အိန္ဒိယ ဒေလီမှာ ကိုဗစ်သေဆုံးမှုတွေ မြင့်လာလို့ ယာယီမီးသင်္ဂြိုဟ်စင်တွေ ထပ်ဆောက်နေရ

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဒေလီမှာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူတွေ တိုးလာနေပြီး မီးသင်္ဂြိုဟ်ဖို့နေရာ မလောက်တော့တဲ့အတွက် ယာယီ မီးသင်္ဂြိုဟ်စင်တွေ ထပ်ဆောက်နေရပါတယ်။
အိန္ဒိယနိုင်ငံဟာ ကိုဗစ်ရောဂါ ကူးစက်မှု ဒုတိယလှိုင်းကြောင့် လူသေဆုံးမှုတွေ တဖြည်းဖြည်း တိုးလာနေပြီး တနင်္လာနေ့မှာ ဒေလီမြို့တစ်မြို့တည်းမှာတင် လူ ၃၈၀ အထိ စံချိန်တင် သေဆုံးခဲ့ပါတယ်။
လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်၊ ကြပ်မတ်ကုသဆောင် လူနာခုတင်တွေနဲ့ အသက်ကယ်ဆေးတွေ မလုံမလောက် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတင် အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုပေါင်း တစ်သန်းကျော် ထပ်တိုးခဲ့ပါတယ်။
အင်္ဂါနေ့မှာ ရောဂါကူးစက်မှုက ၃၂၃၁၄၄ ရှိခဲ့ပြီး နည်းနည်းလေး ပြန်ကျလာခဲ့ပါတယ်။ ဒီ့မတိုင်ခင် တစ်ရက်ကတော့ ရောဂါကူးစက်မှုက ၃၅၂၉၉၁ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အခုအခါ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်သူပေါင်း ၁၇သန်း နီးပါး ထိရှိလာနေပြီး သေဆုံးသူ အရေအတွက်ကလည်း ၁၉၂,၀၀၀ ရှိပါတယ်။
ဒါပေမဲ့လည်း တကယ့် လူသေမှုနှုန်းနဲ့ ရောဂါကူးစက်မှုနှုန်းက အခုပြောတဲ့ ကိန်းဂဏန်းတွေထက် အများကြီး ပိုများမယ်လို့ ယူဆရပါတယ်။
NDTV ရုပ်မြင်သံကြားဌာနက စုံစမ်းလေ့လာခဲ့မှုတစ်ခုအရ တကယ့်သေဆုံးသူစာရင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဒေလီ အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ စာရင်းထက် ၁၁၅၀ ပိုများတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံတစ်လွှားမှာလည်း သေစာရင်းကို အာဏာပိုင်တွေက သေဆုံးမှုစာရင်းကို လျှော့ပြခဲ့တယ် ဆိုတဲ့ အလားတူပုံစံမျိုးတွေ တွေ့ရတယ်လို့ တခြားစုံစမ်းလေ့လာမှုတွေကလည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သင်္ချိုင်းဝန်ထမ်းတွေလည်း အလောင်းတွေကို တစ်ညလုံး ဆက်တိုက် မီးသင်္ဂြိုဟ်နေရပြီး မီးသင်္ဂြိုဟ်ဖို့ ထင်းတွေ ပုံတာ၊ ဝတ်ပြု သရဇ္စျာယ်တာတွေကို ကျန်ရစ်သူ မိသားစုဝင်တွေက ဝိုင်းကူလုပ်ပေးနေကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒေလီမြို့မှာ ဆိုရင် ကားရပ်နားရာနေရာတွေ၊ ပန်းခြံတွေ ဒါမှမဟုတ် နေရာလွတ်တွေကို ရှာပြီး မီးသင်္ဂြိုဟ်ဖို့အတွက် အသုံးပြုနေရပါတယ်။ သေဆုံးသွားသူကို မီးသင်္ဂြိုဟ်ခွင့်ရဖို့ ကျန်ရစ်သူ မိသားစုတွေ နာရီပေါင်းများစွာ စောင့်ကြရပါတယ်။
မြို့တော်ဒေလီရဲ့ ဆာရီကာလီခန် သုဿန်မှာဆိုရင် မီးသင်္ဂြိုဟ်စင်အသစ် အနည်းဆုံး ၂၇ ခု ထပ်ဆောက်ခဲ့ရပြီး လက်ရှိသုဿန် အနားက ပန်းခြံမှာ နောက်ထပ် မီးသင်္ဂြိုဟ်စင် အခု ၈၀ ထပ်ဆောက်ဖို့ ရှိပါတယ်။
မူလတုန်းက မီးသင်္ဂြိုဟ်စင် ၂၂ ခုပဲ ရှိတဲ့ အဲဒီသုဿန်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား တစ်ယောက်ကဆိုရင် သူတို့တွေ မနက်လင်းအားကြီးကနေ ညသန်းခေါင်ထိ ဆက်တိုက် အလုပ်လုပ်နေရတယ်လို့ The Hindu သတင်းစာဌာနကို ပြောပြပါတယ်။
ဒေလီမြို့ အရှေ့ပိုင်းက ဂါဇီပူရ် သုဿန်မှာဆို နောက်ထပ် မီးသင်္ဂြိုဟ်စင် ၂၀ လောက်ကို ကားရပ်တဲ့ နေရာမှာ ထပ်တိုးဆောက်ထားရပါတယ်။ သေတဲ့သူတွေ များလို့ မီးသင်္ဂြိုဟ်စင်တွေ မလုံမလောက် ဖြစ်နေပြီး မီးသင်္ဂြိုဟ်ဖို့ ၃ နာရီကနေ ၄ နာရီအထိ စောင့်ရတယ်လို့ အိန္ဒိယ အိတ်စ်ပရက်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
တခြားသုဿန်တွေမှာဆိုရင် အခြေအနေက ဒါ့ထက် ပိုဆိုးပါတယ်။ အဲဒီနေရာတွေမှာဆိုရင် ထပ်ချဲ့စရာ နေရာတောင် မရှိဘူးလို့ အောက်ဆီဂျင်စက်၊ အစားအစာနဲ့ မီးသင်္ဂြိုဟ်စက်တွေ ထောက်ပံ့ကူညီပေးနေတဲ့ ဟိုလစ်စတစ် ဖွံ့ဖြိုးမှုစင်တာက ဆွန်နီ ကူမာ အယ်လီဒီယာက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူဦးရေ သန်း၂၀ လောက် ရှိတဲ့ ဒေလီမြို့မှာ လိုအပ်မှုတွေ အများကြီး ရှိနေဆဲပါ။ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေနဲ့ ပြည့်နေပြီး လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကလည်း ပြတ်လပ်နေပါတယ်။
အောက်ဆီဂျင် မလောက်တဲ့အတွက် ဒေလီမြို့က အနည်းဆုံး ဆေးရုံနှစ်ရုံမှာ လူနာတွေ သေဆုံးရတာမျိုးတွေ ရှိခဲ့ပါတယ်။ အရေးပေါ်လူနာတင်ကားတွေလည်း လိုအပ်နေပါတယ်။ ဆေးရုံမှာ လူနာခုတင် ရရင်တောင် အရေးပေါ်လူနာတင်ကား မရှိလို့ မိသားစုတွေ လူနာကို ဆေးရုံပို့ဖို့ အခက်အခဲတွေ့ကြရပါတယ်။ လူနာတင်ကား စောင့်ရင်း သေဆုံးခဲ့ရတဲ့ လူနာတွေလည်း အများကြီး ရှိခဲ့ပါတယ်။
အောက်ဆီဂျင်စက် ဒါမှမဟုတ် အသက်ကယ်ဆေး ဒါမှမဟုတ် ကြပ်မတ်ကုသဆောင် လူနာခုတင် တွေ ရဖို့ လူမှုကွန်ရက်ပေါ်ကနေ အသည်းအသန် အကူအညီ တောင်းနေကြတာတွေ အများကြီး တွေ့ရပါတယ်။
နိုင်ငံအတော်များများက အိန္ဒိယနိုင်ငံကို အောက်ဆီဂျင်စက်တွေ၊ အသက်ရှူစက်တွေ အကူအညီပေးမယ်လို့ ကမ်းလှမ်းထားကြပါတယ်။
ယူကေနိုင်ငံကော့ အသက်ရှူစက်တွေ၊ အောက်ဆီဂျင်စက်တွေကို စပို့ပေးနေပါပြီ။ ဥရောပသမဂ္ဂဝင် နိုင်ငံတွေကလည်း အကူအညီတွေ ပို့ဖို့ ရှိပြီး ပြင်သစ်နိုင်ငံကလည်း အောက်ဆီဂျင် ပို့ပေးမယ်လို့ ပြောနေပါတယ်။








