ဂျာမနီက နမီးဘီးယားမှာ ကိုလိုနီခေတ် လူမျိုးတုံးသတ်ဖြတ်ခဲ့တာကို ဝန်ခံ

နမီးဘီးယားကို ဂျာမနီက ကိုလိုနီခေတ် သိမ်းပိုက်စဥ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ပြုခဲ့တာကို ဝန်ခံခဲ့ပြီး ဘဏ္ဍာရေး အကူအညီပေးသွားမယ်လို့ တရားဝင်ထုတ်ပြောလိုက်ပါတယ်။

၂၀ ရာစု အစောပိုင်းမှာ ဂျာမန် ကိုလိုနီပြုသူတွေက နမီးဘီးယားမှာ ဟီရေးရိုနဲ့ နမ်မ လူမျိုး ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ကို မာ့စ်က သောကြာနေ့ မှာပဲ ဒီအစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့မှုကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဝန်ခံခဲ့ပါတယ်။

ဂျာမနီရဲ့ သမိုင်းပေးနဲ့ သမစိတ္တ လူ့ကျင့်ဝတ်တွေကို အခြေခံပြီး နမီဘီးယားနဲ့ သတ်ဖြတ်ခံခဲ့ရသူတွေရဲ့ မျိုးဆက်တွေကို ခွင့်လွှတ်ပေးဖို့ ပန်ကြားလိုပါတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီလူတွေကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေကိုလည်း ဂျာမနီဘက်က အသိအမှတ်ပြုသွားမှာ ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ယူရိုငွေ ၁.၁ ဘီလျံကျော် အကူအညီပေးသွားမယ်လို့ မစ္စတာ မာ့စ်က ပြောခဲ့ပါတယ်။

အဲဒီ အကူအညီတွေကို နှစ် ၃၀ အတွင်း ပြည်တွင်း အခြေခံအဆောက်အဦ တည်ဆောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ထိခိုက်ခဲ့ရတဲ့ လူမှုအသိုက်အမြုံတွေ အကျိုးဖြစ်စေမယ့် လေ့ကျင့်သင်ကြားရေး အစီအစဥ်တွေမှာ သုံးစွဲသွားဖို့ သဘောတူထားကြပါတယ်။

နမီးဘီးယား အစိုးရရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဂျာမနီရဲ့ ဝန်ခံမှုဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတဲ့ ပထမဆုံး ခြေလှှမ်းတရပ် ဖြစ်ပါတယ်လို့ အေအဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် တချို့ လူမျိုးစု ခေါင်းဆောင်တွေက ဒီသဘောတူညီချက်ကို အတည်ပြုထောက်ခံဖို့ ငြင်းဆိုခဲ့ပြီး ကမ်းလှမ်းလာတဲ့ အကူအညီတွေ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ဘာတွေ ဖြစ်ခဲ့သလဲ

ဒီကြေညာချက် ထွက်လာဖို့ကို နမီးဘီးယားနဲ့ ၅ နှစ်ညှိနှိုင်း ခဲ့ရပါတယ်။ ဂျာမနီဟာ ၁၈၈၄ ကနေ ၁၉၁၅ ခုနှစ်အထိ နမီးဘီးယားကို သိမ်းပိုက် ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလက ဂျာမန် အနောက်တောင် အာဖရိကလို့ ခေါ်ခဲ့ကြပြီး အဲဒီမှာ ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို သမိုင်းသုတေသီတွေက ၂၀ ရာစု အစောပိုင်းရဲ့ အမေ့ခံ ဂျန်နိုဆိုက်ဒ်လို့တောင် ပြောခဲ့ကြပါတယ်။

ကုလသမဂ္ဂက ဂျန်နိုဆိုက်ဒ် ဆိုတာဟာ လူမျိုးတမျိုးလုံးကို ဖြစ်စေ၊ တချို့တဝက်ကို ဖြစ်စေ၊ လူမျိုးစုအလိုက် ဖြစ်စေ ဘာသာရေး အဖွဲ့အစည်း တခုကို ဖြစ်စေ လုံးဝ ပျက်သုဉ်းပျောက်ကွယ်သွားစေဖို့ အတွက် ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေအပါအဝင် ပြစ်မှုတိုင်းကို ဆိုလိုတယ်လို့ သတ်မှတ်ထားပါတယ်။

သတ်ဖြတ်မှုတွေ စခဲ့တာဟာ ၁၉၀၄ ခုနှစ်မှာ ဖြစ်ပြီး ဟီရေးရိုနဲ့ နမ်မ လူမျိုးစုတွေက ဂျာမနီက သူတို့နယ်မြေ ဒေသတွေနဲ့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို သိမ်းယူခဲ့တာကို မကျေနပ်လို့ ပုန်ကန်ခဲ့ကြပြီးနောက် စခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က စစ်အုပ်ချုပ်ရေး အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သူ လိုသာ ဗွန် ထရော့သာက ဟီရေးရိုနဲ့ နမ်မ တွေကို အမြစ်ပြတ် သုတ်သင်ဖို့ အမိန့်ထုတ်ခဲ့ပြီးနောက်မှာ ဒီလူမျိုးစုတွေ ဘေးလွတ်ဖို့ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မိမိနေရပ်ကို ပြန်လာတာတွေ့ရင် အဲဒီလူကို သတ်ဖြတ်ပစ်တာမျိုး ဒါမှမဟုတ် ထိန်းသိမ်းရေး စခန်းတွေကို ပို့ပစ်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သေဆုံးခဲ့ရသူ အရေအတွက် အတိအကျတော့ မသိပေမယ့် အဲဒီ လူမျိုးစုတွေမှာ လူအများအပြား သေကျေပြုန်းတီးခဲ့တာကြောင့် သေဆုံးသူပေါင်း ထောင်သောင်းချီရှိမယ်လို့ ဆိုပါတယ်။

ပထမကမ္ဘာစစ်အပြီးကတည်းက အုပ်ချုပ် လာခဲ့တဲ့ တောင်အာဖရိက အောက်ကနေ နမီးဘီးယားဟာ ၁၉၉၀ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဂျာမနီဘက်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဂျာမနီနဲ့ နမီးဘီးယား အကြား ပြဿနာကြီး တခုလို ရှိနေခဲ့ပါတယ်။ ဒီ ဂျန်နိုဆိုက်ဒ်ရဲ့ ဆိုးမွေကို ဘယ်လို သတ်မှတ်ကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြရပါတယ်။

၂၀၁၈ မှာတော့ ဂျာမနီက တချိန်က လူဖြူ ဥရောပသားတွေက လူမည်းတွေထက် သာလွန်တယ်ဆိုတာကို ပြနိုင်ဖို့ လုပ်ခဲ့တဲ့ သုတေသန လုပ်ငန်းအတွက် သုံးခဲ့တဲ့ လူ့ခန္ဓာ အစိတ်အပိုင်းတွေကို ပြန်လည် ပေးပို့ခဲ့ကြပါတယ်။ အဲဒီသုတေသန လုပ်ငန်းတွေကို နောက်ပိုင်းမှာတော့ အသိအမှတ် မပြုကြတော့ပါဘူး။

အခုနောက်ဆုံးရရှိခဲ့တဲ့ သဘောတူညီချက်တွေကတော့ မေလ လယ်ပိုင်းမှာ အထူးသံတမန်တွေအကြား ဆွေးနွေးခဲ့ကြအပြီးမှာ ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကြေညာချက်ကိုတော့ နမီးဘီးယား မြို့တော် ဗင်းဒုခ် မှာ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးက လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး နှစ်နိုင်ငံ ပါလီမန်တွေရဲ့ အတည်ပြုချက်ကို ရယူရဦးမှာ ဖြစ်တယ်လို့ ဂျာမန် သတင်းတွေမှာ ဆိုပါတယ်။

ဂျာမနီ သမ္မတ ဖရန့်ခ် ဗိုင်လ်တာ ရှတိုင်းမိုင်ယာ ကလည်း နမီးဘီးယားအထိ သွားပြီး တရားဝန် တောင်းပန်မယ် လို့ ခန့်မှန်းရပါတယ်။

မစ္စတာ မာ့စ်ကတော့ ဒီနေ့ခေတ် ရှုမြင်ပုံတွေအရ အဲဒီတုန်းက အဖြစ်အပျက်တွေဟာ ဂျန်နိုဆိုက်ဒ် ဖြစ်တယ်လို့ တရားဝင် ရည်ညွှန်းရမှာ ဖြစ်ပါတယ်လို့ သောကြာနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘယ်လို တုံ့ပြန်မှုတွေ ရှိသလဲ

ဂျာမနီကို နစ်နာကြေးတွေ ပေးစေဖို့ အမေရိကန် တရားရုံးတွေမှာ တရားစွဲဆိုဖို့ ကြိုးစားခဲ့ဖူးသူ ဟီရေးရို လူမျိုးစု အကြီးအကဲ တယောက်ဖြစ်တဲ့ ဗီကူးအီ ရူကိုရိုက အခု သဘောတူညီချက်က ကိုလိုနီ တပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့ ပြန်မလှည့်နိုင်မယ့် ပြစ်မှုတွေအတွက် မလုံလောက်ပါဘူးလို့ ဆိုပါတယ်။

ဒီလို သဘောတူညီမှုတွေက ပြဿနာ ရှိပါတယ်၊ ဒါနဲ့ ပတ်သက်လို့ နမီးဘီးယား အစိုးရက ရောင်းစားလိုက်သလို ဖြစ်နေတယ်လို့ ခံစားမိတဲ့အကြောင်း သူက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မစ္စတာ မာ့စ်ကတော့ ဒါဟာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သူတွေအပေါ် စာနာပြီး စစ်မှန်တဲ့ ပြန်လည် သင့်မြတ်ခြင်း ရနိုင်စေဖို့ အတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးမှုတွေမှာ ဟီရေးရိုနဲ့ နမ်မ လူမျိုးစုတွေပါ အနီးကပ် ပါဝင် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးမှုတွေမှာ ပါဝင်ကြတဲ့ လူမျိုးစု ခေါင်းဆောင်တချို့ကလည်း အခုသဘောတူညီချက်ကို ထောက်ခံ အတည်ပြုပေးဖို့ ငြင်းဆိုထားကြတယ်လို့ နမီးဘီးယား မီဒီယာတွေမှာ ဆိုပါတယ်။

အဓိက အားဖြင့် အငြင်းပွားစရာ ဖြစ်နေတာက ဘာသာစကား သုံးနှုန်းမှု အပိုင်းမှာ ဖြစ်ပါတယ်။ အခု သဘောတူညီချက်ဟာ နစ်နာကြေး ပေးတာမဟုတ်ဘဲ ပြန်လည် သင့်မြတ်ခြင်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာ ဖြစ်ပြီး မစ္စတာ မာ့စ်က အခုအကူအညီတွေကို လျော်ကြေး ဆိုတာထက် စေတနာကောင်းနဲ့ ပေးအပ်တာလို့ သုံးနှုန်းတာကြောင့် ဖြစ်ပါတယ်။

ဟမ်းဘတ်ခ် တက္ကသိုလ် ရဲ့ ကမ္ဘာ့သမိုင်း ဆိုင်ရာ ပါမောက္ခ ယာဂွန် ဆင်မာရာကတော့ သေကြေဆုံးရှုံး နစ်နာ ခဲ့ရသူတွေရဲ့ မျိုးဆက်တွေ တော်တော်များများက အခု သဘောတူညီချက်မှာ သူတို့ ချန်ထားခံခဲ့ရတယ်လို့ ခံစားမိကြတယ်လို့ ဘီဘီစီ ကမ္ဘာ တလွှား သတင်းဌာနကို ပြောပါတယ်။

ပြန်လည် သင့်မြတ် အဆင်ပြေစေမှုကိုသာ ရည်ရွယ်ပြီး လုပ်နေရင်တော့ ပြဿနာရှိတယ်လို့ သူက ဆိုပါတယ်၊ နစ်နာခဲ့ရသူတွေက သူတို့အတွက် မစဥ်းစားပေးဘူးလို့ ခံစားနေရရင် အဲဒီ နစ်နာခဲ့သူတွေနဲ့ ပြန်လည် သင့်မြတ်ဖို့ ဘယ်လို လုပ်မလဲ လို့ ပြောပါတယ်။ နောက်ပြီး အဲဒီ အဖြစ်အပျက်တွေနဲ့ ဆက်နွယ်နေတဲ့ လူမျိုးစုံ အသိုက်အမြုံ တွေရဲ့ မြေယာ ပိုင်ဆိုင် အသုံးချခွင့်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိနေသေးကြောင်း ပြောခဲ့ပါတယ်။