ဟောင်ကောင်-အကြမ်းဖက်ဖို့ ကြံစည်မှုနဲ့ ဆယ်ကျော်သက်လူငယ်တွေ အဖမ်းခံထားရ

ဟောင်ကောင်မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသား ၆ ဦးအပါအဝင် လူ ၉ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီအုပ်စုထဲမှာ ပါသူတွေဟာ အသက် ၁၅ နှစ်ကနေ ၃၉ နှစ်အကြားအရွယ် ဖြစ်ပါတယ်။ သူတို့ဟာ ဗုံးလုပ်ဖို့အတွက် ဟိုတယ်တစ်ခုက အခန်းတစ်ခန်းကို ငှားခဲ့ပြီး တရားရုံးတွေ၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေနဲ့ လမ်းတွေမှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဥပဒေ ချိုးဖောက်ဖို့ ကြံစည်မှုတွေ ဟောင်ကောင်မြို့အနှံ့ ပျံ့နှံ့နေတယ်ဆိုပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းက သတိပေးခဲ့ချိန်မှာပဲ အဲဒီလူတွေကို ရဲက ဖမ်းဆီးလိုက်တာပါ။

သူတို့ကို နိုင်ငံတော် လုံခြုံရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းထားတာပါ။ ဟောင်ကောင်မှာ လူငယ်အများစုပါတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုတွေကို နှစ်ပေါင်းများစွာ ဦးဆောင်လုပ်ခဲ့ကြအပြီးမှာ အာဏာပိုင်တွေက အတိုက်အခံတွေကို ဖိနှိပ်ဖို့ ဒီလုံခြုံရေးဥပဒေကို အသုံးပြုလာခဲ့တာပါ။

ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ဖို့ စမ်းသပ်ခန်းတခုအဖြစ် အသုံးပြုခဲ့တဲ့ ဟိုတယ်ခန်းထဲမှာ ပေါက်ကွဲနိုင်စွမ်း မြင့်မားတဲ့ ထရိုင်ယာဆီတုန်း ဓာတုပစ္စည်းတွေကို သိမ်းဆည်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

အဲဒီလူတွေနဲ့ ဆက်နွှယ်နေတဲ့ ဟောင်ကောင် ဒေါ်လာ ၆ သိန်းကိုလည်း ခြေရာခံမိခဲ့ပြီး ထုတ်ယူသုံးစွဲလို့မရအောင် ဆိုင်းငံ့ထားလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအုပ်စုဟာ လူမှုအသိုင်းအဝိုင်းကို ကြီးနိုင်သမျှ အကြီးမားဆုံး ထိခိုက်အနာတရ ဖြစ်အောင် လုပ်ဖို့ ကြံစည်ချက်နဲ့ Cross-Harbor ရေအောက်ဥမင်လမ်းမကြီးနဲ့အတူ ရထားလမ်းတွေ၊ တရားရုံးတွေအပါအဝင် ဟောင်ကောင်က အများပြည်သူ သွားလာတဲ့ နေရာအဆောက်အအုံတချို့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြသလို လမ်းတွေပေါ်က အမှိုက်ပုံးတွေမှာတောင် ဗုံးထောင်ဖို့ လုပ်ခဲ့ကြတယ်လို့ ဟောင်ကောင် ထိပ်တန်းရဲမှူးကြီး လီ ကွိုင်ဝါ က သတင်းထောက်တွေကို ပြောပါတယ်။

ဒီလူတွေကို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ကြေညာချက် မထွက်ခင်ကလေးမှာပဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း က ဆယ်ကျော်သက်အရွယ်လူငယ်တွေကို သတိထား စောင့်ကြည့်ကြဖို့နဲ့ မသင်္ကာစရာ ရာဇဝတ်မှုတွေ တွေ့ရင် သတင်းပို့ကြဖို့ မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ဘာသာရေး ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အပတ်စဉ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကယ်ရီလမ်းက ဥပဒေချိုးဖောက်ဖို့ အကြံအစည် အယူအဆတွေ ပညာရေးစနစ်ကနေတဆင့် ဖြန့်တာမျိုး အစိုးရဌာနတွေအနေနဲ့ ခွင့်မပြုသင့်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က တရုတ်အစိုးရ ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေးဆိုင်ရာ နိုင်ငံတော် လုံခြုံရေး ဥပဒေကိုလည်း ချီးမွမ်း ပြောဆိုသွားခဲ့ပါတယ်။

"တရားမျှတမှုကို ဥပဒေ ချိုးဖောက်ပြီး ရအောင် လုပ်နိုင်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆကို ပြည်သူတွေ ကာလအတော်ကြာ ယုံကြည် ကိုင်စွဲလာကြတယ်"လို့ ကယ်ရီ လမ်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁ ရက်နေ့တုန်းက ရဲတစ်ဦးကို ဓားနဲ့ထိုးပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားသူတစ်ဦးအတွက် ဝမ်းနည်းစိတ်မကောင်းကြောင်း ထုတ်ဖော်ပြခဲ့သူ တချို့ကိုလည်း သူက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဗြိတိသျှကိုလိုနီ လက်အောက်ခံ ဟောင်ကောင်ကို တရုတ်အစိုးရလက်ထဲ ပြန်လည်လွှဲပြောင်းပေးတဲ့ အထိမ်းအမှတ်နဲ့ တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကျရောက်တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

အရင်တုန်းကတော့ ဟောင်ကောင်ကို တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှု ပိုကြီးထွားလာနေတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုကြီးတွေကို ဒီလိုနေ့မျိုးမှာ စီစဉ်ပြုလုပ်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခွင့် ပိတ်ပင်ထားပါတယ်။ဆန္ဒပြမှုတွေမှာ ပါသူမှန်သမျှ နိုင်ငံတော်လုံခြုံရေးဥပဒေအရ တရားစွဲခံရမှာ ဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် တသက်တကျွန်း ကျခံရဖွယ် ရှိပါတယ်။