစ်သတ်မှတ်ထားပါတယ်။

YouTube ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အစိုးရက တင်လာတဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူတွေ သတင်းအချက်အလက် ပိုမိုစုံလင်စွာ သိရှိပြီး သတင်းနဲ့ ပတ်သက်လို့ မှန်ကန်စွာ သိရှိနိုင်ရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ သတ်မှတ်ထားကြောင်း ပြောပါတယ်။ YouTube ပေါ်မှာ တင်တဲ့ ဗီဒီယို တိုင်းဟာလည်း သတ်မှတ်ထားတဲ့ လူမှုစည်းကမ်းတွေ ကိုလိုက်နာရမှာ ဖြစ်ကြောင်းနဲ့ တိုင်ကြားခံရတဲ့ ဗီဒီယိုတွေကိုလည်း တခုချင်းစီ စိစစ်တာတွေ လုပ်ကြောင်း ပြောပါတယ်။

YouTube က ဘီဘီစီက ပို့လာတဲ့ ဗီဒီယိုတွေဟာဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ငြိစွန်းနေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံပိုင် သတင်းဌာနတွေနဲ့ ချိတ်ဆက်လုပ်နေကြတဲ့ ဗလော့ဂါတွေကိုတော့ YouTube ဘက်က အစိုးရ သတင်းဌာနတွေနဲ့ ဆက်နွယ်နေတယ်လို့ မသတ်မှတ်ဘဲ ထားတာကြောင့် ကြည့်ရှုသူတွေအနေနဲ့ ဒီအချက်ကို သတိပြုမိကြမှာ မဟုတ်ပါဘူး။