အိန္ဒိယ ကိုဗစ် - အတည်မပြုရသေးတဲ့ ကိုဗစ်ကာကွယ်ဆေး သန်း ၃၀၀ အိန္ဒိယ မှာယူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ အိန္ဒိယနိုင်ငံက အတည်မပြုမရသေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၃၀၀ မှာယူလိုက်ပါတယ်။
အိန္ဒိယ ဆေးဝါးကုမ္ပဏီ Biological E က ထုတ်လုပ်တဲ့ အမည်မပေးရသေးတဲ့ ကာကွယ်ဆေးဟာ တတိယ အဆင့် စမ်းသပ်မှုတွေလုပ်နေပြီး ပထမနဲ့ ဒုတိယ အဆင့်တွေမှာ အားရစရာ ရလဒ်တွေ ရခဲ့တယ်လို့ ပြည်ထောင်စု အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒေါ်လာ ၂၀၆ သန်းဖိုး မှာယူလိုက်တာ ဖြစ်ပြီး ဒါဟာ အရေးပေါ် အခြေအနေအတွက် အတည်မပြုရသေးတဲ့ ကာကွယ်ဆေးတမျိုးကို ပထမဆုံး မှာယူမှုလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ ကာကွယ်ဆေး ထိုးနှံမှုတွေမှာ အရှိန်မြှင့်တင်ဖို့ ရုန်းကန်နေရချိန်မှာပဲ အခုလို မှာယူလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်း ၁၄၀၀ ထဲက အများစုဟာ ကာကွယ်ဆေး ထိုးနှံခွင့် ရှိနေပေမယ့် လက်ရှိအချိန်အထိ ကာကွယ်ဆေးလုံးရေ သန်း ၂၂၀ သာ ထိုးနှံပေးနိုင်သေးပါတယ်။ ကာကွယ်ဆေး မလုံလောက်မှုတွေကြောင့် ပထမတလုံး ထိုးနှံပေးနိုင်တဲ့ဦးရေကလည်း နိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။
ကိုဗစ်ကူးစက်ခံရမှု ကျဆင်းလာနေတယ်ဆိုပေမယ့် အိန္ဒိယမှာတော့ နေ့စဥ် ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော် တွေ့နေရဆဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ ၃၄၀,၀၀၀ ကျော်ရှိပြီ ဖြစ်ပြီး ကျွမ်းကျင်သူတွေကတော့ ဒါထက် အများကြီးပိုနိုင်ကြောင်း ပြောကြပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ ခေါင်းဆောင်တဲ့ အိန္ဒိယ အစိုးရဟာလည်း ကူးစက်မှုတွေ မစခင်မှာ ဘယ် ပြည်တွင်း၊ ပြည်ပက ကာကွယ်ဆေး ထုတ်လုပ်သူတွေဆီကမှ ကြိုတင်ပြီး ကာကွယ်ဆေး ပမာဏ များများ မမှာယူခဲ့တာကြောင့် ဝေဖန်ပြစ်တင်ခံနေရပါတယ်။
အိန္ဒိယမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးပြီးသူ ဦးရေဟာ နိုင်ငံ့လူဦးရေ သန်း ၁၄၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။
အိန္ဒိယမှာ လတ်တလော ထိုးနှံပေးနေတဲ့ ကာကွယ်ဆေး ၃ မျိုး ရှိပါတယ်။ Serum Institute of India (SII) က ထုတ်လုပ်တဲ့ Covishield၊ အိန္ဒိယ ကုမ္ပဏီ Bharat Biotech နဲ့ အစိုးရရဲ့ Indian Council of Medical Research တို့ပူးပေါင်း ထုတ်လုပ်တဲ့ Covaxin၊ ရုရှားက Gamaleya Institute ရဲ့ Sputnik V တို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Biological E ကနေ တကြိမ်တည်း သန်း ၃၀၀ မှာယူတာနဲ့ နှိုင်းယှဥ်ကြည့်ရင်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ နဲ့ မေလ အတွင်းမှာ Covishield နဲ့ Covaxin တို့ကို ဆေးလုံးရေ သန်း ၃၅၀ မှာယူခဲ့ပါတယ်။
အိန္ဒိယ ဆေးဝါးဆိုင်ရာ စည်းကမ်းထိန်းသိမ်းသူတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ဆေးကို စမ်းသပ်မှုတွေ မပြီးဆုံးခင် ဆေးစွမ်းနဲ့ ပတ်သက်လို့ အချက်အလက်တွေ မထုတ်ပြန်နိုင်ခင်မှာပဲ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အခုတခါ ဝယ်ယူခဲ့တဲ့ Biological E ရဲ့ ဆေးတွေကိုလည်း လာမယ့် လပိုင်းတွေအတွင်းမှာပဲ စတင် ထိုးနှံ့ပေးသွားနိုင်မှာ ဖြစ်တယ်လို့ အစိုးရဘက်က ပြောပါတယ်။
အိန္ဒိယမှာ ကိုဗစ်ကူးစက်မှု လျော့လာနေပေမယ့် မစ္စတာ မိုဒီအစိုးရဟာ ကျွမ်းကျင်သူတွေ သတိပေးနေကြတဲ့ ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ ကိုဗစ် တတိယလှိုင်း ဖြစ်မလာခင်မှာ လုံလောက်တဲ့ ကာကွယ်ဆေး ပမာဏကို သိုလှောင်ထားနိုင်ဖို့ ကြိုးစားနေပါတယ်။
ဇန်နဝါရီလအတွင်းက အားကောင်းကောင်းနဲ့ စတင်နိုင်ခဲ့တဲ့ ကာကွယ်ဆေး ထိုးနှံပေးမှုတွေဟာလည်း ကူးစက်မှု ကျလာတာတွေနောက်မှာ ဆေးထိုးဖို့အတွက် တုံ့ဆိုင်းမှုတွေ ရှိလာပြီး တဖြည်းဖြည်း အရှိန်အဟုန် ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယလှိုင်း ဝင်လာချိန်မှာတော့ ကူးစက်မှုတွေ တက်လာခဲ့ပြီး ဆေးရုံတွေမှာ လူနာကုတင် မလုံလောက်တာ စတဲ့ မနိုင်မနင်းမှုတွေ ကြုံလာသလို မီးသင်္ဂြိုဟ်ရာနေရာတွေမှာပါ မနိုင်မနင်း ဖြစ်လာခဲ့ပါတယ်။
ဒီ ကိုဗစ်လှိုင်းကို ဟန့်နိုင်ဖို့ မျှော်လင့်ပြီး အစိုးရက ပြီးခဲ့တဲ့ မေလ အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆေးထိုးနိုင်တယ်ဆို ဖွင့်ပေးခဲ့ပေမယ့် ၂ ကြိမ်ထိုးရတဲ့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ တ Serum Institute နဲ့ Bharat Biotech တို့က လုံ့လောက်တ့ ကာကွယ်ဆေး ပမာဏထုတ်လုပ်ပေးနိုင်ဖို့ အာမ မခံနိုင်ကြပါဘူး။ ကာကွယ်ဆေး မလုံလောက်မှုတွေ ဆက်ရှိနေပြီး ကျေးလက်ဒေသတွေမှာ ကာကွယ်ဆေး ထိုးနှံပေးရေး တွေမှာ မညီမျှမှုတွေ ကြီးကြီးမားမား ဖြစ်နေသလို နွမ်းပါးသူတွေနဲ့ အမျိုးသမီးတွေမှာ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။








