ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး-ပါလက်စတိုင်း လတ်တလော ပဋိပက္ခ၊ နိုင်ငံရေးသမိုင်းနောက်ခံနဲ့ အလားအလာ
အစ္စရေးစစ်တပ်ဟာ မေလ ၁၆ ရက်နေ့ အစောပိုင်းအထိ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေရာမှာ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ် ရဲ့ နိုင်ငံရေးခေါင်းဆောင် နေထိုင်ရာ နေအိမ်ကို ဗုံးကြဲခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် ယာဟီယာ ဆင်ဝါ ရဲ့ နေအိမ်ကို ထိမှန်ခဲ့တဲ့ ဗုံးပေါက်ကွဲပုံ ဆိုပြီးတော့လည်း အစ္စရေး စစ်တပ်က ရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
ယာဟီယာ ဆင်ဝါနဲ့တကွ သူ့ရဲ့ ညီဖြစ်သူဖြစ်ပြီး ဟားမတ်စ်ရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ထောက်ပံ့ပို့ဆောင်ရေး ခေါင်းဆောင်လို့ ဆိုကြသူ မိုဟာမက် ဆင်ဝါရဲ့ အိမ်ကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ရာမှာ သူတို့ရဲ့ ဒဏ်ရာရ သေဆုံးမှု အခြေအနေကတော့ အတည်မပြုနိုင်သေးပါဘူး။
အစ္စရေးရဲ့ မေလ ၁၆ ရက်နေ့ အစောပိုင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂ ဦးထက်မနည်း သေဆုံးထားပြီး အများအပြားလည်း ဒဏ်ရရခဲ့ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွတွေဘက်က ဒုံးကျည်တွေ ပိုပြီး ပစ်လာတဲ့အတွက်လည်း အစ္စရေးဘက်က လူအများအပြား ဗုံးလွတ်ရာ ရွှေ့ခဲ့ရပါတယ်။
ပါလက်စတိုင်းဘက်က အခုလို အစ္စရေး တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ပစ်ခတ်ရာမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုရှိတယ်ဆိုတဲ့ သတင်းပေးပို့မှုတွေ မရှိခဲ့ပါဘူး။
မေလ ၁၅ ရက်နေ့မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ စေ့စပ်ဖို့အတွက် အမေရိကန်အထူးသံတမန် ရောက်ရှိလာခဲ့ပြီး မေလ ၁၆ ရက်နေ့မှာလည်း ဒီကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပမှာ ဖြစ်ပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟူ ကတော့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုတွေကို အင်အားသုံး ဆက်လက် တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း မစ္စတာ နေတန်ယာဟူနဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘားစ် တို့နဲ့ သီးခြားစီ ဖုန်းပြောခဲ့ပါတယ်။
လတ်တလော နှစ်ဖက် ပဋိပက္ခတွေ အတွင်းမှာ ပါလက်စတိုင်း ဂါဇာဘက်က ကလေးငယ် ၃၉ ဦးနဲ့ အမျိုးသမီး ၂၂ ဦး အပါအဝင် ၁၄၁ ဦး သေဆုံးခဲ့တယ်လို့ ဟားမတ်စ် ထိန်းချုပ်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး အစ္စရေးဘက်ကတော့ အခုလို သေဆုံးသူတွေထဲမှာ ဒါဇင်နဲ့ချီတဲ့ စစ်သွေးကြွတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်းတွေဘက်က တိုက်ခိုက်မှုတွေကြောင့်လည်း အစ္စရေးဘက်က ကလေးငယ် ၂ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။
လတ်တလော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေ ဘယ်လို ပြန်ဖြစ်လာခဲ့သလဲ
လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ အဆိုးဆုံး အခြေအနေလို့ ဆိုနိုင်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က အရှေ့ ဂျေရုဆလင်မှာ ပါလက်စတိုင်းနဲ့ အစ္စရေးရဲတွေ ထိပ်တိုက်တွေ့ခဲ့ရာက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမဒန် ဥပုသ်လ စတင်တဲ့ အဲဒီနေ့ ပထမညမှာ ဂျေရုဆလင်မြို့ဟောင်းနေရာမှာ ရှိတဲ့ အယ်လ်ကာဆာ ဗလီမှာ ဝတ်ပြုဖို့လာတဲ့ ပါလက်စတိုင်းတွေကို ဒမတ်စကတ် ဝင်ပေါက် အစ္စရေးရဲတွေက ပိတ်လိုက်တဲ့အတွက် အခုလို ပိတ်လိုက်တဲ့ နေရာနဲ့ အရှေ့ဂျေရုဆလင် တစ်လွှားမှာ ညစဉ် အကြမ်းဖက် ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာခဲ့ပါတယ်။
ဧပြီလ ၁၅ ရက်နဲ့ ၁၅ ရက်နေ့ကနေ စပြီး ဂါဇာဘက်က အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေလည်း ရှိလာခဲ့ရာမှာ အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း တဲလ်အဗိ မြို့အနီးမှာရှိတဲ့ အာရပ်ရော ဂျူးလူမျိုးတွေပါ နေထိုင်ရာ ဂျက်ဖာမြို့မှာ နှစ်ဖက် အရပ်သားအချင်းချင်း ထိပ်တိုက်တွေ့မှုတွေက ဧပြီလ ၁၉ ရက်လောက်မှာ စဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဂျေရုဆလင်မြို့မှာလည်း ရာချီတဲ့ ဂျူးအမျိုးသားရေး အစွန်းရောက်ဝါဒီတွေရဲ့ “အာရပ်တွေ သေရမယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပါလက်စတိုင်းတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ဧပြီလ ၂၃ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့ကြပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာလည်း ဂါဇာဘက်က အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်မှုနဲ့အတူ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာခဲ့ပြန်ပါတယ်။
တစ်ဖက်မှာလည်း အရှေ့ဂျေရုဆလင်က ရှိတ်ဂျာရာ ဒေသမှာ အစ္စရေး အခြေချသူတွေကို တရားရုံးက အနိုင်ပေးနိုင်ခြေရှိနေလို့ နေအိမ်တွေက ဖယ်ပေးရမယ့် ပါလက်စတိုင်းမိသားစုတွေအတွက် မေလ ၂ ရက်နောက်ပိုင်း ပါလက်စတိုင်းတွေက ဆန္ဒပြကြရာမှာ ရဲတွေနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ပြီး ပါလက်စတိုင်းတွေ အဓိက စိတ်ဆိုး ဒေါသထွက်စရာ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
မေလ ၇ ရက်နေ့မှာတော့ ရာမဒန် ဥပုသ်လရဲ့ နောက်ဆုံး သောကြာ ဝတ်ပြုနေ့မှာ အယ်လ်ကာဆာ ဗလီဝင်းအတွင်း အစ္စရေး ရဲနဲ့ ပါလက်စတိုင်း ထိပ်တိုက်တွေ့ရာမှာ အစ္စရေးဘက်က ရာဘာကျည်ဆန်တွေအပါအဝင် အင်အားသုံး ဖြိုခွဲခဲ့တဲ့အတွက် ပါလက်စတိုင်း ၂၀ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးရဲတွေက အင်အားသုံး နှိမ်နင်းမှုတွေဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ပါလက်စတိုင်း အများစုနဲ့ အစ္စရေးရဲ အနည်းငယ် ဒဏ်ရာရမှုတွေလည်း ရှိနေခဲ့ပါတယ်။
မေလ ၁၀ ရက်နေ့မှာတော့ အစ္စရေး အမျိုးသားရေးဝါဒီတွေက အစ္စရေးရဲ့ ၁၉၆၇ မှာ အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်မှု အထိမ်းအမှတ် ချီတက်ပွဲ လုပ်ရာမှာ အာရပ်အများစုနေထိုင်တဲ့ ရပ်ကွက်အတွင်း ဖြတ်သန်းဖို့ စီစဉ်မှုကို ပါလက်စတိုင်းတွေဘက်က သူတို့ကို နှိုးဆွတာလို့ ယူဆပြီး မကျေမနပ်ဖြစ်ခဲ့ရာမှာ နောက်ပိုင်း အစီအစဉ်ပြောင်းခဲ့ပေမယ့် မကျေမနပ် ဆန္ဒပြကြတဲ့ ပါလက်စတိုင်း ၃၀ဝ ကျော်က အစ္စရေးရဲတွေရဲ့ နှိမ်နင်းမှုကြောင့် ဒဏ်ရာရခဲ့ပြန်ပါတယ်။
အခုလို အခြေအနေမှာ အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေ အထွတ်အမြတ်ထားတဲ့ အယ်လ်ကာဆာ ဗလီဝင်းအတွင်းက စစ်သားတွေကို ဖယ်ရှားပေးဖို့နဲ့ ရှိတ်ဂျာရာ ဒေသက အစ္စရေး အခြေချသူတွေအတွက် ချပေးထားတဲ့ စစ်သားတွေကို မေလ ၁၀ ရက် ညနေ ၆ နာရီ မတိုင်ခင် ဖယ်ပေးဖို့ ဟားမတ်စ်တွေက ရာဇသံ စပေးခဲ့ပါတယ်။
အစ္စရေး ဖယ်မပေးတဲ့ အချိန်မှာတော့ ဟားမတ်စ် အဖွဲ့ဟာ ၂၀၁၄ နောက်ပိုင်း ဂျေရုဆလင်မြို့ကို ပထမဆုံး ဒုံးကျည်နဲ့ စတင် ပစ်ခတ်ခဲ့ပြီး အစ္စရေးဘက်ကလည်း ပိုပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာ ယခု မေလ ၁၆ ရက်နေ့ အထိပဲ ဖြစ်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နိုင်ငံရေးသမိုင်း အကျဉ်း
ယခု အစ္စရေး-ပါလက်စတိုင်း ဒေသဟာ ယခင် အော်တိုမန် အင်ပါယာ လက်အောက်မှာရှိပြီး ပထမကမ္ဘာစစ်မှာ ဒီအင်ပါယာ စစ်ရှုံးချိန်မှာ ဗြိတိန်က ဒီဒေသကို ထိန်းချုပ်ခဲ့ပါတယ်။
အခုလို ဗြိတိန်က စတင် ထိန်းချုပ်လိုက်ချိန်မှာ ဒီဒေသတွင်း နေထိုင်သူက အာရပ်အများစု ဖြစ်ပြီး ဂျူးလူမျိုးက လူနည်းစု ဖြစ်ပါတယ်။
ဂျူးလူမျိုးတွေအတွက် “မိခင်နိုင်ငံ ထူထောင်ရေး” တာဝန်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဗြိတိန်ကို ပေးအပ်ခဲ့ပြီး နောက်ပိုင်းမှာ ပါလက်စတိုင်းဒေသက ဂျူးနဲ့ အာရပ်တွေရဲ့ ပဋိပက္ခက စတင် အခြေတည်လာခဲ့ပြီး နှစ်ဖက်စလုံးကတော့ ဗြိတိန်ရဲ့ အုပ်ချုပ်မှုကို မလိုလား ကြပါဘူး။
၁၉၂၀ ပြည့်လွန်နှစ်တွေက စပြီး ၁၉၄၀ နောက်ပိုင်း ကာလတွေ အတွင်းမှာ ဒီဒေသအတွင်းကို အခြေချဖို့ ရောက်လာကြတဲ့ ဂျူးလူမျိုးတွေလည်း များပြားလာပြီး အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကာလ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဟော်လိုကော့စ် ဖြစ်စဉ် အပြီး ရောက်လာကြသူတွေက အများစု ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်မှာတော့ ကုလသမဂ္ဂက ပါလက်စတိုင်းဒေသကို အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံအဖြစ် ခွဲခြားသတ်မှတ်ဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဂျေရုဆလင်မြို့ကိုတော့ နိုင်ငံတကာမြို့တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဒေသတွင်း ဂျူးခေါင်းဆောင်တွေက လက်ခံခဲ့ပေမယ့် အာရပ်တွေဘက်က လုံးဝ လက်မခံခဲ့တဲ့အတွက် အခုအချိန်အထိ အကောင်အထည် မဖော်ဖြစ်တဲ့ ဆုံးဖြတ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံ ထူထောင်ခြင်းနဲ့ အာရပ်များအတွက် ကပ်ဆိုက်ခြင်း
အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အပေါ် မကျေလည်မှုတွေ ဖြစ်အပြီးမှာ ဗြိတိန်ကလည်း ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဒေသတွင်းက ထွက်ခွာသွားခဲ့ချိန်မှာတော့ ၁၉၄၈ မှာ ဂျူးခေါင်းဆောင်တွေက အစ္စရေးနိုင်ငံ ထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။
အခုလို ကြေညာမှုကို ပါလက်စတိုင်း အာရပ်များသာမက ဒေသတွင်း အာရပ်နိုင်ငံများကပါ မကျေနပ်ကြရာကနေ စစ်ဖြစ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။
အဲဒီ ကာလမှာပဲ ပါလက်စတိုင်း အာရပ်တွေ သိန်းနဲ့ချီပြီး နေအိမ်က စွန့်ခွာထွက်ပြေးရတာတွေ ဖြစ်ခဲ့တဲ့အတွက် အစ္စရေးနိုင်ငံထူထောင်ခြင်းဟာ သူတို့အတွက် ကပ်ဆိုက်ခြင်း Al Nakba (the Catastrophe) လို့ ခေါ်ဆို သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီစစ်ပွဲ ပြီးတဲ့အချိန်မှာတော့ ယခင် ၁၉၄၇ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ ပါလက်စတိုင်းအပိုင်ဖြစ်တဲ့ ဒေသတွေပါ အစ္စရေးလက်အောက် ရောက်သွားခဲ့ပါတယ်။
အခုလို ပြီးဆုံးချိန်မှာ ဂျော်ဒန် တပ်စွဲထားတဲ့ ဒေသက ယခု ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေ ဒေသ ဖြစ်လာခဲ့ပြီး အီဂျစ်သိမ်းပိုက်နိုင်တဲ့ အပိုင်းကတော့ ယခု ပါလက်စတိုင်း ဂါဇာဒေသ ဖြစ်လာခဲ့ပါတယ်။
ဂျေရုဆလင်မြို့ကိုတော့ အနောက်ဘက်ကို အစ္စရေးနဲ့ အရှေ့ဘက်ကို ဂျော်ဒန်က ထိန်းချုပ်ခဲ့ပါတယ်။
အခုလို စစ်ပွဲအပြီး ယူခဲ့တဲ့ သဘောတူချက်ဟာ ငြိမ်းချမ်းရေး သဘောတူညီချက် မဟုတ်ခဲ့တဲ့အတွက် နောက်ပိုင်း ဆယ်စုနှစ်တွေမှာ ဒေသတွင်း စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ရပါတယ်။
၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲ အပြီးမှာဆိုရင် အစ္စရေးဟာ အရှေ့ဂျေရုဆလင်၊ အနောက်ဘက် ကမ်းခြေဒေသနဲ့ ဂါဇာတို့ကို သိမ်းပိုက်လိုက်တဲ့အပြင် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်နဲ့ အီဂျစ်ပိုင် ဆိုင်နိုင်းကျွန်းဆွယ်ကိုပါ သိမ်းယူခဲ့ပါတယ်။
ဒီလို ဖြစ်ခဲ့တဲ့ကာလမှာ ပါလက်စတိုင်း ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ ဂါဇာနဲ့ အနောက်ပိုင်း ကမ်းခြေဒေသတွေမှာသာမက အိမ်နီးချင်း ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာ ဖြန့်ကြက် နေထိုင်ခဲ့ရပါတယ်။
အခုလို နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ပါလက်စတိုင်းတွေနဲ့တကွ နောက်မျိုးဆက်တွေကိုပါ ပြန်လာခွင့်ပေးဖို့ အခြေအနေမပေးတော့ဘဲ အစ္စရေးဆိုတဲ့ ဂျူးလူမျိုးတွေရဲ့ နိုင်ငံတော် ရပ်တည်မှုကိုပါ ခြိမ်းခြောက်နိုင်တဲ့အတွက်ဖြစ်တယ်လို့ အစ္စရေးက အကြောင်းပြထားခဲ့ပါတယ်။
အစ္စရေးဟာ လက်ရှိအချိန်မှာလည်း အနောက်ဘက် ကမ်းခြေဒေသမှာ ထင်ထင်ရှားရှားတပ်စွဲ နေရာထူထားပြီး ဂါဇာကတော့ တပ်တွေ ဆုတ်ပေးထားတယ် ဆိုပေမယ့်လည်း ကုလသမဂ္ဂကတော့ အစ္စရေးတပ်စွဲနယ်မြေ အဖြစ်သာ သတ်မှတ်ထားပါတယ်။
လက်ရှိမှာ ပါလက်စတိုင်းတွေဟာ ဂျေရုဆလင် အရှေ့ပိုင်းကို အနာဂါတ် ပါလက်စတိုင်း နိုင်ငံတော်ရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးကတော့ ဂျေရုဆလင် တမြို့လုံးကို အစ္စရေးရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
အစ္စရေးဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်းမှာ ဂျေရုဆလင်တစ်ဝိုက်နဲ့တကွ ပါလက်စတိုင်းပိုင်လို့ ပြောဆိုကြတဲ့ နေရာတွေမှာ ဂျူးလူမျိုးတွေ အခြေချနေထိုင်တဲ့ အိမ်ရာ စခန်းတွေလည်း ဆောက်လုပ်နေခဲ့ပြီး အဲဒီ နေရာတွေမှာ ဂျူးလူမျိုး ခြောက်သိန်းလောက်အထိလည်း နေထိုင်နေကြပြီ ဖြစ်ပါတယ်။
ဒီလို လုပ်ရပ်တွေကို ပါလက်စတိုင်းတွေနဲ့တကွ ကုလသမဂ္ဂကပါ ရှုတ်ချမှုတွေ ရှိနေပေမယ့် အစ္စရေးဘက်ကတော့ လတ်တလောကာလအထိ အခုလို ဂျူးနေထိုင်တဲ့ နယ်မြေ တိုးချဲ့နေခဲ့တာကို ရှိတ်ဂျာရာမှာ ဂျူးအခြေစိုက်အိမ်ရာ တိုးချဲ့ဖို့ လုပ်နေတဲ့ ဖြစ်စဉ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း သဘောတူညီမှု မယူနိုင်တဲ့အချက်တွေနဲ့ ဖြေရှင်းရေး အလားအလာ
အစ္စရေးအနေနဲ့ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ပါလက်စတိုင်း ဒုက္ခသည်တွေကို နေရပ်ပြန်လာခွင့် မပေးသေးတဲ့အတွက် သူတို့ရဲ့ အခက်အခဲတွေ ဘယ်လိုရှင်းရမလဲ ဆိုတာ အဖြေရှာမရသေးပါဘူး။
ဒါ့အပြင် အနောက်ဘက် ကမ်းခြေဒေသက ဂျူးလူမျိုးများ အခြေချ နေထိုင်တဲ့ အိမ်ရာစခန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆက်ထားရေးနဲ့ ရွှေ့ပေးရေး ငြင်းခုံမှုတွေ ရှိနေဆဲ ဖြစ်သလို အစ္စရေးက ဂျေရုဆလင်တစ်မြို့လုံးကို မြို့တော်သတ်မှတ်မှု နိုင်ငံတကာ အသိအမှတ်ပြုမှု နည်းပါးတယ်ဆိုပေမယ့် ဂျေရုဆလင်မြို့ကို ပါလက်စတိုင်းနဲ့ အစ္စရေးတို့ တစ်ခြမ်းစီ ထိန်းချုပ်ဖို့ အရေးကလည်း လက်ရှိမှာ အလှမ်းဝေးနေပါသေးတယ်။
အခုလို သဘောတူညီမှု မရနိုင်တဲ့ ပြဿနာတွေထဲမှာ ပါလက်စတိုင်းနိုင်ငံ သီးသီးသန့်သန့် တရားဝင် ထူထောင်ဖို့ ကိစ္စက အခက်ခဲဆုံး ဖြစ်နေပြီး အခုအချိန်အထိ အဖြေ မထွက်သေးပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဆိုရင်လည်း သမိုင်းဝင် ပါလက်စတိုင်းမြေရဲ့ ၁၅ ရာခိုင်နှုန်းသာလျှင် ပါလက်စတိုင်းဘက်က ရရှိမယ် ဆိုတဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ပြောဆိုတဲ့ အချက်အပြင် အစ္စရေးရော ပါလက်စတိုင်းပါ နေရပ်ရွေ့ပြောင်းမှု မရှိစေရ ဆိုတဲ့အချက်ကလည်း ပါလက်စတိုင်းတွေဘက်က တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဂျူးအခြေချ အိမ်ရာစခန်းတွေ ဖယ်မပေးဘူးလို့ အဓိပ္ပာယ်သက်ရောက်တဲ့အတွက် ပါလက်စတိုင်းတွေဘက်က လုံးဝ ပယ်ချထားခဲ့ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ ရပ်ဖို့ အလားအလာဆိုရင်တောင် အားရစရာ မရှိလှဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို လိုအပ်သလို ဆက်လုပ်သွားမယ် ဆိုပြီး အစ္စရေးဝန်ကြီးချုပ် မစ္စတာ နေတန်ယာဟူက ပြောဆိုထားပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံရတဲ့အထဲမှာ နိုင်ငံတကာ သတင်းဌာနတချို့ အခြေစိုက်တဲ့ အဆောက်အအုံလည်း ပါဝင်ခဲ့ပြီး မတိုက်ခိုက်ခင်မှာ ထွက်ခွာကြဖို့ သတိပေးခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ သီးသီးသန့်သန့် တရားဝင်ဖြစ်လာရေးကို ဆက်လက် အာရုံစိုက် လုပ်ဆောင်ဖို့ ရှိတယ်လို့ အနောက်ဘက်ကမ်းခြေဒေသ အခြေစိုက် ပါလက်စတိုင်း သမ္မတ အဘတ်စ်ကို ပြောဆိုခဲ့ပေမယ့်လည်း ဟားမတ်စ်အဖွဲ့ကိုတော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တဲ့အတွက် တွေ့ဆုံ စကားပြော ဆက်ဆံမှု လုပ်မှာ မဟုတ်ဘူးလို့ ဆိုထားတဲ့အတွက်လည်း လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ဘက်နဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမှာ အမေရိကန်ကြားဝင်မှုက တစ်ဖက်သက်သာ ဖြစ်နိုင်သလို ဖြစ်နေပါတယ်။
ဥရောပနဲ့ အမေရိကတိုက် တစ်လွှားမှာတော့ ပါလက်စတိုင်းဘက်က ရပ်တည်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး ပြင်သစ်မြို့တော် ပါရီမှာဆိုရင် တရားဝင် ကျင်းပခွင့်မပေးတဲ့ အခြေအနေမှာ ရဲတွေက မျက်ရေယိုဗုံးနဲ့ ရေကားတွေကိုပါ အသုံးပြု နှိမ်နင်းခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် မေလ ၁၆ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင်မှာတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က ဘက်နှစ်ဘက်စလုံး အနေနဲ့ အရပ်သားနဲ့တကွ သတင်းမီဒီယာ အဆောက်အအုံတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်တာတွေ မလုပ်ဖို့ တိုက်တွန်းထားပြီး ဒီလိုလုပ်တာဟာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ပြောဆို တိုက်တွန်းထားပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း မေလ ၁၈ ရက်နေ့မှာ အင်တာနက်ရုပ်သံလိုင်းနဲ့ အစည်းအဝေးလုပ်ဖို့ စီစဉ်ထားကြပါတယ်။