ဆင်းရဲ ချမ်းသာ ဘဝအနိမ့်အမြင့်ဒဏ်ကို နှစ်ကြိမ် ကြုံခဲ့ရတဲ့ ဒိုးနပ်ဘုရင်ကြီးရဲ့ဘဝ

ဓာတ်ပုံ ရင်းမြစ်, Greenwich Entertainment
- ရေးသားသူ, ဗီဘီကီ ဗီနီမာ
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား အသံလွှင့်ဌာန
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ဒိုးနပ်ဆိုင်တစ်ဆိုင်ကိုဝင်လိုက်ရင် ဆိုင်ပိုင်ရှင်ဟာကမ္ဘောဒီးယားလူမျိုး မိသားစုတစ်စု ဖြစ်နေဖို့များပါတယ်။ အဲ့ဒီလို ဖြစ်လာတဲ့အကြောင်းရင်းက ဒုက္ခသည်ဘဝကနေ ဒိုးနပ်အင်ပါယာတစ်ခုတည်ဆောက်ခဲ့တဲ့ ဒိုးနပ်ဘုရင်ကြီးလို့တောင်တင်စားခေါ်ခံရတဲ့သူတစ်ယောက်ကြောင့်ပါ။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အထက်တန်းကျောင်းမှာ တက်ဒ်နွိုင် ကျောင်းတက်နေတုန်း သူပထမဆုံး မျက်စိကျခဲ့သူက အစိုးရ အရာရှိကြီးတစ်ယောက်ရဲ့ သမီး ဆူဂန်သီနီ ခိုရမ် ဖြစ်ပါတယ်။
"သူက အရမ်းလှတာ။ သူ့လောက် လှတဲ့သူ ရှာတွေ့မှာ မဟုတ်ဘူး"လို့ တက်ဒ်နွိုင်က ပြန်ပြောင်း ပြောပြပါတယ်။
ကျောင်းက ကောင်လေးတွေ အားလုံးကလည်း ဆူဂန်သီနီကို ကြိုက်နေကြတော့ ထိုင်းနယ်စပ်နားက ရွာတရွာက လာတဲ့ တရုတ်သွေး တစ်ဝက်ပါတဲ့ သူ့လိုလူ အတွက်က အခွင့်အရေး မရှိသလောက် ဖြစ်နေပါတယ်။ "ဆူဂန်သီနီက တော်ဝင်မင်းသမီးတစ်ပါးလို သြဇာ အရှိန်အဝါ ကြီးပါတယ်။ အနားမှာလည်း အထိန်းတော်တွေက မပြတ် စောင့်ကြပ်နေခဲ့တာ"လို့ တက်ဒ်က ဆိုပါတယ်။
ဒါပေမဲ့ ကံကောင်းတာက သူငှားနေတဲ့ တိုက်ခန်းတွဲရဲ့ လေးထပ်က သူ့အခန်းငယ်လေးကနေ ဆူဂန်သီနီရဲ့ အိမ်ကြီးကို လှမ်းမြင်နေရတယ် ဆိုတာကို တက်ဒ် သိလိုက်ရတဲ့အခါ ရလာတဲ့ အခွင့်အလမ်းကို အမိ ဖမ်းဆုပ်ခဲ့ပါတယ်။ ညနေဖက်တိုင်းမှာ သူ့အခန်း ပြတင်းပေါက်မှာ ထိုင်ပြီး ပလွေမှုတ်ပါတော့တယ်။ တိတ်ဆိတ် ငြိမ်သက်နေတဲ့ မြို့လေးမှာ သူ့ရဲ့ ပလွေသံက ပျံ့လွင့်သွားပါတယ်။ သူ့ပလွေသံကို ကြားမိတဲ့ ဆူဂန်သီနီရဲ့ အမေက ပုလွေမှုတ်တဲ့ သူဟာ အလွမ်းဓာတ်ခံ ရှိတဲ့သူ ဖြစ်ရမယ်လို့ မှတ်ချက်ချခဲ့ဘူးပါတယ်။
တစ်ညမှာတော့ ဆူဂန်သီနီကို လသာဆောင်မှာ လှမ်းတွေ့လိုက်တော့ ခြေလှမ်းစဖို့ အချိန်ကျလာပြီလို့ တက်ဒ် ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ မျက်နှာချင်းဆိုင် အဆောက်အအုံမှာ နေတဲ့သူ ဖြစ်ပြီး ညနေတိုင်း ပလွေမှုတ် ဖျော်ဖြေလေ့ရှိသူက သူပါပဲလို့ စာတစ်စောင် ကောက်ရေးလိုက်ပါတယ်။ အဲဒီစာကို ကျောက်ခဲနဲ့ ထုပ်ပြီး ဆူဂန်သီနီ ရပ်နေတဲ့ လသာဆောင်ဆီ ရောက်အောင် လှမ်းပစ်လိုက်ပါတယ်။
ရက်အတော်ကြာ သူ့ဆီ ဘာမှ အကြောင်းပြန်မလာခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ ဆူဂန်သီနီရဲ့ အိမ်အကူတစ်ယောက် သူ့အခန်းပေါက်ဝကို ရောက်လာပြီး ပြန်စာ လာပို့သွားပါတယ်။
အဲဒီစာထဲမှာ 'ရှင်ရဲ့ ပလွေသံကို ကျွန်မ သဘောကျတယ်။ နားထောင်ရတာ အရမ်းကောင်းပြီး အရမ်း ခံစားရပါတယ်'လို့ ရေးထားပါတယ်။ အဲဒီနောက် သူတို့ နှစ်ယောက်အကြား အပြန်အလှန် စာအဆက်အသွယ် စလုပ်ခဲ့ကြပါတယ်။
တစ်နေ့မှာတော့ တက်ဒ်က "ခင်ဗျားအခန်းကို ကျွန်တော် ခိုးဝင်လာရင် ဘာဖြစ်သွားမလဲ"လို့ ရေးလိုက်ပါတယ်။
ဆူဂန်သီနီ က "သတိတော့ထားပေါ့။ ကျွန်မအခန်းထဲ မရောက်ဘဲ အမေ့အခန်းထဲ ရောက်သွားဦးမယ်နော်"လို့ ပြန်ရေးပါတယ်။
တက်ဒ်က နောက်ပြောနေတာလို့ ဆူဂန်သီနီက ထင်ခဲ့ပေမဲ့ တက်ဒ်ဘက်ကတော့ တကယ်လုပ်ဖို့ အလေးအနက် ဆုံးဖြတ်ထားတာပါ။ အိမ်ကြီးတစ်ဝိုက်မှာ လက်နက်ကိုင်အစောင့်တွေအပြင် ခွေးတွေပါ စောင့်ကြပ်ထားတဲ့ကြားက မိုးရွာတဲ့ ညတစ်ညမှာ အုန်းပင်ပေါ်ကနေတစ်ဆင့် သံဆူးကြိုးတွေကို ကျော်ဖြတ်ပြီး ရေချိုးခန်းတစ်ခန်းရဲ့ ပြတင်းပေါက်ကနေ အိမ်ကြီးထဲရောက်အောင် တက်ဒ် ဝင်သွားနိုင်ခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် အိပ်ခန်းတစ်ခန်းကို အရဲစွန့် ဖွင့်ဝင်ကြည့်လိုက်တော့ ဆူဂန်သီနီရဲ့ အခန်း ဖြစ်နေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ဆူဂန်သီနီကို တွေ့လိုက်ရပါတယ်။
ဆူဂန်သီနီကို အသာလေး နှိုးလိုက်တော့ လန့်အော်တော့မလို ဖြစ်သွားပြီး အော်ဟစ် အကူအညီတောင်းမလို့ လုပ်နေတုန်းမှာ သူ့အတန်းဖော် တက်ဒ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
"ဒီမှာ ဘာလာလုပ်နေတာလဲ"လို့ ဆူဂန်သီနီက မေးတော့ "ခင်ဗျားကို ချစ်မိနေလို့ အရောက်လာခဲ့တာပါ"လို့ တက်ဒ်က ပြန်ဖြေပါတယ်။
"ဒါပေမဲ့ မိုးလင်းရင် ဘယ်လိုလုပ်ကြမလဲ။ မနက်ကျရင် ကျွန်မက ကျောင်းသွားရမှာလေ"လို့ ဆူဂန်သီနီက ပြောပါတယ်။ တက်ဒ်က "စိတ်မပူပါနဲ့။ ခင်ဗျားရဲ့ ကုတင်အောက်မှာ ကျွန်တော် ပုန်းပြီး နေခဲ့မယ်"လို့ ပြန်ဖြေပါတယ်။ ပြောတဲ့အတိုင်း တက်ဒ် တကယ် လုပ်ခဲ့ပါတယ်။
ညဖက်ဆို ဆူဂန်သီနီက စားစရာတွေ အခန်းထဲ ခိုးယူလာပြီး တက်ဒ်ကို ကြွေးပါတယ်။ ရက်တွေ အတော် ကြာလာပြီးချိန်မှာတော့ ဆူဂန်သီနီဘက်ကလည်း တက်ဒ်ကို ချစ်ပါတယ်လို့ အဖြေပေးခဲ့ပါတယ်။ သူတို့နှစ်ယောက် သစ္စာရှိရှိ ဘယ်တော့မှ မခွဲဘူးလို့ သွေးဖောက် သစ္စာဆိုခဲ့ကြပါတယ်။ ဆူဂန်သီနီရဲ့ မိဘတွေ မမိခင် အချိန်အထိ အဲဒီအခန်းထဲမှာ ၄၅ ရက်ကြာ တက်ဒ် ပုန်းနေခဲ့တာပါ။
ဆူဂန်သီနီကို တကယ်ချစ်တာ မဟုတ်ပါဘူးလို့ ပြောပြီး အဆက်ဖြတ်ဖို့ တက်ဒ်ကို ဆူဂမ်သီနီရဲ့ မိဘတွေက အတင်းအကျပ် ဖိအားပေးခဲ့ပါတယ်။ သူတို့လုပ်ခိုင်းသလိုတော့ တက်ဒ်က လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆူဂန်သီနီနဲ့ မပေါင်းရဘဲ အသက်ရှင်နေမယ့်အစား အသက်ပဲ အသေခံလိုက်တော့မယ်လို့ ကြွေးကြော်ပြီး သူ့ကိုယ်သူ ဓားနဲ့ ထိုးခဲ့ပါတယ်။ ဓားဒဏ်ရာနဲ့ တက်ဒ် ဆေးရုံ ရောက်နေတုန်း ဆူဂန်သီနီလည်း သေကြောင်းကြံဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မတတ်သာတဲ့အဆုံး သူတို့နှစ်ယောက်ကို မိဘတွေ သဘောတူ ခဲ့ရပါတယ်။
"ရူးသွပ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုနိုင်ပေမဲ့ တကယ်ဖြစ်ခဲ့တာပါ"လို့ အခုအခါ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ တက်ဒ် က ပြန်ပြောပြပါတယ်။ "ကျွန်တော် သူ့ကို တကယ့်မေတ္တာစစ်နဲ့ ချစ်ခဲ့တာပါ"
ဒါပေမဲ့လည်း ဆူဂန်သီနီရဲ့ နှလုံးသားကို သိမ်းပိုက်လိုက်နိုင်ခဲ့တဲ့အတွက် ကိုယ့်ဘဝကို ပိုတိုးတက် ကောင်းမွန်အောင် လုပ်မှ ဖြစ်တော့မယ် ဆိုတာကို သူသိထားပါတယ်လို့ တက်ဒ်က ပြောပါတယ်။
သူတို့နှစ်ဦး လက်ထပ်ပြီး မိသားစုဘဝ တည်ဆောက်ခဲ့ကြပါတယ်။ အစိုးရတပ်တွေနဲ့ ပိုပေါ့ ဦးဆောင်တဲ့ ကွန်မြူနစ် ခမာနီတပ်တွေအကြား ပြည်တွင်းစစ် မဖြစ်ခင် ၁၉၇၀ ခုနှစ်လောက်အထိ သူတို့ ဘဝ အဆင်ပြေ ချောမွေ့နေခဲ့ပါတယ်။
ဘာသာစကား လေးမျိုး ပြောနိုင်တဲ့ တက်ဒ်ကို ထိုင်းနိုင်ငံမှာ ဆက်သွယ်ရေး အရာရှိ လုပ်ဖို့ ဆူဂန်သီနီရဲ့ ခဲအို ဗိုလ်ချုပ်ကြီး ဆက် ဆွတ်ဆာခန်းက ကမ်းလှမ်းခဲ့ပါတယ်။ ဗိုလ်မှူးရာထူး ချက်ချင်း ခန့်လိုက်တဲ့အတွက် တက်ဒ်တို့ မိသားစု ဘန်ကောက်ကို ပြောင်းခဲ့ကြပါတယ်။ သူ့စစ်သားတွေအတွက် လခထုတ်ဖို့ ကမ္ဘောဒီးယားကို လစဉ် ပြန်ရပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားမှာ အခြေအနေတွေက တဖြည်းဖြည်း ဆိုးလာနေပြီး သူနောက်ဆုံး တစ်ခေါက် ပြန်တဲ့အချိန် ၁၉၇၅ ခုနှစ် ဧပြီလမှာ ခမာနီတွေရဲ့ လက်ထဲ ဖနွမ်းပင်မြို့တော် ကျသွားခဲ့ပါတယ်။ ဖနွမ်းပင်က ထွက်ခွာတဲ့ နောက်ဆုံးလေယာဉ်နဲ့ တက်ဒ် ကိုယ်လွတ်ရုန်း ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆူဂန်သီနီရဲ့ မိဘတွေကတော့ ကျန်ခဲ့ပါတယ်။ ခမာနီတွေ ကွပ်မျက်တာကို ပထမဆုံး ခံရတဲ့ သူတွေထဲမှာ သူ့မိဘတွေ ပါခဲ့တယ် ဆိုတဲ့ သတင်းကို နောက်ပိုင်းမှာ ဆူဂန်သီနီ ကြားခဲ့ရပါတယ်။
အဲဒီနောက် တစ်လအကြာမှာ အမေရိကန် သမ္မတ ဂျယ်ရယ်လ် ဖို့ဒ်က ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက ဒုက္ခသည် တစ်သိန်း သုံးသောင်းကို အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် ပြုသင့်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ "အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းက ရွှေ့ပြောင်းလာသူတွေနဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံ ဖြစ်တယ်။ လူသားချင်းစာနာ ထောက်ထားမှုကို အမြဲ အလေးထားတဲ့ နိုင်ငံ ဖြစ်တယ်" ဆိုပြီး ဝေဖန်သူတွေကို ပြောခဲ့ပါတယ်။
တက်ဒ်နဲ့ ဆူဂန်သီနီတို့ သူတို့ရှိသမျှ ချရောင်းပြီး ကလေး သုံးယောက်၊ မွေးစား တူတစ်ယောက်၊ တူမ နှစ်ယောက်နဲ့ အတူ ပထမဆုံး ဒုက္ခသည်အသုတ် တစ်သုတ်နဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်လာခဲ့ကြပါတယ်။
သူတို့မိသားစုကို ပန်ဒယ်လ်တန် ရေတပ် လေ့ကျင့်ရေးစခန်းက တက်သုတ်ရိုက် ဆောက်ထားတဲ့ ဒုက္ခသည်စခန်း တစ်ခုမှာ နေရာချခဲ့ပါတယ်။ စခန်းထဲက ထွက်ပြီး အပြင်မှာ အလုပ်ရှာနိုင်ဖို့အတွက် နေစရာနဲ့ အလုပ်ပေးမယ့် အမေရိကန်နိုင်ငံသား စပွန်ဆာတစ်ဦး လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ted Ngoy
တခြား မိသားစုတွေ တစ်စုပြီးတစ်စု စခန်းထဲက ထွက်ခွာသွားကြတာကို သီတင်းပတ်ပေါင်းများစွာ ထိုင်ကြည့်နေခဲ့ရပြီး နောက်ဆုံးမှာ လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့ တောင်ဘက် ၃၅ မိုင်အကွာ အောရင့်ဂျ် ကောင်တီပြည်နယ် တပ်စ်တင်မြို့ ဘုရားကျောင်းတစ်ခုက သင်းအုပ်ဆရာတစ်ဦးက သူတို့ကို စပွန်ဆာ ပေးခဲ့ပါတယ်။
အဲဒီဘုရားကျောင်းမှာ သန့်ရှင်းရေး အလုပ်သမားအဖြစ် တက်ဒ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝင်ငွေ တစ်လ ဒေါ်လာ ၅၀၀ နဲ့ မိသားစုကို ကျွေးဖို့ လောက်မှာမဟုတ်ဘူး ဆိုတာကို သူချက်ချင်း သဘောပေါက်ခဲ့ပါတယ်။သင်းအုပ်ဆရာရဲ့ ခွင့်ပြုချက်နဲ့ အပြင်ထွက်ပြီး သူ အလုပ်နှစ်ခု လုပ်ခဲ့ပါတယ်။ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ အရောင်းဝန်ထမ်း အလုပ်နဲ့ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ ဓာတ်ဆီဆိုင် ဝန်ထမ်း အလုပ်တွေပါ။
သူအလုပ်လုပ်တဲ့ ဓာတ်ဆီဆိုင်နားမှာ DK Donuts လို့ခေါ်တဲ့ ဒိုးနပ်ဆိုင် တစ်ဆိုင် ရှိပါတယ်။ မုန့်အနံ့က မွှေးနေပြီး သူပထမဆုံး မြည်းစားကြည့်တဲ့အချိန်မှာ မွေးရပ်မြေ ကမ္ဘောဒီးယားမှာ စားခဲ့ရတဲ့ နွမ်ကွန်း လို့ခေါ်တဲ့ အလားတူ မုန့်လက်ကောက်ကြော် တစ်မျိုးကို ပြန်အမှတ်ရစေခဲ့ပါတယ်။ "အိမ်ကို လွမ်းလိုက်တာ မပြောပါနဲ့တော့"လို့ တက်ဒ်က ပြောပါတယ်။
ကော်ဖီနဲ့ ဒိုးနပ်မုန့်တွေ တစ်ညလုံး ရောင်းနေရတာကို တွေ့နေရလို့ ဒီစီးပွားရေးက အလုပ်ဖြစ်မယ်လို့ သူသဘောပေါက်ခဲ့ပါတယ်။
တစ်ညမှာ အဲဒီဆိုင်ကောင်တာက အမျိုးသမီးကို သူမေးကြည့်ပါတယ်။ ဒေါ်လာ ၃ ထောင်လောက် ရှိရင် ဒိုးနပ်ဆိုင် တစ်ဆိုင် ဝယ်လို့ ရသလားပေါ့။ အဲဒီအမျိုးသမီးက အဲဒီလို သွားဝယ်ရင် ပိုက်ဆံ ဖြုန်းပစ်တာနဲ့ အတူတူပဲ။ အဲဒီလို လုပ်မယ့်အစား ဒိုးနပ်ဆိုင်ခွဲတွေ အများကြီး ဖွင့်ထားတဲ့ Winchell's ဆိုတဲ့ ဒိုးနပ်မုန့်ဆိုင်ကြီးရဲ့ မုန့်ဖုတ်သင်တန်းကို သွားတက်ပါလား လို့ သူ့ကို အကြံပေးပါတယ်။ အဲဒီနောက်မှာ တက်ဒ်ဟာ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံသား မုန့်ဖုတ်သင်တန်းသား ဖြစ်လာခဲ့ပါတယ်။
"မုန့်ဘယ်လို ဖုတ်ရမလဲ။ အလုပ်သမား လစာတွေ ဘယ်လိုကြီးကြပ်ရမလဲ ဆိုတာကအစ သန့်ရှင်းရေး၊ ရောင်းရေးဝယ်ရေး အဆုံး အားလုံး ကျွန်တော် သင်ယူတတ်ကျွမ်းခဲ့ပါတယ်"လို့ တက်ဒ်က ပြန်ပြောပြပါတယ်။
သူတတ်ခဲ့တဲ့အထဲမှာ လျှို့ဝှက်ချက်တစ်ခုက မုန့်တွေ အမြဲ လတ်လတ်ဆတ်ဆတ် ဖြစ်နေအောင် နည်းနည်းချင်း ဖုတ်ဖို့ပါ။ မုန့်တွေ တစ်နေ့လုံး မပြတ် ဖုတ်နေလို့ ထွက်လာတဲ့ မုန့်ဖုတ်နံ့ သင်းသင်းက လူတွေ မုန့် လာဝယ်ချင် အောင် ဆွဲဆောင်နိုင်တဲ့ အကောင်းဆုံး ကြော်ငြာနည်း တစ်ခုပါ လို့ သူက ပြောပါတယ်။
မုန့်ဖုတ်သင်တန်း ၃ လ တက်ပြီးသွားတဲ့အခါ Winchell's ကုမ္ပဏီက တပ်စတင်မြို့နဲ့ သိပ်မဝေးလှတဲ့ နယူးပို့တ်မြို့က ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ဘာလ်ဘိုအာ ဆိပ်ခံတံတား နေရာမှာ ဆိုင်ခွဲ တစ်ခု ဖွင့်ခွင့် ပြုခဲ့ပါတယ်။
တက်ဒ်ရဲ့ ဇနီး ဆူဂန်သီနီက အင်္ဂလိပ်လို လုံးဝ မပြောတတ်ပေမဲ့ ဆိုင်ကောင်တာမှာ ထိုင်ပြီး မျက်နှာချိုချိုနဲ့ မုန့်ရောင်းတဲ့သူ ဖြစ်လာခဲ့ပါတယ်။ တက်ဒ် ကတော့ ညဘက်မှာ တစ်ညလုံး မုန့်တွေ ဖုတ်ပါတယ်။ မီးဖိုချောင်ထဲမှာ သူအလုပ်လုပ်နေတုန်း သူ့ဘေးမှာ အိပ်လေ့ရှိတဲ့ သားအငယ်ဆုံး ခရစ်စ် ဆိုရင် ဂျုံမှုန့်တွေ ပေလူးနေတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ted Ngoy
သူတို့မိသားစုဟာ ချွေချွေတာတာ ခြိုးခြံပြီး အလုပ်သမားမငှားဘဲ ကိုယ်တိုင် ပန်းကန်ဆေး၊ ကော်ဖီဇွန်း အဟောင်းတွေတောင် ပြန်ဆေး သုံးခဲ့လို့ Winchell's ကုမ္ပဏီကြီးက သတိပေး ကြိမ်းမောင်းခဲ့ရတဲ့အထိ ပါပဲ။
ကုမ္ပဏီမှာ ပိုနေတဲ့ ပန်းရောင် ဒိုးနပ်ဘူးတွေကို တက်ဒ်က လျှော့စျေးနဲ့ ပြန်ဝယ်ပြီး သုံးလေ့ရှိတာမို့ ပန်းရောင် ဒိုးနပ်ဘူးတွေက သူ့ရဲ့ အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။
သူတို့မိသားစုဟာ တစ်နေ့ကို ၁၂ နာရီကနေ ၁၇ နာရီအထိ မပြတ်တမ်း အလုပ်လုပ်ကြပါတယ်။ သီတင်းပတ်ကုန် ရက်တွေ ဆိုရင် အဲဒီတုန်းက အသက် ၉ နှစ်နဲ့ ၈ နှစ်ပဲ ရှိကြသေးတဲ့ ချက်နဲ့ ဆက်ဗီ တို့ သားသမီး အကြီး နှစ်ယောက်က ကော်ဖီငှဲ့ပေးတာ၊ မုန့်ထုပ်ပေးတာ၊ မုန့်ဘူးပြင်ပေးတာတွေ လုပ်ပေးခဲ့ကြပါတယ်။ ကျောင်းဖွင့်ရက်တွေ မှာတော့ သူတို့ ကျောင်းသွားကြပါတယ်။ တစ်ခါတလေဆို ဗိုက်ဆာလွန်းလို့ တခြားကလေးတွေရဲ့ ထမင်းဘူးတွေကို ခိုးစားတဲ့အထိ ဖြစ်ခဲ့ပါတယ်။
တစ်နှစ်အတွင်းမှာ ငွေစုနိုင်ခဲ့ပြီး ဒုတိယ ဒိုးနပ်ဆိုင်ဖွင့်ဖို့ စရန်ငွေ ပေးနိုင်ခဲ့ပါတယ်။ ဒုတိယဆိုင်ကို Christy's ဆိုင်လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီဆိုင်မှာလည်း ခင်မင်နှစ်လိုဘွယ် အပြုံးမျက်နှာနဲ့ ဆူဂန်သီနီကပဲ အရောင်းကောင်တာမှာ ဖောက်သည်တွေနဲ့ ဆက်ဆံရသူ ဖြစ်လာခဲ့ပါတယ်။ သူ အမေရိကန်နိုင်ငံသား ဖြစ်လာတဲ့အခါမှာ ဆူဂန်သီနီ ဟာ သူ့နာမည်ကို ခရစ်စ်တီ လို့ ပြောင်းခဲ့ပါတယ်။
ဆိုင်၂ ဆိုင်ကို တစ်နှစ်လောက် ဖွင့်ခဲ့အပြီး ဒေါ်လာ လေးသောင်း စုမိလာတော့ လုပ်ငန်းတိုး ချဲ့ဖို့ တက်ဒ်က ဆုံးဖြတ်ခဲ့ပါတယ်။ ပိုကြီးတဲ့ ဒိုးနပ်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး သူတို့ပိုင် Christy's ဆိုင်ကို အခြားဆိုင်မှာ လစာနည်းနည်းနဲ့ လုပ်နေတဲ့ ကမ္ဘောဒီးယား ဒုက္ခသည် မိသားစုတစ်စုကို ပြန်ငှားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမိသားစုကို မုန့်ဖုတ် သင်တန်းပေးပြီး ဆိုင်သော့တွေ အပ်လိုက်ပါတယ်။
အဲဒီကနေ တက်ဒ်ဟာ နောက်ထပ် ဒိုးနပ်ဆိုင်တွေ လိုက်ရှာဝယ်ပြီး ဘဝတူဒုက္ခသည်တွေကို အငှားချဖို့ စလုပ်ခဲ့ပါတယ်။ "ကိုယ့်ပိုက်ဆံကို သုံးပြီး တခြားသူတွေကို အကူအညီပေးရတာဟာ အရမ်းကို အားကောင်းတဲ့ ခံစားချက်မျိုး ခံစားရတယ်"လို့ တက်ဒ်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ted Ngoy
အလုပ်တွေ ကျုံးလုပ်နေရတဲ့အတွက် မွေးရပ်ဇာတိ ကမ္ဘောဒီးယားမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ တက်ဒ်နဲ့ ခရစ်စ်တီ တို့ မသိခဲ့ကြပါဘူး။ ဒါပေမဲ့ အခြေအနေ အတော်ဆိုးတယ်လို့တော့ ကြားထားပါတယ်။ အဲ့ဒီမှာ ကျန်ခဲ့တဲ့ မိသားစုဆွေမျိုးတွေအတွက် ဝမ်းနည်း ယူကျုံးမရ ဖြစ်ခဲ့ရပြီး အမြဲ ဆုတောင်းပေးနေခဲ့ပါတယ်။
ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီ ကွန်မြူနစ်အစိုးရ လက်အောက်မှာ ပြည်သူပိုင်လယ်ယာတွေမှာ လူတွေ အတင်းအဓမ္မ အလုပ် စေခိုင်းခံခဲ့ရသလို ငွေကြေးချမ်းသာသူတွေ၊ ပညာတတ်တွေ ဆိုရင် နှိပ်စက် သတ်ဖြတ်ခံခဲ့ကြရပါတယ်။ လေးနှစ်ကျော် ကာလအတွင်း ကမ္ဘောဒီးယား လူမျိုး ၂ သန်းနီးပါး ကွပ်မျက် သတ်ဖြတ်ခံရရင် ခံရ မဟုတ်ရင် အစာငတ်လို့ ဒါမှမဟုတ် ရောဂါဘယကြောင့် ဖြစ်ဖြစ်၊ အလုပ် မတန်တဆ လုပ်ရလို့ ဖြစ်ဖြစ် သေဆုံးခဲ့ရပါတယ်။
၁၉၇၈ ခုနှစ်မှာတော့ ဗီယက်နမ်တပ်တွေ ဝင်ရောက်ကျူးကျော်ပြီး ၁၉၇၉ခုနှစ်မှာ ပိုပေါ့အစိုးရကို ဖြုတ်ချခဲ့တာတွေကြောင့် ကမ္ဘောဒီးယား ဒုက္ခသည်တွေ အမေရိကန်နိုင်ငံဆီ နောက်တစ်ကျော့ အလုံးလိုက် အရင်းလိုက် ရောက်လာခဲ့ကြပြန်ပါတယ်။ တက်ဒ်ရဲ့ မိဘတွေနဲ့ ညီမတွေက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာခဲ့ကြပါတယ်။ သူတို့ကို အမေရိကန်မှာ နေဖို့ စပွန်ဆာ ပေးနိုင်သလားလို့ အမေရိကန်သံရုံးက တက်ဒ်ကို ဖုန်းဆက် မေးပါတယ်။ တက်ဒ်က သဘောတူခဲ့ပြီး သူ့ညီမတွေကိုလည်း ဒိုးနပ်ဆိုင်တွေ ဖွင့်ပေးခဲ့ပါတယ်။
အဲဒီနောက်မှာ သူ့ကို စပွန်ဆာ လုပ်ခိုင်းတဲ့ ဆွေမျိုးတွေ ထပ်ထပ် ပေါ်လာပါတယ်။ အဲဒီထဲက တချို့က ဝမ်းကွဲမောင်နှမတွေ၊ ဦးလေးတွေ၊ တူမတွေပါ။ "ဒါပေမဲ့ အတော်များများကတော့ ဘာမှ အမျိုးမတော်ပါဘူး။ တစ်ရွာတည်း နေခဲ့ဖူးသူတွေ ဒါမှမဟုတ် ကျွန်တော့်နာမည် ကြားဖူးတဲ့သူတွေပါ။ သံရုံးကို လိမ်ပြောတာကတော့ သူတို့ကို အပြစ်ဆိုလို့ မရပါဘူး။ ဘယ်သူမဆို ဘဝရှင်သန်ဖို့ အခွင့်အရေးတစ်ခု လိုတာပဲလေ။ ဒီတော့ ကျွန်တော့်ဘက်ကလည်း ကူပေးလိုက်ပါတယ်။ ကူနိုင်သလောက် လူတွေကို ကူပေးခဲ့ပါတယ်"လို့ တက်ဒ်က ပြောပြပါတယ်။
နောက်နှစ်ပေါင်းများစွာအတွင်း တက်ဒ်နဲ့ ခရစ်စ်တီ တို့ဟာ မိသားစု ၁၀၀ ကျော်လောက်ကို အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရဖို့ စပွန်ဆာ တာဝန်ယူခဲ့ပါတယ်။ အဲဒီလူအတော်များများကို သူတို့အိမ်မှာ လက်ခံကျွေးထားပြီး အိမ်တွေ၊ ချေးငွေတွေ ရအောင်၊ ဒိုးနပ်ဆိုင်တွေ ဖွင့်နိုင်အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ဖို့ တခြားလူတွေကိုလည်း တက်ဒ်က တိုက်တွန်းခဲ့ပါတယ်။
ကမ္ဘောဒီးယားလူမျိုးတွေဟာ အလွန် အလုပ်ကြိုးစားပါတယ်။ မိသားတစ်စုလုံး ပြောင်းလာကြပြီး ဝိုင်းလုပ် ဝိုင်းစားကြတဲ့အတွက် အပြင်လူကို လခ ပေးစရာ မလိုတော့ပါဘူး။ ဒိုးနပ်ဆိုင်လုပ်ငန်းဟာ ဒုက္ခသည်တွေ အခြေချဖို့ အထောက်အကူပေးတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပြီး အကျိုးအမြတ် ခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကမ္ဘောဒီးယား လူမျိုးတွေ ပိုင်တဲ့ ဒိုးနပ်ဆိုင်တွေ ဘယ်လောက်များလာသလဲ ဆိုရင် ဒိုးနပ်ဆိုင် စျေးကွက်ကြီးကို သူတို့ လွှမ်းမိုးသွားခဲ့ပြီး Winchell's ကုမ္ပဏီတောင် ဒုတိယနေရာ ရောက်သွားခဲ့ရပါတယ်။
ဒါကိုတော့ တက်ဒ်က စိတ်မကောင်း ဖြစ်မိပါတယ်။ "Winchell's ကုမ္ပဏီက ကုမ္ပဏီကောင်းတစ်ခုပါ။ ကုမ္ပဏီရဲ့ ကျေးဇူးတွေကို ကျွန်တော် ဆပ်လို့ မကုန်ပါဘူး"လို့ တက်ဒ်က ပြောပါတယ်။ "ကမ္ဘောဒီးယား လူမျိုးတွေလည်း ဒီကုမ္ပဏီရဲ့ ကျေးဇူးတွေ အများကြီးရှိပါတယ်"

ဓာတ်ပုံ ရင်းမြစ်, Ted Ngoy
အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် သူတို့မိသားစု ရောက်လာခဲ့အပြီး ၁၀နှစ်အကြာ ၁၉၈၅ ခုနှစ်မှာ တက်ဒ်နဲ့ ခရစ်စ်တီတို့ ဒိုးနပ်ဆိုင် ၆၀ လောက် ပိုင်ထားခဲ့ပါပြီ။ ကိုယ်တိုင်လည်း မီလျံနာ သန်းကြွယ်သူဌေးတွေ ဖြစ်နေကြပါပြီ။
ကမ္ဘောဒီးယားလူမျိုး အတော်များများကို စပွန်ဆာနဲ့ တာဝန်ယူ ခေါ်ခဲ့တဲ့ တက်ဒ်ကို ဒိုးနပ်ဘုရင်ကြီး ဒါမှမဟုတ် အန်ကယ်တက်ဒ် ဆိုပြီး လူသိများကြပါတယ်။ သူတို့လင်မယားမှာ ဇိမ်ခံကားသစ်ကြီးတွေနဲ့အတူ ရေကူးကန်၊ ဓာတ်လှေကား ပါတဲ့ ဒေါ်လာသန်းချီတန် အိမ်ကြီးတစ်လုံးကို ပိုင်ထားပြီး နိုင်ငံရပ်ခြားကိုလည်း အားလပ်ရက် အပျော်ခရီး မကြာခဏ ထွက်နိုင်နေကြပါပြီ။
"အမေရိကန် အိမ်မက်ကို ကျွန်တော် အကောင်အထည် ဖော်နိုင်ခဲ့တယ်"လို့ တက်ဒ်က ပြောပါတယ်။
"ကျွန်တော်တို့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ကြတယ်။ လောင်းကစားက ကျွန်တော့်ဘဝကို မဖျက်ဆီးပစ်ခင် အချိန်အထိပေါ့။ လောင်းကစားဟာ ကျွန်တော့်ဘဝရဲ့ ဝမ်းနည်းစရာ အကောင်းဆုံး အပိုင်း ဖြစ်ခဲ့ပါတယ်" လို့ တက်ဒ်က ပြောပါတယ်။
တက်ဒ်ရဲ့ ဘဝကျဆုံးမှုဟာ လာ့စ်ဗီးဂက်စ်မြို့မှာ ကြုံခဲ့ရတာပါ။
တက်ဒ်နဲ့ ခရစ်စ်တီ တို့ရဲ့ လာ့စ်ဗီးဂက်စ် အစပိုင်း မိသားစုအပျော်ခရီးတွေက အဆင်ပြေခဲ့ပါတယ်။
အဲဒီမှာ မျက်လှည့်ပွဲ ကြည့်ခဲ့ကြသလို အဆိုတော်ကြီး အဲလ်ဗစ်စ်ရဲ့ ဖျော်ဖြေပွဲတောင် သွားကြည့်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်း ခရီးစဉ်တွေမှာတော့ တက်ဒ် တစ်ယောက် လောင်းကစားရုံကြီးတွေဆီ စမ်းပြီး သွားခဲ့ရာကနေ လာ့စ်ဗီးဂက်စ်ရဲ့ လောင်းကစား နွံထဲကနေ ရုန်းမထွက်နိုင် ဖြစ်ခဲ့ရပါတော့တယ်။
"အရင်ကဆို ကျွန်တော် တစ်ခါမှ လောင်းမကစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ တခြားလူတွေလိုပဲပေါ့။ ကျွန်တော်လည်း အစမှာ အပျော်သဘော ၁၀ ဒေါ်လာ၊ ၂၀ ဒေါ်လာလောက်ပဲ စမ်းလောင်းခဲ့တာပါ။ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ လောင်းကစားချင်စိတ်က သွေးထဲရောက်သွားပြီး ပြန်ရုန်းထွက်လို့ မရတော့ဘူး"လို့ တက်ဒ်က သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။
ကာစီနို လောင်းကစားရုံတွေက ငွေအများကြီး လောင်းနိုင်တဲ့ တက်ဒ် ကို တည ဒေါ်လာ ၂ ထောင်လောင်းတဲ့ အခန်းတွေထဲမှာ ကစားခွင့် ပေးခဲ့ပြီး ထိတ်ထိတ်ကြဲ ပွဲတွေအတွက် VIP လက်မှတ်တွေ ပေးပြီး ဖိတ်ခေါ်ခဲ့ပါတယ်။
နောက်တော့ တက်ဒ် ဟာ ရက်နဲ့ချီကြာ လာ့စ်ဗီးဂက်စ်မှာ ပျောက်နေတတ်ပါတယ်။ လောင်းကစားပွဲ တစ်ပွဲကို ဒေါ်လာ ၅ ထောင်၊ ဒေါ်လာ ၇ ထောင် ရှုံးလေ့ရှိပြီး သူ့မိသားစုနဲ့ ဒိုးနပ်အင်ပါယာ လုပ်ငန်းကြီးကိုပါ လှည့်မကြည့်တော့ပါဘူး။
"စီးပွားရေးကို ဂရုစိုက်ဖို့ အချိန်မပေးနိုင်တော့လို့ စီးပွားကျလာတယ်။ လုပ်ငန်းချဲ့ထွင်ဖို့လည်း အချိန်မရှိခဲ့ဘူး။ တကယ့်ကို ကပ်ဆိုက်ခဲ့တာပါပဲ"လို့ တက်ဒ်က ပြောပြပါတယ်။
ခရစ်စ်တီက ကလေးတွေကို ခေါ်ပြီး ကာစီနိ လောင်းကစားရုံတွေထဲမှာ တက်ဒ်ကို လိုက်ရှာရပါတယ်။ ခရစ်စ်တီ မတွေ့အောင် လောင်းကစားစက်ကြီး နောက်မှာ သူပုန်းနေခဲ့ရတာကိုလည်း တက်ဒ်က ပြန်အမှတ်ရနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တက်ဒ် လောင်းကစား နိုင်တဲ့အခါတိုင်း မိသားစုနဲ့ အတူတူ ပျော်ပွဲဆင်ကြပါတယ်။ ရှုံးလာရင်တော့ သူက ရှုံးမဲမဲပြီး ပြဿနာရှာတတ်ပါတယ်။ တံခါးတွေ ရိုက်ချိုး၊ ပရိဘောဂတွေ ဖျက်ဆီးတဲ့အတွက် ကလေးတွေ ကြောက်လန့်ရပါတယ်။
အဲဒီလို ရှုံးပြီးရင် သူရှုံးထားတာတွေ ပြန်ရအောင် လုပ်ဖို့ လာ့စ် ဗီးဂက်စ်ကို ပြန်သွားပြီး ထပ်ကစားပြန်ပါတယ်။
"များများ လောင်းကြေးထပ်လေ၊ များများ ပိုရှုံးလေ ဖြစ်ခဲ့တယ်"လို့ ဒိုးနပ် ဘုရင်ကြီး လို့ အမည်ပေးထားတဲ့ သူ့ဘဝ အနိမ့်အမြင့် အတက်အကျအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ထဲမှာ တက်ဒ်က ပြောခဲ့ပါတယ်။
"ကျွန်တော့ကိုယ်ထဲမှာ မကောင်းဆိုးဝါး၊ မိစ္ဆာကောင် ဝင်စီးနေခဲ့သလိုပါပဲ"
ခရစ်စ်တီဟာ တက်ဒ် လုပ်သမျှ အမြဲ ခွင့်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တက်ဒ်က စိတ်ချရတဲ့သူ မဟုတ်တော့ဘူး ဆိုပြီး လူပြောသူပြော များလာခဲ့ပါတယ်။ "ကျွန်တော်ဟာ တော်တော်ကြီးကို ဆိုးလွန်းတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီး ဟိုမှာ ပိုက်ဆံလိုက်ချေး၊ ဒီမှာ ပိုက်ဆံလိုက်ချေး လုပ်လာခဲ့ပါတယ်"လို့ တက်ဒ်က ပြောပြပါတယ်။
သူ အရင်က ဒိုးနပ်ဆိုင်အငှားချထားတဲ့ သူတချို့ဆီကနေ ငွေချေးပါတယ်။ ချေးတဲ့ငွေ ဆုံးသွားရင် ခရစ်စ်တီ့ကို မပြောဘဲ ခရစ်စ်တီ့ လက်မှတ်အတု ထိုးပြီး ဆိုင်ကို ထိုးအပ်ခဲ့ပါတယ်။
တက်ဒ်ဟာ သူ့ရဲ့ လောင်းကစား အကျင့်ကို ဖျောက်နိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ လောင်းကစားစွဲနေတဲ့ သူတွေ ပြန်ကောင်းလာဖို့ ကူညီပေးနေတဲ့ အဖွဲ့နဲ့လည်း ဆက်သွယ်ခဲ့ပေမယ့် လောင်းကစား စားပွဲဝိုင်းတွေဆီ ပြန်ရောက်သွားရင် စိတ်မထိန်းနိုင်တော့ပါဘူး။
"ကျွန်တော်လည်းငို၊ မိသားစုအားလုံးလည်း ငိုကြတယ်။ ပြီးရင် လောင်းကစားခုံဆီ ပြန်ရောက်သွားတာပဲ"လို့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ သူက ပြောပြပါတယ်။
လောင်းကစားဖြတ်ဖို့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီး နှစ်ကြိမ် ဝတ်ခဲ့ပါတယ်။ ခေါင်းတုံးတုံးပြီး ဖိနပ်ဗလာနဲ့ ထိုင်းမှာ ၃ လ ဘုန်းကြီးဝတ်လိုက်လို့ လူသစ်စိတ်သစ် ဖြစ်သွားပြီလို့ ထင်ပြီး အိမ်ကို ပြန်လာခဲ့ပေမယ့် နောက်သိပ်မကြာပါဘူး။ သီတင်းပတ်ပိုင်းအတွင်း ဗီးဂက်စ်ကို သွားမယ့် လေယာဉ်ပေါ်ကို သူရောက်နေပါပြီ။
"ဒါက ငွေကြေးနဲ့ လားလားမှ မပတ်သက်ဘူး ဆိုတာကို ရှင်းပြဖို့က အတော်ခက်ပါတယ်။ ကျွန်တော်က စိတ်ခံစားမှုတစ်ခုကို စွဲမက်နေတာပါ။ ငွေက အဲဒီအဆိပ် ကိုယ်ထဲ ဝင်အောင် ထိုးပေးတဲ့ ဆေးထိုးအပ်နဲ့ အလားတူပါတယ်"လို့ ဒိုးနပ် ဘုရင်ကြီးလို့ပဲ အမည်ပေးထားတဲ့ သူ့ရဲ့ ကိုယ်ရေး အထုပတ္တိစာအုပ်ထဲမှာ ရေးထားပါတယ်။
တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ သူနဲ့ ခရစ်စ်တီတို့မှာ ဒိုးနပ်ဆိုင် တစ်ဆိုင်ပဲ ကျန်တော့ပြီး အဲဒီဆိုင်ကိုလည်း ရောင်းပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆိုင်ရောင်းရငွေတွေကို သွားယူဖို့ သူတို့လင်မယားကို သားအငယ်ဆုံး ခရစ်စ်က ကားမောင်းပို့ခဲ့ပါတယ်။ အဲဒီမှာ အကြီးအကျယ် ဒုက္ခတွေ့ခဲ့တော့တာပါ။
ကားနောက်ခန်းထဲမှာ ငွေသား ဒေါ်လာ ၈ သောင်းခွဲ ထည့်ပြီး ပြန်လာချိန်မှာ သူတို့ကားကို ရဲက တားပါတယ်။ သူတို့မှာ ပေးစရာအကြွေးတွေ ကျန်နေတော့ သူတို့စီးလာတဲ့ကားက ခိုးလာတဲ့ ကားဆိုပြီး အတိုင်ခံထားရတာပါ။
သူတို့ ၃ ယောက်စလုံးကို ရဲဌာနကို ခေါ်သွားပြီး စစ်ဆေးမေးမြန်းပါတယ်။ ကြောက်လန့်ပြီး ကားနောက်ခန်းထဲမှာ ပိုက်ဆံတွေ ပါလာတယ်ဆိုတာကို ပြောမပြခဲ့ပါဘူး။ သူတို့ကို ရဲက ပြန်လွှတ်ပေးလိုက်ချိန်မှာတော့ ကားနောက်ခန်းထဲမှာ ပိုက်ဆံတွေ မရှိတော့ပါဘူး။
"အတော်လေး ယူကြုံးမရစရာ ကောင်းတဲ့ အဖြစ်နဲ့ ကြုံခဲ့ရတာပါ"လို့ တက်ဒ်က ပြောပါတယ်။
၁၉၉၃ ခုနှစ်မှာ တက်ဒ်နဲ့ ခရစ်စ်တီတို့ ကမ္ဘောဒီးယားနိုင်ငံကို ပြန်ပြောင်းလာခဲ့ကြပါတယ်။ အမေရိကန်က သူတို့ပိုင် အိမ်ကြီးရော၊ ဆိုင်ခွဲတွေရော အားလုံး ဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာ သက်တောင့်သက်သာ နေနိုင်လောက်အောင်တော့ သူတို့မှာ ငွေအလုံအလောက် ရှိနေပါသေးတယ်။ အခုချိန်မှာ တက်ဒ် စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ချင်တာ တစ်ခုက နိုင်ငံရေးပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်တွင်းစစ်ကြီး ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲကြီး ကျင်းပဖို့ လုပ်နေချိန်ပါ။ တက်ဒ်က သူ့နိုင်ငံ ပြန်လည် ထူထောင်ရာမှာ ကူညီဆောင်ရွက်တဲ့အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်ခဲ့ပါတယ်။
ဒါ့အပြင် သူယူဆထားတာ တစ်ခုက သူ နိုင်ငံရေးသမား လုပ်ရင် လောင်းကစားအလုပ် လုပ်ခွင့်ရမှာ မဟုတ်ဘူး ဆိုတာပါ။ "ပြည်သူတွေဆီက ထောက်ခံမဲ လိုချင်ရင် လောင်းကစား လုပ်နိုင်မှာ မဟုတ်ဘူး။ နာမည်ပျက် ရှိရင် လူတွေက မဲပေးကြမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမယ် ဆိုပြီး ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ"
အမေရိကန်နိုင်ငံမှာ သူအကြီးအကျယ် အောင်မြင်နေချိန်တုန်းက သူဟာ ရီပတ်ဘလီကန်ပါတီရဲ့ အမာခံ ပါတီဝင် တစ်ဦး ဖြစ်ခဲ့ပြီး ပါတီအတွက် ရံပုံငွေတွေကို အားသွန်ခွန်စိုက် ရှာပေးခဲ့သူပါ။ သမ္မတဟောင်း ရစ်ချတ် နစ်ကဆင် နဲ့ရော၊ သမ္မတ ရီဂင်၊ သမ္မတ ဂျော့ဂျ် အိတ်ဂျ် ဒဘလျူ ဘွတ်ရှ်တို့နဲ့ပါ တွေ့ဆုံခဲ့ဖူးပါတယ်။ ဒီတော့ သူ့ရဲ့ နိုင်ငံရေးပါတီကို "Free Development Republican Party " "လွတ်လပ်သော ရီပတ်ဘလီကန် ဖွံ့ဖြိုးတိုးတက်ရေးပါတီ"လို့ တက်ဒ်က အမည်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ သူ့ပါတီကို အဲ့ဒီလို အမည်ပေးလိုက်တာက အမြင်လွဲမှားစရာ ဖြစ်သွားစေခဲ့ပါတယ်။ မဲဆန္ဒရှင် အတော်များများက သူဟာ ကမ္ဘောဒီးယား တော်ဝင်ဘုရင်မိသားစုကို ဆန့်ကျင်တဲ့သူအဖြစ် အထင်လွဲခဲ့ကြတဲ့ အတွက် ရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။ ဒါပေမဲ့ အစိုးရက သူ့ကို အစိုးရရဲ့ ကူးသန်း ရောင်းဝယ်ရေးနဲ့ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်တွင်းစစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့အတွက် ဆင်းရဲမွဲတေပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပါတယ်။ ထိုင်ဝမ်ရဲ့ စီးပွားရေးအောင်မြင်မှုကို အတုယူပြီး တက်ဒ်က ကမ္ဘောဒီးယားမှာ အမေရိကန် လာရောက် ရင်းနှီးမြှုပ်နှံလာအောင် သိမ်းသွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ လမ်းပွင့်လာမှာပါ။
"ကျွန်တော့်အိတ်ထဲက ကိုယ်ပိုင်ငွေ ဒေါ်လာတစ်သိန်းနဲ့ ကျွန်တော့်ရဲ့ အချိန်တွေ၊ ကျွန်တော့်မှာ ရှိသမျှ အားလုံးကို ကျွန်တော် ထုတ်သုံးခဲ့ပါတယ်"လို့ တက်ဒ်က ပြောပါတယ်။ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအဝင် ရီပတ်ဘလီကန်ပါတီ အသိုင်းအဝိုင်းတွင်းက အဆက်အသွယ်တွေကို သူစည်းရုံးခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အထူးအခွင့်အရေးရ နိုင်ငံအဆင့်ကို အမြဲရခဲ့ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံရေးထဲမှာ တက်ဒ် နှစ်မြုပ်ထားတဲ့အချိန်မှာ ခရစ်စ်တီက သူတို့မြေးလေး မွေးတော့မှာမို့ အမေရိကန်နိုင်ငံကို ခဏ ပြန်သွားပါတယ်။ သူမရှိတဲ့အချိန်မှာ တက်ဒ်က အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပါတယ်။ နှစ်ယောက်သား သွေးဖောက် သစ္စာဆိုထားတာကို တက်ဒ်ဘက်က ဖောက်ဖျက်ခဲ့တဲ့အတွက် အကြီးအကျယ် စိတ်နာသွားခဲ့ရတဲ့ ခရစ်စ်တီ က လင်မယား ကွာရှင်းဖို့ တရားရုံးမှာ လျှောက်တင်ခဲ့ပါတယ်။
၂၀၀၂ခုနှစ် ရောက်တဲ့အခါ တက်ဒ်မှာ ချွတ်ခြုံကျ မွဲတေနေပါပြီ။ သူ့မှာ ရှိသမျှ ငွေအားလုံးကို ရွေးကောက်ပွဲ ကိစ္စတွေနဲ့ အထွက်ကောင်း ဆန်စပါး မျိုးစပ်သစ်တစ်မျိုး ထုတ်ဖို့ လုပ်ခဲ့ရာမှာ သုံးခဲ့တဲ့အတွက် လက်ထဲမှာ ဘာမှ မကျန်တော့ပါဘူး။ အဲဒီနောက်မှာ သြဇာအရှိန်အဝါ ကြီးတဲ့ ပြိုင်ဘက် နိုင်ငံရေးသမားတစ်ဦးနဲ့ အဆင်မပြေ ဖြစ်ခဲ့ရာကနေ အသက်အန္တရာယ် စိုးရိမ်လာရတဲ့အတွက် အမေရိကန်နိုင်ငံကို ပြန်ပြေးလာခဲ့ရပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ကို သူခြေချတော့ သူ့အိတ်ထဲမှာ ငွေဒေါ်လာတစ်ရာတောင် မပြည့်ပါဘူး။ သူ့မိသားစုကလည်း သူ့ကို မတွေ့ချင်ကြတော့ပါဘူး။ သူ့ကို အလုပ်ပေးဖို့ နေနေသာသာ ဒိုးနပ်ဖုတ်ဖို့ အလုပ်တောင် ကမ်းလှမ်းမယ့်သူ မရှိတော့ပါဘူး။
သူ့မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ချစ်ခင်လေးစားမှုကို သူဆုံးရှုံးလိုက်ရပါပြီ။ ဒါဟာ သူ့ဘဝမှာ အနိမ့်ဆုံး အခြေအနေ ရောက်ခဲ့ရတာပါ။
"ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်လွန်းလို့ သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ပြီးတော့ လောင်းကစားကို မုန်းလာခဲ့တယ်။ လောင်းကစားကြောင့် ခရစ်စ်တီနဲ့ ကလေးတွေကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့မိတာတွေ ကြောင့်လည်း ကိုယ့်ကိုကိုယ် စက်ဆုပ်မိတယ်" လို့ သူကပြောပါတယ်။
ကမ္ဘောဒီးယား အဘွားကြီး တစ်ယောက်က သူ့အိမ်အဖီလေးမှာ နေခွင့် မပေးချိန်အထိ တက်ဒ်ဟာ ခရစ်ယာန် ဘုရားကျောင်းတွေမှာ တစ်ခုပြီးတစ်ခု ပြောင်းနေခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်တော် ရေချိုးချင်ရင် အိမ်ရှင်အဒေါ်ကြီးကို တံခါးသွားခေါက်ပြီး ရေချိုးခွင့် တောင်းရတယ်။ သူတံခါးဖွင့်ပေးမှ ရေချိုးရတယ်။ ထမင်းစားချိန်ဆိုရင်လည်း အိမ်ရှင်အဒေါ်ကြီးက တံခါးလာခေါက်ပြီး သူကျွေးမှ စားရတယ်"
တနင်္ဂနွေနေ့တွေမှာ အဲဒီအဒေါ်ကြီးရဲ့သား သင်းအုပ်ဆရာ လုပ်နေတဲ့ ခရစ်ယာန် ဘုရားကျောင်းကို သွားတက်ပါတယ်။ ကျမ်းစာသင်တန်းလည်း တက်ပါတယ်။ တက်ဒ်ဟာ ခရစ်ယာန်ဘာသာကို နက်နက်ရှိုင်းရှိုင်း ယုံကြည် သက်ဝင်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ကို ထွက်ပြေးလာတာ ၄ နှစ်ကြာခဲ့အပြီး လက်ထဲမှာ ပိုက်ဆံ တစ်ပြားတစ်ချပ်မှမရှိ ဖြစ်နေဆဲ အခြေအနေမှာပဲ တက်ဒ်ဟာ ကမ္ဘောဒီးယားကို ပြန်လာခဲ့ပါတယ်။ အိမ်မဲ့ယာမဲ့ ဘဝနဲ့ပဲ ထိုင်းပင်လယ်ကွေ့နားက ကက်ပ်ဆိုတဲ့ ကမ်းရိုးတန်းမြို့လေးဆီ သူပြောင်းလာခဲ့ပါတယ်။ သူ့ဘဝ ရပ်တည်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာပဲ သူခေတ်ကောင်းချိန်တုန်းက သိကျွမ်းခဲ့တဲ့ တရုတ်လူမျိုးတစ်ဦးက အိမ်ခြံမြေ အရောင်းအဝယ်တစ်ခုမှာ အကျိုးဆောင်ပေးဖို့ သူ့ကို ဆက်သွယ်လာပါတယ်။ တက်ဒ်က စျေးညှိတာ ကောင်းလို့ ကော်မရှင်ခ မြိုးမြိုးမြက်မြက် ရခဲ့ပါတယ်။
အဲဒီကနေ နောက်ထပ် ခြံမြေ အရောင်းအဝယ် လုပ်ငန်းတွေ ထပ်ရလာခဲ့ပြီး အခုဆိုရင် သန်းကြွယ်သူဌေး တစ်ဦး ပြန်ဖြစ်လာခဲ့ပါပြီ။ အခု သူ နောက်အိမ်ထောင် ပြုလိုက်ပြီး နောက်ထပ် သားသမီး ၄ ဦး ထပ်ရခဲ့ပါတယ်။ အငယ်ဆုံး ကလေးနှစ်ယောက်က အခု ကျောင်းနေတုန်း အရွယ်တွေပဲ ရှိပါသေးတယ်။
လော့စ်အိန်ဂျယ်လိစ်မြို့က ရုပ်ရှင်ဒါရိုက်တာ အဲလစ်စ် ဂူးနဲ့ အဆက်သွယ်မရခင် လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အချိန်အထိ တက်ဒ်က သိုသိုသိပ်သိပ်ပဲ နေခဲ့ပါတယ်။ အဲလစ်စ် ဂူး ကိုယ်တိုင်ကလည်း နိုင်ငံရွှေ့ပြောင်း အခြေချလာတဲ့ မိသားစုက လာခဲ့သူမို့ ကယ်လီဖိုးနီးယားပြည်နယ်က ဒိုးနပ်ဆိုင်အတော်များများဟာ ဘာကြောင့် ကမ္ဘောဒီးယားလူမျိုးပိုင်တွေ ဖြစ်နေတာလဲ ဆိုတာ သိချင်နေခဲ့တာပါ။
ပျမ်းမျှအားဖြင့်ဆိုရင် အမေရိကန်နိုင်ငံက နေရာအများစုမှာ လူ ၃ သောင်းလောက်အတွက် ဒိုးနပ်ဆိုင် တစ်ဆိုင်နှုန်းလောက် ဖွင့်ထားပေမဲ့ လော့စ်အိန်ဂျယ်လိစ်မြို့မှာတော့ လူ ၇ ထောင်မှာ တစ်ဆိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ အခုချိန်မှာ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ပုဂ္ဂလိကပိုင် ဒိုးနပ်ဆိုင် ၅ ထောင်မှာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဒီးယားလူမျိုးတွေ ပိုင်ဆိုင်ထားဆဲပဲလို့ အဲလစ်စ်က ပြောပါတယ်။
သူ့ရဲ့ ရုပ်ရှင်ဇာတ်လမ်းဟာ ဒုက္ခသည်တွေ အခွင့်အလမ်းတစ်ခု ရလာတဲ့အခါ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတဲ့အကြောင်း အပြုသဘော အလင်းပြပေးတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်လို့ အဲလစ်စ်က ပြောပါတယ်။
"ကုန်ကုန်ပြောရရင် ဒီဇာတ်လမ်းဟာ အမေရိကန်နိုင်ငံထဲကို ငွေတစ်ပြားတစ်ချပ်မှ မရှိဘဲ ဝင်လာတဲ့သူ တစ်ယောက်ရဲ့ အခက်အခဲတွေနဲ့ သူ့အိပ်မက်အကြောင်းတွေ၊ ဘဝကို သူဘယ်လိုတည်ဆောက်ခဲ့ရသလဲ။ ဘယ်လို ဘဝ ပျက်ခဲ့ရသလဲ ဆိုတာတွေကို အခြေခံထားတာပါ" လို့ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်အကြောင်းကို အဲလစ်စ် ဂူးက ရှင်းပြပါတယ်။
သူ့ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ဖို့ အတွက် ကယ်လီဖိုးနီးယားကို ပြန်လာဖို့ တက်ဒ်ကို အဲလစ်စ် တော်တော် စည်းရုံး ပြောခဲ့ရပါတယ်။ လူအတော်များများနဲ့ သူအဆက်အသွယ် ဖြတ်ထားပြီး အဲဒီအချိန်က သူ့ကလေးတွေက သူ့ကို လုံးဝ စကားမပြောသလောက်ပါပဲ။ "ရှောင်ဖယ်ခံရမှာ၊ အထီးကျန်မှာကို သူက ကြောက်နေတာပါ။ ဒါပေမဲ့ ကျွန်မ သူ့ကို ဇွတ်အတင်း ပြောခဲ့ရတယ်"လို့ အဲလစ်စ်က ပြောပြပါတယ်။
အဆုံးမှာတော့ ဒီဘဝမှတ်တမ်းရုပ်ရှင် ရိုက်ကူးတာဟာ တက်ဒ်အတွက် ဝေဒနာကို ကုစားပေးတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Greenwich Entertainment
သူတို့ချွေးနဲစာတွေကို လောင်းကစားပစ်ခဲ့လို့ ကမ္ဘောဒီးယားလူမျိုးတွေရဲ့ အသိုင်းအဝိုင်းထဲမှာ သူ့ကို ခုချိန်ထိ မကျေနပ်တဲ့ သူတွေ ရှိနေသေးပေမဲ့ အတော်များများရဲ့ ကြည်ညိုလေးစားမှုကိုလည်း သူ ခံနေရဆဲဖြစ်ပါတယ်။ ဆန်းသစ်တီထွင်ပြီး မုန့်အမယ်သစ်တွေ ဖန်တီးတတ်သူ ဒိုးနပ်လုပ်ငန်းက မျိုးဆက်သစ် လူငယ်လေးတွေနဲ့ တွေ့ဆုံဆွေးနွေးရတာကို သူက ပျော်မွေ့ပါတယ်။ သူ့ကြောင့် ထိခိုက်နာကျင်ခဲ့ရသူ အများအပြားကိုလည်း သူက တောင်းပန်ခဲ့ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ ဒီတစ်ခေါက် အမေရိကန်နိုင်ငံကို ပြန်လာတဲ့ ခရီးမှာ အခုအခါ အိမ်ထောင်သစ် ထူလိုက်ပြီ ဖြစ်တဲ့ ဇနီးသည်ဟောင်း ခရစ်စ်တီ၊ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သားသမီးတွေနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ခဲ့တာပါ။
"သူတို့ ကျွန်တော့်ကို လုံးဝ ခွင့်လွှတ်ကြပါတယ်။ ငါတကယ့်ကို တောင်းပန်ပါတယ်လို့ အကြိမ်တစ်ထောင်လောက် သူတို့ကို ပြောခဲ့ပါ တယ်။ သူတို့နဲ့ တွေ့တိုင်းလည်း "တောင်းပန်တယ် ခရစ်စ်တီရယ်" "တောင်းပန်ပါတယ် သမီးရယ်" "တောင်းပန်ပါတယ် သားတို့ရယ်"လို့ ကျွန်တော် အမြဲပြောပါတယ်။
တကယ်လို့များ နာရီတွေကို ပြန်လှည့်လို့ရရင် လှည့်ပစ်လိုက်ချင်တယ်။ အတိတ်ကိုတော့ ပြင်လို့မရတော့ပါဘူး။ ဘဝနဲ့ ရင်းတဲ့ သင်ခန်းစာတွေတော့ အများကြီး ရခဲ့ပါတယ် " လို့ တက်ဒ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Greenwich Entertainment
သူတို့နဲ့ တက်ဒ် နေ့တိုင်းနီးပါး ဆက်သွယ်စကားပြောလေ့ ရှိပါတယ်။ "လူဆိုးလူညစ်ဘဝကနေ လူကောင်းဘဝ ပြောင်းလဲလာခဲ့တဲ့ ကျွန်တော့်ကို တွေ့ရလို့ လူတိုင်းက ဝမ်းသာနေကြတယ်"လို့ တက်ဒ်က ဆိုပါတယ်။
ဘဝမှာ အရဲစွန့် စွန့်စားလုပ်တတ်တဲ့ အမူအကျင့်စရိုက်ကြောင့်ပဲ လောင်းကစားရဲ့ သားကောင်အဖြစ် အလွယ်တကူ ရောက်ခဲ့ရတယ် ဆိုတာကို အခုအခါ တက်ဒ်တစ်ယောက် သဘောပေါက်လာခဲ့ပါပြီ။
ဒီစရိုက်ကြောင့်ပဲ စီးပွားရေးကိစ္စရပ်တိုင်းကို စိုးရိမ်ကြောက်ရွံ့စိတ် မရှိဘဲ အရဲစွန့် လုပ်တတ်ခဲ့တာ၊ အချစ်ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ကြေညာရဲခဲ့တာပါ လို့တက်ဒ်က သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ထဲမှာ ရေးထားပါတယ်။
သူလောင်းကစား စွဲနေတာကို ပြတ်သွားအောင် ကုစားပေးနိုင်ခဲ့တာဟာ ခရစ်ယာန်ဘာသာကို သူယုံကြည် လက်ခံလာတဲ့ အတွက်ကြောင့်ပါလို့ တက်ဒ်က သက်သေခံ ပြောပြပါတယ်။ ဒါပေမဲ့ မနှစ်ကအထိတော့ ဘောလုံးပွဲ လောင်းချင်စိတ် ရှိနေပါသေးတယ်လို့လည်း သူက ဝန်ခံခဲ့ ပါတယ်။
"ဒါ့ကြောင့် တစ်ကမ္ဘာလုံးကို ကျွန်တော် ပြောချင်တာက'လောင်းကစား မလုပ်ကြပါနဲ့' 'လောင်းကစား စွဲသွားရင် ဘဝဆုံးပြီသာ မှတ်ပါ' မိသားတစ်စုလုံး ပျက်၊ တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ်ပြတ်ပြီး ကျန်ခဲ့ပါလိမ့်မယ်။ လောင်းကစားဆိုတာ မကောင်းဆိုးဝါး တစ်ကောင်ပါ"
ဒါပေမဲ့ နောက်ဆုံးမှာတော့ လောင်းကစားကို သူအနိုင်တိုက် နိုင်ခဲ့ပါတယ် လို့ သူက ပြောပါတယ်။ "ကျွန်တော် နောက်မဆုတ်တမ်း၊ လက်မလျှော့တမ်း၊ အညံ့မခံစတမ်း လုပ်ခဲ့လို့ လောင်းကစားကိုတောင် နိုင်အောင် တိုက်နိုင်ခဲ့တာပါ။ နှစ်ပေါင်း ၄၀ ကြာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ခဲ့ပါတယ်။ အဆုံးမှာ ကျွန်တော် နိုင်ခဲ့ပါတယ်"
တက်ဒ်ရဲ့ ဘဝဇာတ်လမ်းအကြောင်း အဲလစ်စ်ဂူး ရိုက်ကူးထားတဲ့ "ဒိုးနပ်ဘုရင်ကြီး" မှတ်တမ်းရုပ်ရှင်ကို အမေရိကန်နိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုံတင်ခဲ့ပြီး ဖြစ်ပြီး ယူကေနိုင်ငံမှာ ဒီ ၂၀၂၁ခုနှစ်ထဲမှာ အွန်လိုင်းကနေ ကြည့်လို့ ရတော့မှာဖြစ်ပါတယ်။
တက်ဒ်နွိုင်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကိုတော့ " ဒိုးနပ်ဘုရင်ကြီး သို့မဟုတ် ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ ဆင်းရဲသား ရွှေ့ ပြောင်းနိုင်ငံသား တစ်ဦးရဲ့ ဆင်းရဲ ချမ်းသာ အနိမ့်အမြင့်ဘဝ" လို့ အမည်ပေးထားပါတယ်။








