ထိုင်းအကျဉ်းထောင်တွေထဲမှာ ကိုဗစ်ရောဂါကူးစက်မှု စံချိန်တင် တိုးလာနေ

လူတွေ ပြည့်ကျပ်နေတဲ့ ထိုင်းအကျဉ်းထောင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေရာကနေ အခုအခါ ထိုင်းနိုင်ငံမှာ နေ့စဉ်ရောဂါကူးစက်မှုနှုန်းဟာ အမြင့်ဆုံး စံချိန်တင်ရလောက်တဲ့အထိ ဖြစ်လာနေပါပြီ။

ဒီကနေ့ တနင်္လာနေ့မှာ ရောဂါကူးစက်သူ စုစုပေါင်း ၉၆၃၅ ရှိခဲ့ပြီး အရင် အမြင့်ဆုံး စံချိန်တင် နေ့စဉ် ရောဂါကူးစက်မှုနှုန်းထက် နှစ်ဆကျော် ပိုများလာခဲ့ပါတယ်။ အဲဒီထဲမှာ အကျဉ်းသား ၆၈၅၃ ဦး ပါပါတယ်။

ထောင်တွေထဲမှာ အထိန်းသိမ်းခံခဲ့ရသူ အထင်ကရ အတိုက်အခံ အတော်များများ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ခဲ့အပြီးမှာ ထိုင်းအစိုးရက အကျဉ်းထောင်တွေထဲမှာ ရောဂါကူးစက်သူတွေ တိုးလာနေတယ် ဆိုတာကို ထုတ်ဖော်ပြောခဲ့ပါတယ်။

မနှစ်တုန်းကတော့ ထိုင်းနိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု အရေအတွက် နည်းအောင် အစိုးရက ဆောင်ရွက်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ လတုန်းကတော့ ရောဂါကူးစက်သူတွေ ရုတ်တရက် အကြီးအကျယ် တိုးလာခဲ့တာ တွေ့ရပါတယ်။

ကပ်ရောဂါဆိုးကြီး စဖြစ်ပွားခဲ့ချိန်ကစလို့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုပေါင်း ၁၁၁၀၈၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ အရင်က အမြင့်ဆုံး စံချိန်တင် နေ့စဉ်ရောဂါကူးစက်မှုနှုန်းအဖြစ် မေလ ၁၃ ရက်တုန်းက ရောဂါကူးစက်သူ ၄၈၈၇ ဦး ရှိခဲ့တယ်လို့ ဂျွန်ဟော့ပ်ကင်စ် တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် နောက်ထပ် လူ ၂၅ ဦး သေဆုံးခဲ့ပြီး အခုအခါ သေဆုံးသူ စုစုပေါင်း ၆၁၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

"ဒီလိုအခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့ တင်ကြို ထိန်းချုပ် ဆောင်ရွက်ဖို့ လိုတယ်လို့ ထိုင်းအာဏာပိုင်တွေကို လူအတော်များများက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂရုမမူဘဲ သတိလက်လွတ်နေနေရာကနေ အခုလို ဖြစ်သွားခဲ့ပုံ ရတယ်"လို့ အခုသီတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ အကျဉ်းသား ဘယ်နှစ်ဦး ရှိသလဲ

အကျဉ်းထောင် ၈ ခုမှာ စစ်ဆေးခဲ့တဲ့ အကျဉ်းသား စုစုပေါင်း ၂၄၅၃၇ ယောက်ရဲ့ တစ်ဝက်နီးပါး ၁၀၇၄၄၈ လောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်က ရောဂါကူးစက်မှု အဆိုးဆုံး အကျဉ်းထောင်မှာ အကျဉ်းသား ၆၁ ရာခိုင်နှုန်းလောက် ရောဂါကူးစက်ခံထားရပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ ဒီကိစ္စကို ထိန်းချုပ်ဆောင်ရွက်ဖို့ မလုပ်ဆောင်နိုင်သေးဘူးလို့ ထိုင်း အကျဉ်းသားများ လေ့ကျင့်ပညာပေးရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

"အကျဉ်းသားတိုင်း၂၄ နာရီလုံးလုံး နှာခေါင်းစည်း ဝတ်ထားကြဖို့ အကျဉ်းသားများ လေ့ကျင့်ပညာပေးရေးဌာန ညွှန်ချုပ်က အမိန့် ထုတ်ပြန်ထားပေမဲ့လည်း အကျဉ်းသားတွေက ရေချိုးတဲ့၊ အစာစားတဲ့ အချိန်တွေ ရှိနေတာမို့ လက်တွေ့မှာ ဒီလို လုပ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ တချို့ဆိုရင်လည်း တရားရုံးတွေကို သွားရတာမျိုး၊ အဲဒီမှာ အစာစားရတာမျိုးတွေ ရှိနေပါတယ်။ နှာခေါင်းစည်း ဝတ်ပြီး အစာစားလို့မှ မရတာ"လို့ ဒုညွှန်ချုပ် ဒေါက်တာ ဗီရာကစ် ဟန်ပရီပန် က ပြောပါတယ်။

နောက်ထပ် အကျဉ်းသားတွေ ထပ်လက်မခံဘဲ နေလို့လည်း မရတဲ့အတွက် အခုဖြစ်နေတဲ့ အခြေအနေက ထိုင်း အကျဉ်းသားများ လေ့ကျင့်ပညာပေးရေးဌာန လုပ်နိုင်စွမ်းထက် ပိုများနေတယ် လို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်း အကျဉ်းသားတွေအတွက် ကာကွယ်ဆေး ၁၂၀၀၀ ရထားပြီး ဖြစ်ပြီး နောက်ထပ် ထပ်ရနိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ထိုင်း အကျဉ်းသားများ လေ့ကျင့်ပညာပေးရေးဌာနက ပြောပါတယ်။ အသစ်ရောက်လာတဲ့ အကျဉ်းသားတွေ ကွာရန်တင်း ဝင်ရမယ့် ကာလကို အခုအခါ ၂၁ ရက်အထိ တိုးချမှတ်လိုက်ပြီး ရောဂါရှိမရှိ စစ်ဆေးမှုတွေကိုလည်း တိုးလုပ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတင် ထိုင်းနိုင်ငံက ကိုဗစ်ရောဂါကူးစက်မှု အများစုဟာ ဘန်ကောက်မြို့တော် အပြင်ဘက်က အကျဉ်းထောင် နှစ်ခုကနေ မြစ်ဖျားခံလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်က ဒီအကျဉ်းထောင် နှစ်ခုမှာ အကျဉ်းသားသစ်တွေကို ဆက်လက်ခံနေရဆဲပဲလို့ ထိုင်းတရားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ဧပြီလ ၂၄ ရက်နေ့က ဘန်ကောက် ရမ်မန် အကျဉ်းထောင်မှာ ကိုဗစ် ရောဂါကူးစက်ခံရသူ ၁၀ ဦးပဲ ရှိတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ရောဂါကူးစက်သူပေါင်း ၁၉၆၀ အထိ တိုးလာခဲ့ပါတယ်။

ထိုင်းအကျဉ်းထောင်တွေက အခြေအနေ

ထိုင်းနိုင်ငံက အကျဉ်းထောင်ပေါင်း ၁၄၃ ခုမှာ အကျဉ်းသား စုစုပေါင်း ၃ သိန်း ၈ သောင်း လောက် ရှိပြီး ဒါဟာ ကိုဗစ် -၁၉ ရောဂါ ကူးစက်ဖို့ ကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

အကျဉ်းသားတွေနဲ့ ထိန်းသိမ်းထားသူတွေကို လုံလောက်တဲ့ ကာကွယ်မှုတွေ ပေးဖို့နဲ့ ထောင်ထဲမှာ လူတွေအဆမတန်ပြည့်နေတာကို လျှော့ချနိုင်အောင် တခြားသူတွေကို အန္တရာယ်မပေးနိုင်သူတွေ၊ ပြစ်မှုကြီးကြီးမားမား ကျူးလွန်မထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ဒါပေမဲ့ အကျဉ်းသား အဆမတန် ပြည့်နေတာကို လျှော့ချရေးပေါ်လစီအရ အကျဉ်းသား ၃ သိန်း တစ်သောင်းလောက်အထိ လျှော့ချပေးခဲ့ပြီးပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ

ဘန်ကောက်မြို့မှာ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုလိုက်ပြီလို့ ထိုင်းအစိုးရက ထုတ်ဖော်ကြေညာခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ရောဂါကူးစက်မှုတွေ ရုတ်တရက် တိုးလာခဲ့တာပါ။ စားသောက်ဆိုင် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းလောက်အထိပဲ ဖွင့်ခွင့် ပြုမှာ ဖြစ်တယ်လို့တော့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့လည်း ဖျော်ဖြေရေးလုပ်ငန်း နေရာတွေကိုတော့ ခုချိန်ထိ ပိတ်ထားဆဲ ဖြစ်ပြီး နိုင်ငံတစ်ဝန်းက စျေးရုံတွေ လည်း ည ၉ နာရီမှာ ပိတ်ဖို့ ညွှန်ကြားထားပါတယ်။

ထိုင်းနိုင်ငံမှာ လောလောဆယ် ကိုဗစ်ရောဂါကာကွယ်ရေးမှာ ရှေ့တန်းကနေ ထိတွေ့ ဆောင်ရွက်ပေး နေသူ ဝန်ထမ်းတွေနဲ့ ကျန်းမာရေးအန္တရာယ် ရှိသူတွေအတွက် ကာကွယ်ဆေး ၂ သန်း ၂ သိန်း ထိုးပေးထားပြီး ဖြစ်ပါတယ်။

မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေပြီး လူဦးရေ သန်း ၇၀ ရှိတဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ ရောဂါကူးစက်မှုတွေ ရုတ်တရက်တိုးမလာခင်တုန်းကတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို မပြတ် စစ်ဆေးထိန်းချုပ်နိုင်ခဲ့ပုံ ရပြီး သေဆုံးသူ အရေအတွက်ကလည်း အရမ်းကို နည်းပါးခဲ့ပါတယ်။