ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး နဲ့ ဂါဇာ - Iron Dome ဒုံးခွင်းဒုံး စနစ်ဆိုတာ ဘာလဲ
ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေ ဆက်ပစ်နေတာ ငါးရက်ရှိလာနေသလို အစ္စရေးဘက်ကလည်း ဂါဇာဘက်ကို ထိုးစစ် အရှိန်မြှင့်လိုက်ပါတယ်။
အစ္စရေး စစ်တပ်က ဒီတိုက်ခိုက်မှုမှာ မြေပြင်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပါဝင်ပေမဲ့ ဂါဇာထဲကိုတော့ ဝင်မတိုက်ဘူးလို့ သောကြာနေ့မှာ ပြောပါတယ်။
ဂါဇာမြို့ထဲကမြင်ကွင်း ဗီဒီယိုမှာ ညဘက်ကောင်းကင်မှာ အစ္စရေးဘက်က ပစ်တဲ့ ဒုံးကျည်ပေါက်ကွဲမှုတွေကို တွေ့မြင်ရပါတယ်။
တနင်္လာနေ့က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာဘက်ခြမ်းမှာ လူ ၁၁၉ ဦး သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာ ရှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးဘက်ခြမ်းမှာ ဂျူးတွေနဲ့ အာရပ်နွယ်ဖွားအစ္စရေးလူအုပ်တွေ တိုက်ခိုက်တာတွေလည်း ဖြစ်နေလို့ သမ္မတက ပြည်တွင်းစစ်အတွက် သတိပေးလာရပါတယ်။
အဲဒီအခြေအနေမှာ ပြည်တွင်း မငြိမ်မသက်မှုကို နှိမ်နင်းဖို့ ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က လုံခြုံရေးတပ်ဖွဲ့တွေကို အလုံးအရင်းနဲ့အားဖြည့်ဖို့ အမိန့်ပေးထားပြီး လူ ၄၀၀ ကျော်လည်း ဖမ်းဆီးခံထားရပါတယ်။
အစ္စရေးရဲ့ Iron Dome ဒုံးခွင်းဒုံး စနစ်ဆိုတာ ဘာလဲ
အစ္စရေးနဲ့ ပါလက်စတိုင်း အကြား မကြာသေးခင်က စလို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရာမှာ ဟာမတ်စ် နဲ့ တခြား ပါလက်စတိုင်း စစ်သွေးကြွတွေဘက်က အစ္စရေးဘက်ကို ဒုံးကျည်နဲ့ အကြိမ်ပေါင်း ၁၅၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။
ဒါပေမယ့် အဲဒီ ဒုံးကျည်တွေထဲက အများစုကို အစ္စရေးရဲ့ Iron Dome လို့ အမည်ပေးထားတဲ့ ဒုံးကျည် ကာကွယ်ရေး ဒုံးခွင်းဒုံး စနစ် က ကြားဖြတ် ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေး တာဝန်ရှိသူ တွေရဲ့ အဆိုအရ အဲဒီ ဒုံးခွင်းဒုံး စနစ်ဟာ တဖက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အစ္စရေးထဲက လူနေထူထပ်တဲ့ နေရာတွေကို မရောက်ခင် ဝေဟင်မှာပဲ ဖျက်ဆီး ပစ်နိုင်စွမ်းရှိပါတယ်။
Iron Dome ဘယ်လို အလုပ်လုပ်သလဲ
Iron Dome ဆိုတာ အစ္စရေး တနံတလျားမှာ ဖြန့်ချ ထားတဲ့ ဒေါ်လာ ဘီလျံများစွာ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေထဲက တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒီ Iron Dome စနစ်က တဖက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ရေဒါနဲ့ ခြေရာခံပါတယ်။ ပြီးရင် ဒုံးခွင်းဒုံး ၂ စင်း ပစ်လွှတ်ပြီး တဘက်က ဒုံးကျည်ကို လမ်းခုလတ်မှာ ကြားဖြတ် ဖျက်ဆီး ပစ်တာ ဖြစ်ပါတယ်။
ဒီစနစ်မှာ သုံးထားတဲ့ နည်းပညာတွေက တဖက်က ပစ်လွှတ်တဲ့ ဒုံးကျည်တွေထဲက ဘယ် ဒုံးကျည်က လူနေ ရပ်ကွက်တွေကို ထိနိုင်မယ်၊ ဘယ် ဒုံးကျည်ကတော့ ပစ်မှတ်ကို လွဲနိုင်မယ် ဆိုတာကိုပါ ခွဲခြားနိုင်ပါတယ်။
အဲဒါကြောင့်လည်း မြို့တွေ ရွာတွေကို ဦးတည်လာနေတဲ့ ဒုံးကျည်တွေကိုသာ လမ်းက ဖြတ်ပြီး ပစ်ချ ဖျက်ဆီး ပစ်ပါတယ်။ ဒါကြောင့် ဒီ ဒုံးခွင်းဒုံး စနစ်အတွက် အကုန်အကျ ပိုသက်သာ စေပါတယ်။ ဒီစနစ်မှာ သုံးတဲ့ ဒုံးခွင်းဒုံး တစင်းက ဒေါ်လာ ၁၅၀,၀၀၀ ပေးရတယ်လို့ Times of Israel သတင်းစာက ဆိုပါတယ်။
Iron Dome ဘယ်လို ပေါ်လာခဲ့သလဲ
Iron Dome ရဲ့ အစဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အစ္စရေးနဲ့ လက်ဘနွန် တောင်ပိုင်းမှာ အခြေစိုက်တဲ့ ဟစ်ဇဘိုလာ အဖွဲ့အကြား ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကလို့ ပြောရမှာပါ။ အဲဒီတုန်းက ဟစ်ဇဘိုလာ ဘက်က ဒုံးကျည်ပေါင်း ထောင်နဲ့ ချီပြီး အစ္စရေး ဘက်ကို ပစ်ခတ်ခဲ့တာကြောင့် အစ္စရေး နိုင်ငံသား ဒါဇင်များစွာ အသက်ဆုံးရှုံး ခဲ့ရပါတယ်။ အဲဒီနောက် တနှစ် အကြာမှာတော့ အစ္စရေးရဲ့ နိုင်ငံပိုင် ကာကွယ်ရေး စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ Rafael Advanced Defense Systems က ဒုံးလက်နက် ကာကွယ်ရေး ဒိုင်း စနစ်တခု တည်ဆောက် တပ်ဆင်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ စီမံကိန်း အတွက် အမေရိကန် ပြည်ထောင်စု ဆီကလည်း ဒေါ်လာ သန်း ၂၀၀ ကျော် ကူငွေတွေ ရခဲ့ပါတယ်။
နှစ်အတော်ကြာကြာ လေ့လာ ဖန်တီး တပ်ဆင်မှုတွေ လုပ်ခဲ့ကြပြီးနောက် ပွဲဦးထွက်အဖြစ် ၂၀၁၁ ခုနှစ်မှာ ပထမဆုံးအကြိမ် စမ်းသပ် တိုက်ပွဲဝင် ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတောင်ပိုင်းက Beersheba မြို့ကို ဦးတည်လာနေတဲ့ ဒုံးကျည် တစင်းကို ပစ်ချနိုင်ခဲ့ပါတယ်။
Iron Dome မှာ အားနည်းချက် ရှိသလား
အစ္စရေး ကျန်းမာရေး အမှုထမ်းတွေရဲ့ အဆိုအရ ဂါဇာဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ ကြောင့် ကလေး အနည်းဆုံး ၂ ဦးအပါအဝင် လူ ၈ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တဖက်မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၁၀၀ ကျော်ထဲမှာ ကလေးအနည်းဆုံး ၁၇ ယောက် သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေ ပြောပါတယ်။
Iron Dome စနစ်ဟာ အစ္စရေး ပြည်သူတွေကို အသက်ဆုံးရှုံးမှု ရှိစေနိင်တဲ့ တိုက်ခိုက်မှုပေါင်း များစွာကနေ ကာကွယ်ပေးထားနိုင်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ဒီစနစ်ဟာ လုံးဝ လုံခြုံတာမျိုးတော့ မဟုတ်ဘူးလို့ ဘီဘီစီရဲ့ ပြည်ပရေးရာ သုံးသပ်သူ Jonathan Marcus က ပြောပါတယ်။
သူက အခုနောက်ဆုံး ဖြစ်နေတဲ့ အစ္စရေးနဲ့ ဂါဇာက လက်နက်ကိုင် အဖွဲ့အတွေအကြား တိုက်ပွဲတွေ အတွင်းမှာပဲ Ashkelon မြို့မှာ ရှိတဲ့ ဒုံးခွင်းဒုံးတွေ နည်းပညာ ချို့ယွင်းချက်ကြောင့် လိုင်းကျပြီး သုံးမရ ဖြစ်နေခဲ့တယ်လို့ ပြောပါတယ်။
တချို့ ဝေဖန်သူတွေကလည်း ဂါဇာက ပစ်လိုက်တဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပစ်ချနိုင်တယ်ဆိုပေမယ့် အနာဂတ်မှာ တခြား ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ဒီထက်ပို အခက်တွေ့နိုင်တယ်လို့ ပြောကြပါတယ်။
The Jerusalem Post သတင်းစာက စစ်ရေး သတင်းအချက်အလက် ဆိုင်ရာ အယ်ဒီတာ ဖြစ်သူ Yonah Jeremy Bob ကတော့ ဟစ်ဇဘိုလာ အဖွဲ့ဟာ အချိန်တိုအတွင်းမှာ အခုထက်များတဲ့ ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ စွမ်းရည် ရှိနေတယ် ဒါကြောင့်မို့ ဒါတွေအကုန်လုံးကို လမ်းမှာ ပစ်ချဖို့ Iron Dome အနေနဲ့ အခက် တွေ့နိုင်တယ်လို့ ပြောပါတယ်။
အစ္စရေး ပြည်သူတွေကတော့ မကြာခင်အတောအတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း သူတို့ အသက် အန္တရာယ်ကို သံကွန်ချာ ပေါင်းမိုးကြီးလို ကာကွယ်ပေးထားတဲ့ Iron Dome ကို ကျေးဇူးတွေ တင်နေကြပါတယ်။
ဒါပေမယ့် Tel Aviv တက္ကသိုလ်က နိုင်ငံရေး သိပ္ပံ ပညာရှင် Dr Yoav Fromer က အစ္စရေး အာဏာပိုင်တွေဟာ ဒီလို ကာကွယ်ရေး စနစ်တွေကိုပဲ အားကိုးနေတာကြောင့် ရေရှည်အတွက် နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ကို နှောင့်နှေးနေကြတယ်လို့ ဆိုပါတယ်။
Dr Yoav Fromer က Iron Dome ရဲ့ အံ့မခန်း အောင်မြင်မှုကနေ ရလာခဲ့တဲ့ ဘေးထွက် ဆိုးကျိုးကတော့ နိုင်ငံခြားရေး မူဝါဒပိုင်း မှားယွင်းမှုတွေနဲ့ အဲဒီအမှားတွေကို အခြေခံပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုများလာခဲ့တာပဲ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
တဖက်နဲ့ တဖက် တိုက်ခိုက်လာကြတာ နှစ်ပေါင်းများစွာ ကြာလာပေမယ့် အဆုံးမရှိတဲ့ အကြမ်းဖက် သံသရာထဲမှာ အခုထက်ထိ လမ်းပျောက် ပိတ်မိနေကြဆဲ ဖြစ်တယ်လို့ သူကပြောပါတယ်။