အစ္စရေး- ဂါဇာ တစ်ဝိုက်ကို ဘာလို့ ဂူဂယ်မြေပုံမှာ ကောင်းကောင်းမမြင်ရသလဲ

ဂူဂယ်လ်အာ့သ်က မြင်ရတဲ့ ဂါဇာရဲ့ ခပ်ဝါးဝါး မြေပုံ

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ, Google Earth က မြင်ရတဲ့ ဂါဇာရဲ့ ခပ်ဝါးဝါး မြေပုံ
    • ရေးသားသူ, ခရစ်စတိုဖာ ဂျဲလ်စ် နဲ့ ဂျက် ဂွတ်မန်း
    • ရာထူးတာဝန်, BBC Reality Check

ကမ္ဘာပေါ်က လူဦးရေ သိပ်သည်းမှု များတဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ ဂါဇာကို ဂူဂယ်လ်မြေပုံမှာ ခပ်ဝါးဝါးပဲ မြင်ရတာ ဘာ့ကြောင့်ပါလဲ။

ဒီလို ခပ်ဝါးဝါးပဲ မြင်ရတဲ့ကိစ္စဟာ အများလွတ်လွတ်လပ်လပ် ရယူနိုင်တဲ့ open-source အချက်အလက်တွေကို ယူသုံးတဲ့ သုတေသနသမားတွေ ထောက်ပြကြတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ မြေပုံတွေအပါအဝင် အဲဒီလို အများရယူနိုင်တဲ့ အချက်အလက်တွေကနေ တစ်ဆင့် တိုက်ခိုက်မှုတွေကို တည်နေရာရှာတာနဲ့ အပျက်အစီးတွေကို မှတ်တမ်းယူတာတွေအတွက် သူတို့က သုံးကြပါတယ်။

ဂြိုဟ်တု ကုမ္ပဏီတွေဆီမှာ အရည်အသွေးမြင့် ပုံကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ Google Earth မှာ အစ္စရေးရော၊ ပါလက်စတိုင်းဘက်ရောရဲ့ နယ်မြေ အတော်များများက အရည်အသွေးနိမ့် ဂြိုဟ်တုပုံတွေပဲ ပေါ်နေတာပါ။ Google Earth ဆိုတာ မြေပြင်ပုံရိပ်တွေကို သုံးဖက်မြင် ဂြိုဟ်တု ပုံရိပ်ပြတဲ့ ပရိုဂရမ်ပါ။

ဂါဇာမြို့က ပုံတွေကို ကြည့်လိုက်ရင် ကားတွေဆိုရင် မမြင်ရသလောက်ပါပဲ။

မြောက်ကိုရီးယားက သိုသိုသိပ်သိပ်ရှိတဲ့ ပြုံယမ်းမြို့တော်က ပုံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တောင် ပြုံယမ်းပုံတွေမှာ ကားတွေကို ရှင်းရှင်းလင်းလင်း မြင်ရပြီး လူတွေကိုတောင် တစ်ယောက်ချင်း မြင်ရနိုင်ပါတယ်။

ဂါဇာ (ဘယ်) နဲ့ ပြုံယမ်း (ညာ)

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ, ဂါဇာ (ဘယ်) နဲ့ ပြုံယမ်း (ညာ)

ဂြိုဟ်တုပုံတွေက ဘာလို့ အရေးကြီးတာလဲ

ပဋိပက္ခတွေကို စုံစမ်းတင်ပြရာမှာ အဲဒီကိစ္စက အဓိကကျတဲ့ အရင်းအမြစ် တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ပုံတွေကို အသေးစိတ် မြင်ရတာက လုံခြုံရေးထိပါးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

နောက်ဆုံး အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ ဒုံးကျည်တွေ ပစ်တဲ့နေရာတွေနဲ့ ဂါဇာနဲ့ အစ္စရေးဘက်မှာ ပစ်မှတ်ထားခံရတဲ့ အဆောက်အအုံတွေကို စုံစမ်းဖော်ထုတ်သူတွေက ဂြိုဟ်တုတွေသုံးပြီး အတည်ပြုဖို့ ရှာဖွေကြည့်ရှုနေကြပါတယ်။

ဒါပေမဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေထဲက အရည်အသွေးမြင့် ပုံတွေ မရတဲ့အချက်က အလုပ်တွေ နှောင့်နှေးစေတယ်လို့ အများသုံးအချက်အလက်တွေ သုံးပြီး စုံစမ်းစစ်ဆေးသူ ဆမီယာက ပြောပါတယ်။

အများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ Google Earth မှာ လက်ရှိတင်ထားတဲ့ ဂါဇာပုံတွေဟာ ပုံအရည်အသွေး နိမ့်နေပါတယ်။ ဒါကြောင့် ပုံတွေက ဝါးနေတာပါ။

"Google Earth မှာ အခုနောက်ဆုံးတင်ထားတဲ့ ပုံက ၂၀၁၆ ခုနှစ်တုန်းက ပုံတွေ၊ အသုံးမဝင်ပါဘူး။ ဆီးရီးယားက နယ်ဘက်နေရာ တစ်နေရာကို ကျပန်းယူပြီး ချဲ့ကြည့်ခဲ့တယ်။ အဲဒီကတည်းကနေ စပြီး ပုံ ၂၀ လောက် ရိုက်ထားပြီး ပုံတွေကလည်း အရည်အသွေး အရမ်းကောင်းတယ်" လို့ ဗြိတိန် စုံစမ်းဖော်ထုတ် သတင်းရေးသားမှု ဝက်ဘ်ဆိုက် Bellingcat က အဲရစ်တော်လာ က တွစ်တာမှာ ပြောပါတယ်။

လူထူထပ်သိပ်သည်းမှု များတဲ့နေရာတွေကို ပုံမှန် အသစ်တင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဂူဂယ်လ်က ဆိုပေမဲ့ ဂါဇာကိစ္စမှာတော့ အဲလို လုပ်တာ မရှိပါဘူး။

အရည်အသွေးမြင့်ပုံတွေ ရနိုင်သလား

စီးပွားဖြစ်သုံးဖို့ အမေရိကန် ဂြိုဟ်တုကုမ္ပဏီတွေကနေ ထုတ်ပေးတဲ့ ပုံတွေရဲ့ အရည်အသွေးကို ပြီးခဲ့တဲ့နှစ်အထိ အမေရိကန်အစိုးရက ကန့်သတ်ထားပါတယ်။

ဒါက အစ္စရေး လုံခြုံရေးကိစ္စ ဖြေရှင်းဖို့ အမေရိကန်က ၁၉၉၇ ခုနှစ်မှာ The Kyl-Bingaman Amendment (KBA) ဥပဒေနဲ့ ပြဋ္ဌာန်း ကန့်သတ်ထားခဲ့ပါတယ်။

အဲဒီပြဋ္ဌာန်းချက်မှာ အစ္စရေးလို့ပဲ ဖော်ပြထားပေမယ့် ပါလက်စတိုင်းနယ်မြေတွေက ပုံတွေကိုလည်း ကန့်သတ်မှုတွေ တကယ်တမ်းမှာ လုပ်နေပါတယ်။

အဲဒီဥပဒေက ပုံရိပ်အရည်အသွေးကို ကန့်သတ်ထားပါတယ်။ အဲဒါကြောင့် ကားတစ်စီးစာလောက် အရွယ်ရှိတဲ့ အရာတစ်ခုကို တော်တော်ဝါးဝါးပုံအဖြစ် မြင်ရမှာပါ။ ဒါပေမဲ့ အဲဒီထက်သေးတာတွေ ဆိုရင်တော့ ဘာအရာဝတ္ထုမှန်း အမျိုးအမည် ခွဲခြားဖို့ အရမ်းခက်သွားပါပြီ။

"ကျွန်တော်တို့ ဓာတ်ပုံတွေကို အတတ်နိုင်ဆုံး ပုံရိပ်အရည်အသွေး အနိမ့်ဆုံးနဲ့ ရိုက်တာကိုပဲ ကြိုက်ပါတယ်" လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၊ အာကာသအစီအစဉ်များရေးရာ အကြီးအကဲ အမ်နွန် ဟရာရီက ပြောပါတယ်။

"အတိအကျထက်စာရင် ခပ်ဝါးဝါးပဲ ပြပေးတာက ပိုကောင်းပါတယ်" လို့ ဆိုပါတယ်။

တကယ်တမ်းက စစ်အခြေစိုက်စခန်းတွေလို နေရာမျိုးရဲ့ ပုံတွေကို ဝါးထားတာ လုပ်လေ့မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နေရာကျယ်ကျယ်ပြန့်ကြီးတစ်ခုလုံးကို ကန့်သတ်ထားတာမျိုးကတော့ KBA ဥပဒေတစ်ခုပဲ ရှိပါတယ်။

ဒါပေမဲ့ အမေရိကန်ကုမ္ပဏီတွေ မဟုတ်တဲ့ ပြင်သစ် အဲဘတ်စ် ကုမ္ပဏီလိုမျိုး အဖွဲ့အစည်းတွေကနေ အရည်အသွေးမြင့် ပုံတွေ ထုတ်ပေးလာနိုင်တဲ့နောက် အဲဒီလို ကန့်သတ်ထားတာတွေကို ရပ်ပစ်တော့ဖို့ အမေရိကန်ဆီမှာ ဖိအားတွေ တိုးလာပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်မှာတော့ KBA ကို ရုပ်သိမ်းခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီတွေက အဲဒီဒေသအတွက် ပိုအရည်အသွေး ကောင်းတဲ့ ပုံတွေ ထုတ်ပေးဖို့ အမေရိကန် အစိုးရက ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် လူတစ်ယောက်အရွယ်လောက် မြင်ရတဲ့ အရာတွေကို ယူကြည့်လို့ ရလာပါပြီ။

"မူရင်း ရည်ရွယ်ချက်က သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ပါ"လို့ အဲဒီဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။

ဒါဆို ဘာလို့ ဂါဇာကပုံတွေ ဆက်ဝါးထားတာလဲ

ဒီကိစ္စအတွက် ဂြိုဟ်တုပုံတွေပြ အက်ပလီကေးရှင်းတွေရှိတဲ့ ဂူဂယ်လ်နဲ့ အက်ပဲလ်တို့ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သူတို့ မြေပုံတွေကို အရည်အသွေးပိုမြှင့်ဖို့ လုပ်နေတယ်လို့ အက်ပဲလ်က ပြောပါတယ်။

ဂူဂဲလ်ကတော့ သူတို့ပုံတွေဟာ အဖွဲ့အစည်းမျိုးစုံဆီက ရတာ ဖြစ်ပြီး ပုံကောင်းတွေ ရလာရင် အသစ်တင်ဖို့ ရှိပါတယ်လို့ ပြောပေမဲ့ အခုတော့ အဲဒါတွေကို ထုတ်ပေးဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

(ဘယ်) ဂူဂယ်လ်မှာပြထားတဲ့ အခု ဂါဇာပုံ နဲ့ (ညာ ) Maxar က၂၀၂၁ မေ ၁၂ မှာ ရိုက်ထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Google and Maxar

ဓာတ်ပုံ ပုံစာ, (ဘယ်) ဂူဂယ်လ်မှာပြထားတဲ့ ဂါဇာပုံ နဲ့ (ညာ ) Maxar က ၂၀၂၁ မေ ၁၂ မှာ ရိုက်ထားတဲ့ပုံ

ဒီပုံတွေကို ဘယ်သူတွေ ရိုက်ပေးတာလဲ

လူအများကြည့်တဲ့ မြေပုံတွေ တင်ပေးထားတဲ့ Google Earth နဲ့ အက်ပဲလ်မြေပုံတွေဟာ သူတို့ကို ပုံတွေ ထုတ်ပေးတဲ့ ဂြိုဟ်တုပိုင်တဲ့ ကုမ္ပဏီတွေကို အားထားရပါတယ်။

အခုဆိုရင် အကြီးဆုံး ကုမ္ပဏီကြီးတွေထဲက နှစ်ခုဖြစ်တဲ့ Maxar နဲ့ Planet Labs တို့က အစ္စရေးနဲ့ ဂါဇာက ပုံတွေကို အရည်အသွေးမြင့် ပုံတွေ ထုတ်နေပါပြီ။

အဲဒီလောက် အရည်အသွေးမြင့်တဲ့ ပုံတွေဆိုရင် မီတာဝက်နဲ့ အဲဒီထက်ပိုသေးတာတွေကို ဖော်ထုတ် နိုင်ပါပြီ။

အမေရိကန် စည်းမျဉ်းအပြောင်းအလဲကြောင့် အစ္စရေးနဲ့ ဂါဇာက ပုံရိပ်တွေကို ၄၀ စင်တာမီတာ ပုံရိပ်အရည်အသွေးနဲ့ ပြနိုင်နေပြီလို့ Maxar က ပေးပို့တဲ့စာမှာ ပါရှိပါတယ်။

ဒါပေမဲ့ အများသုံး အချက်အလက်တွေကိုပဲ အားကိုးရတဲ့ စုံစမ်းရေးသမားတွေကတော့ အခမဲ့ သုံးခွင့်ရတဲ့ မြေပုံဆော့ဖ်ဝဲတွေကိုပဲ အဓိက အားထားသုံးနေရပြီး အဲဒီလောက် ကောင်းတဲ့ အရည်အသွေးမြင့် ပုံတွေကို အမြဲလိုလို ရဖို့ မဖြစ်နိုင်ပါဘူး။

အရည်အသွေးမြင့်ပုံတွေကနေ တခြားဘာတွေ ဖော်ထုတ်နိုင်သလဲ

မြန်မာက ရိုဟင်ဂျာရွာတွေ အပျက်အစီး အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, 2017DigitalGlobe

ဓာတ်ပုံ ပုံစာ, မြန်မာက ရိုဟင်ဂျာရွာတွေ အပျက်အစီး အခြေအနေ

ဂြိုဟ်တုပုံရိပ်တွေကို ရည်ရွယ်ချက် အများအပြားအတွက် သုံးကြပါတယ်။ သစ်တောပြုန်းတီးတာ၊ တောမီးလောင်တာတွေကို ခြေရာခံတာ အပါအဝင် ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း ထောက်လှမ်းတဲ့နေရာမှာလည်း သုံးကြပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သုတေသသနသမားတွေနဲ့ Planet Labs တို့ ၂၀၁၇ ခုနှစ်မှာ ပူးပေါင်းပြီး ရိုဟင်ဂျာရွာတွေကို မြန်မာစစ်တပ်က ဖျက်ဆီးခဲ့တာကို ဖော်ထုတ် ပြသခဲ့ကြ ပါတယ်။

အဲဒီပုံတွေကနေ အဲဒီနေရာက ရွာ ၂၀၀ ကျော် ဘယ်အတိုင်းအတာထိ အပျက်အစီး ဖြစ်ခဲ့သလဲ ဆိုတာကို ဖော်ပြနိုင်ခဲ့ပါတယ်။ အဲဒီနေရာတွေ မပျက်စီးခင်နဲ့ ပျက်စီးသွားပြီး အခြေအနေတွေကို ၄၀ စင်တီမီတာ အရည်အသွေးရှိ ပုံရိပ်တွေကို သုံးပြီး ရှာဖွေနိုင်ခဲ့ပါတယ်။

အဲဒီက အထောက်အထားတွေက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို စစ်တပ်က ပစ်မှတ်ထားခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် တရုတ် ရှင်ကျန်းဒေသက ဝီဂါတွေကို လေ့ကျင့်ဝါဒဖြန့်တဲ့ စခန်းတွေကို ခြေရာခံရာမှာ လည်း ဂြိုဟ်တုပုံရိပ်တွေက အခရာကျခဲ့ပါတယ်။

၂၀၁၉ မှာ ရိုက်ထားတဲ့ ဝီဂါတွေကို ဝါဒဖြန့်လေ့ကျင့်သင်ကြားတဲ့ စခန်းတွေ

ဓာတ်ပုံ ရင်းမြစ်, 2019 Maxar Technologies

ဓာတ်ပုံ ပုံစာ, ၂၀၁၉ မှာ ရိုက်ထားတဲ့ ဝီဂါတွေကို ဝါဒဖြန့်လေ့ကျင့်သင်ကြားတဲ့ စခန်းတွေ

အဲဒီ သတင်းအချက်အလက်တွေဟာ အဲဒီစခန်းတွေ ဘယ်မှာ ဆောက်ထားတယ် ဆိုတာ ပြဖို့ အထောက်အကူရခဲ့ပါတယ်။ ပြီးတော့ အရည်အသွေးမြင့် ပုံရိပ်တွေကနေ အဲဒါတွေရဲ့ အရွယ်အစားနဲ့ ပုံစံတွေ ဘယ်လို ရှိတယ်ဆိုတာကိုလည်း သိနိုင်လာခဲ့ပါတယ်။