အိန္ဒိယကိုဗစ်ပြဿနာကို တကမ္ဘာလုံး ဘာလို့ အလေးမူသင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, Rebecca Morelle
- ရာထူးတာဝန်, Global science correspondent, BBC News
ကိုဗစ်ဒဏ် အလူးအလဲ ခံနေရတဲ့ အိန္ဒိယက မြင်ကွင်းတွေဟာ တကမ္ဘာလုံးကို ခြောက်ခြားနေစေပါတယ်။
အိန္ဒိယမှာ အခုလို ကိုဗစ်ကူးစက်မှု အင်မတန် များနေတာဟာ ကမ္ဘာ့လူသားတိုင်း အတွက် အန္တရာယ်ကြီးလာစေပါတယ်။ အကြောင်းကတော့ ကိုဗစ်ဟာ နိုင်ငံနယ်နမိတ်တွေကို ဂရုမစိုက်၊ ဖြတ်ကျော်ပါတယ်။
လူမျိုး၊ အသက်အရွယ်၊ လိင်အမျိုးအစား၊ ကိုးကွယ်ရာ ဘာသာတရားကိုလဲ မခွဲခြား .... လူတိုင်း အကူးခံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
ဒီစကား ပြောပြီး ကမ္ဘာကြီးကို သတိပေးသူဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သိပ္ပံပညာရှင်တွေရဲ့ အကြီးအကဲ ဒေါက်တာ ဆိုမြာ ဆွာမိနသန် ဖြစ်ပါတယ်။
ကိုဗစ်ကူးဆက်မှု ကမ္ဘာ့ကပ်ဘေးဟာ ကမ္ဘာကြီးပေါ် တနိုင်ငံနဲ့ တနိုင်ငံ၊ ဒေသတစ်ခုနဲ့တစ်ခု ဆိုတာ သီးခြားစီမဟုတ်ပဲ ဘယ်လောက် ချိတ်ဆက်နေတယ်ဆိုတာကို ပိုပြီး သဘောပေါက် လာစေပါတယ်။
နိုင်ငံတစ်ခုမှာ ကူးစက်မှုနှုန်း သိပ်မြင့်နေပြီဆိုရင် တခြားနိုင်ငံတွေဆီ ပျံ့သွားဖို့ အလားအလာလည်း တပါတည်း များလာပါတယ်။
ခရီးသွားတာကို ကန့်သတ်ထိန်းချုပ်တာတွေ၊ ပိုးရှိမရှိစစ်တာတွေ၊ လူတွေကို သီးသန့် ခွဲခြားပြီး ထားတာတွေ လုပ်နေတဲ့ကြားကပဲ ကိုဗစ်ကူးနိုင်ပါတယ်။
ကိုဗစ်ကူးစက်မှု မြင့်နေတဲ့နေရာကလာတဲ့ ခရီးသည်တွေဆီမှာ ပိုးသယ်လာနိုင်တဲ့ ဖြစ်နိုင်ခြေ အင်မတန်များပါတယ်။
နယူးဒေလီကနေ ဟောင်ကောင်ကို ရောက်လာတဲ့ လေယာဥ်ပေါ်က ခရီးသည် အယောက် ၅၀ ကိုဗစ်နိုင်တင်း ပေါစတစ်ဗ် ဆိုတာ အခုလတ်တလောပဲ စစ်လို့ တွေ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယပိုးမျိုးကွဲသစ်
အိန္ဒိယမှာ ကူးစက်နှုန်းမြင့်နေတာရဲ့ စိုးရိမ်စရာကောင်းတဲ့ နောက်တစ်ချက်က ကိုဗစ်ပိုး မျိုးကွဲသစ် ပြဿနာပါ။
အိန္ဒိယမှာ ကိုဗစ် ဗိုင်းရပ်စ်မျိုးကွဲ အသစ်တစ်ခု တွေ့လာရပါတယ်။ အဲဒီ မျိုးကွဲကို B.1.617 လို့ နာမည်ပေးထားပါတယ်။
အဲဒီပိုးသစ်မှာ ဗီဇပြောင်းတဲ့ အချက် တစ်ခုမက နှစ်ခုရှိနေလို့ "ပိုးသစ်နှစ်ကိုယ်ခွဲ" လို့ ပညာရှင်တွေကြား ရည်ညွှန်းသုံးပါတယ်။
အဲဒီ ပိုးသစ်ကို ဓာတ်ခွဲခန်းထဲ ဆန်းစစ်ထားချက်တွေအရ ကူးစက်နှုန်း အနည်းငယ်ပိုမြန်တယ်၊ ပိုးကိုခုခံ ပိတ်ဆို့နိုင်အောင် ခန္ဓာကိုယ်ထဲ ရှိလာတဲ့ Antibody အဲန်တီဘော်ဒီ အနေနဲ့လည်း ဒီပိုးသစ်ကို ခုခံဖို့ ပို့ခက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီပိုးသစ်ကြောင့် ခုခံစွမ်း ဘယ်လောက်ကျနိုင်သလဲ ဆိုတာ ပိုပြီး သဘောပေါက်ဖို့၊ အချက်အလက်တွေ ပိုပြီးထွက်လာဖို့တော့ သိပ္ပံပညာရှင်တွေ ဆန်းစစ်နေကြဆဲ ဖြစ်ပါတယ်။
ကာကွယ်ဆေး မတိုးနိုင်လောက်အောင် ဗီဇပြောင်းနေတဲ့ ပိုးသစ်မျိုး ဆိုတဲ့အထိတော့ ပြောနိုင်စရာ ဘယ်လို အထောက်အထားမှ ရှိမနေဘူး ဆိုပြီး ဒေါက်တာ ဂျက်ဖ်ဘာရက်က ဆိုပါတယ်။ ဒေါက်တာဘာရက်ဟာ ဗြိတိန်အခြေစိုက် "Wellcome Sanger" မျိုးရိုးဗီဇ သုတေသနဌာနက ဖြစ်ပြီး၊ သူဦးဆောင်တဲ့ အဖွဲ့ဟာ ကိုဗစ်နိုင်တင်းပိုးရဲ့ ဗီဇတည်ဆောက် ဖွဲ့စည်းပုံ အကြောင်း အထူးပြု လေ့လာနေပါတယ်။
အိန္ဒိယ ကိုဗစ်မျိုးကွဲသစ်ကို အသေအချာ စောင့်ကြည့်ဖို့လိုတာ မှန်ပေမယ့်၊ လက်ရှိမှာတော့ ကာကွယ်လို့ မရနိုင်တော့တဲ့ ပိုးသစ်ဆိုပြီး သွေးပျက်လောက်အောင် ဖြစ်စရာမလိုပါဘူးလို့ ဒေါက်တာဘာရက်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပိုးသစ်တွေ ထပ်တိုးမလာဖို့ ဘာလုပ်ရမလဲ
ဒါပေမယ့်လည်း အိန္ဒိယမှာက ကူးစက်ခံနေရတဲ့သူ အရေအတွက်များလာလေလေ၊ မျိုးကွဲပိုးသစ် တစ်မျိုးထက်မက နောက်ထပ်တွေ ပေါ်ထွက်လာနိုင်တဲ့ အလားအလာလည်း ပိုတိုးလာစေပါတယ်။
ဘာ့ကြောင့်လဲ ဆိုတော့ ဗိုင်းရပ်စ်ရဲ့ သဘောကိုက ကူးစက်မှု အသစ်ဖြစ်တိုင်းဖြစ်တိုင်း ဗီဇတိုးတက်ပြောင်းလဲဖို့ အခွင့်အလမ်းလည်း ပိုရှိလာတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့ကြောင့် ဖော်ထားနှင့်ပြီး ကာကွယ်ဆေးတွေ မတိုးတော့တဲ့ ပိုးသစ်မျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း ထည့်စဥ်းစားနေရပါတယ်။
ပိုးသစ်တွေ ထပ်ပြီး ဖြစ်မလာဖို့ ထိန်းတဲ့နည်းကတော့ လူ့ကိုယ်ခန္ဓာထဲ ဗိုင်းရပ်စ် ပုံတူပွားမှုတွေ မဖြစ်အောင် စပြီးတားနိုင်ဖို့ပါပဲ။ ဆိုလိုတာ ကူးစက်နေတာတွေကို ထိန်းချုပ်ခြင်းဟာ ပိုးအမျိုးစားသစ်ထွက်မလာအောင် တားဆီးခြင်းပါပဲ။ ပိုးသစ်မလိုချင်ရင် လက်ရှိ ကြုံနေရတဲ့ တကမ္ဘာလုံးနဲ့ချီ ကူးစက်တဲ့ အခြေအနေကို ထိန်းချုပ်ပါလို့ ပါမောက္ခ ရှရွန်ပိကော့ခ်က ဆိုပါတယ်။ ပရော်ဖက်ဆာပိကော့ခ်ဟာ ကိုဗစ်ပိုး ဗီဇဖွဲ့စည်း တည်ဆောက်ပုံကို သုတေသနလုပ်ဖို့ရာ ပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တွေ စုပေါင်းပြီး ဖွဲ့ထားတဲ့ "COVID-19 Genomics UK Consortium" (အတိုကောက် ကော့ဂ်ယူကေ COG UK လို့ အသိများ) တဲ့ ညွန့်ပေါင်းအင်အားစုကြီးကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မရှိမဖြစ်ကာကွယ်ဆေး
ကူးစက်နှုန်းကို ထိန်းချုပ်ရာမှာ အပြင်မထွက်ရ၊ နယ်ကျော်မသွားရ၊ တစ်အိမ်နဲ့တစ်အိမ် ကူးလူးမဆက်ဆံရ စတဲ့ လော့ခ်ဒေါင်းချတာမျိုးတွေ၊ လူတွေ ခပ်ခွာခွာနေတာမျိုးတွေ ပြုလုပ်တာ အရေးကြီးသလို၊ ကာကွယ်ဆေးရဲ့ အခန်းကဏ္ဍကလည်း မရှိမဖြစ် အရေးပါပါတယ်။
အိန္ဒိယရဲ့ အဓိက ပြဿနာထဲမှာ ကာကွယ်ဆေးထိုးထားနှင့်ပြီး အရေအတွက်ဟာ လူဦးရေ ပမာဏနဲ့ယှဥ်ရင် အလွန်နည်းနေသေးပြီး ၊ ပထမအကျော့ ထိုးထားတဲ့သူဟာ ၁၀% ပြည့်ဖို့တောင် အတော်လိုနေပါတယ်။ နှစ်ချီစလုံး ထိုးနှင့်ပြီးသူ အရေအတွက်ဆိုရင်တော့ ၂% တောင် မရှိသေးပါဘူး။
အိန္ဒိယဆိုတာ ကမ္ဘာပေါ်မှာ ကိုဗစ် ကာကွယ်ဆေး အများဆုံးထုတ်နေတဲ့ ဆီရမ်အင်စတီကျု့ဆိုတဲ့ ကုမ္ပဏီ အခြေစိုက်တဲ့ နေရာဖြစ်ပေမယ့် ပြည်တွင်းမှာ ထိုးပေးနိုင်တဲ့ လူဦးရေရာခိုင်နှုန်း အလွန်နည်းနေတာ ဖြစ်ပါတယ်။
အဲဒီ အခြေအနေဟာ တကမ္ဘာလုံး ကာကွယ်ဆေး ရရှိနိုင်ရေး ဆိုတဲ့ အချက်ပေါ်မှာပါ သက်ရောက်ရိုက်ခတ်မှု ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာ ကာကွယ်ဆေးလက်လှမ်းမှီရေးအပေါ်မှာပါ ထိခိုက်လာ
ပြီးခဲ့တဲ့မတ်လကစလို့ အိန္ဒိယထဲ ကိုဗစ်ကူးနှုန်း ထိုးတက်လာတဲ့အခါ အဲဒီက အာဏာပိုင်တွေက သူတို့နိုင်ငံထုတ် အောက်စဖို့ဒ်-အက်စထြာဇနက်ကာ ဆေးတွေ ပြည်ပကို ပမာဏ အများအပြား တင်ပို့နေတာကို တားလိုက်ပါတယ်။
တကမ္ဘာလုံး အထူးသဖြင့် ၀င်ငွေ အလယ်အလတ်နဲ့ ၀င်ငွေနည်းပါး နိုင်ငံတွေ ကိုဗစ်ဆေး လက်လှမ်းမှီရေး ကုလသမဂ္ဂရဲ့ ကိုဗက်ဇ် Covax အစီအစဥ်ဟာ အိန္ဒိယထုတ် ဆေးတွေ အပေါ်မှာလည်း မှီခိုနေရတာ ဖြစ်ပါတယ်။
အိန္ဒိယက သူတို့ဆီမှာ ထုတ်တဲ့ဆေးတွေကို ပြည်ပကို ထွက်ခွင့်မပေးတော့ဘူး ဆိုတော့ အဲဒီ ကုလကျောထောက်နောက်ခံပြု ကိုဗက်ဇ် အစီအစဥ်လည်း ထိခိုက်သွားရပါတယ်။
ကိုဗစ်ဆေးရရှိနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်သင်္ဂဟအဖွဲ့ the Global Vaccine Alliance (Gavi ဂါဗီလို့ အတိုကောက်ခေါ်) ရဲ့ အဆိုအရ ဒီတစ်ပတ် တနင်္လာနေ့ (ဧပြီ၂၆ ရက်) နေ့ အထိ ကာကွယ်ဆေးတွေ ရရှိရေး ပြန်စဖို့ အိန္ဒိယဆီက အကြောင်းမပြန်သေးပဲ စောင့်နေရဆဲလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ယောက်မကျန်ဘေးကင်းမှပဲ အားလုံးလုံခြုံမယ်
အဲဒီလို တခြားနိုင်ငံတွေမှာ ကာကွယ်ဆေးရရေး ထိခိုက်နေရပေမယ့် အိန္ဒိယ ပြည်တွင်းမှာ အခြေအနေ စိုးလွန်းတာကြောင့် ကာကွယ်ဆေးတွေ ပြန်တင်ပို့နိုင်တဲ့ဘက် အလေးမပေးပဲ ပြည်တွင်းမှာ နိုင်အောင်ထိန်းချုပ်နိုင်ဖို့ အရေး လူဦးရေ များများ ထိုးနိုင်သမျှ ထိုးပေးဖို့လိုတယ်လို့ WHO က တာ၀န်ရှိသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာဆွာမိနသန်က ပြောပါတယ်။
"အိန္ဒိယမှာ အခုထိုးပေးနေတဲ့ အရေအတွက်ထက် အမြန်ဆုံး နှစ်ဆတိုး ထိုးပေးနိုင်ဖို့ လုပ်ရမယ်။ ဒါမှမဟုတ်လို့ကတော့ ဘယ်လောက် ခရီးသွားကန့်သတ်ကန့်သတ်၊ လော့ခ်ဒေါင်းချချ၊ ခပ်ခွာခွာနေနေ၊ တစ်ယောက်ကနေ နောက်တစ်ယောက်ကို တနည်းမဟုတ်တစ်နည်းနဲ့ ဗိုင်းရပ်စ်တွေ ဆက်ပြီး ကူးနေဦးမှာပဲ"လို့ အိန္ဒိယမှာ ကာကွယ်ဆေး ဦးရေများများကို အမြန်ဆုံး ထိုးပေးနိုင်ရေး အရေးတကြီး လိုအပ်နေကြောင်း ဒေါက်တာဆွာမိနသန်က ဆော်ဩနေပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့တဲ့ ပြဿနာ အေးသွားပြီ၊ အရှိန်လျော့သွားပြီလို့ မပြောနိုင်သေးပါဘူး။ တနိုင်ငံပြီး တနိုင်ငံ တုန်လှုပ်ဖွယ် အခြေအနေတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
"တစ်ယောက်မကျန် ဘေး မကင်းမချင်း၊ ဘယ်သူမှ ဒီဘေးက မလွတ်နိုင်ဘူး" ဆိုတဲ့ အချက်ကို အိန္ဒိယရဲ့ အခြေအနေက အားလုံးကို သတိပေးနေပါတယ်။









