ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ဟောင်ကောင်ရဲ့ 'မူလန်' - အက်ဂ်နက်စ် ချောင်
ဟောင်ကောင် ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ရှေ့တန်းက လှုပ်ရှားခဲ့တဲ့ ၂၄ နှစ် အရွယ် အမျိုးသမီးငယ် အက်ဂ်နက်စ် ချောင်ကို သူ့ကိုထောက်ခံသူတွေက သူရဲကောင်းအဖြစ် ချီးကျူးကြပါတယ်။
ဒါပေမယ့် သူ့ကို ဒီဇင်ဘာလ ၂ ရက်နေ့ကပဲ ထောင်ဒဏ် ၁၀ လ အပြစ်ပေးလိုက်ပါပြီ။ သူနဲ့ အတူ လှုပ်ရှားသူ နှစ်ဦးကိုလည်း ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။ ရဲစခန်းရဲ့ ခွင့်ပြုမိန့်မယူဘဲ စုရုံးဆန္ဒပြမှုနဲ့ ပြီးခဲ့တဲ့ ဇွန်လက ရဲစခန်းရှေ့မှာ စုရုံးဆန္ဒပြမှုနဲ့ စွဲချက်တင်ခဲ့တာပါ။
အက်ဂ်နက်စ် ကိုယ်တိုင်ကတော့ လပေါင်းများစွာ ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့သူတစ်ဦးအနေနဲ့ အဖမ်းခံရမယ်၊ ထောင်ကျမယ် ဆိုတာကို သိရက်နဲ့ ပါဝင် လှုပ်ရှားမှုကို ဘီဘီစီက မေးကြည့်ရာမှာတော့ သူဟာ ဖိစီးမှုတွေအောက် ရောက်နေတယ်လို့ မထင်ပေမယ့် သူ့ ခန္ဓာကိုယ်က သိနေတယ် လို့ ပြောပါတယ်။ လူအများအပြားဟာ ကိုယ်အလေးချိန် လျော့လိုကြပေမယ့် သူကတော့ ပုံမှန်နေထိုင်စားသောက်တာတောင် ကိုယ်အလေးချိန် တက်မလာတဲ့အကြောင်း ပြောပါတယ်။
သူတို့ အုပ်စု ကို ပြီးခဲ့တဲ့ သြဂုတ်လက ရဲ က တရုတ်နိုင်ငံရဲ့ လုံခြုံရေး ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ အဲဒီဥပဒေ ထဲမှာ နယ်မြေ ခွဲထွက်လိုမှု၊ နိုင်ငံပြိုကွဲအောင်ကြံစည်မှု၊ အကြမ်းဖက်မှု၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှု စတာတွေ အကျုံးဝင်ပါတယ်။ လ နဲ့ချီပြီး ဟောင်ကောင်မှာ လမ်းမတွေထက် သွေးထွက်သံယိုဖြစ်တဲ့အထိ ဆန္ဒပြခဲ့တာတွေကို တရုတ်အစိုးရကတော့ တည်ငြိမ်မှု ရှိအောင် ထိန်းသိမ်းဖို့ လိုတယ်လို့ ပြောပါတယ်။
အက်ဂ်နက်စ် ကိုတော့ ပြည်ပ အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းမှုလို့ ပြောယင်း ပထမ ပိုင်းကတော့ အာမခံ ပေးခဲ့ပါတယ်။ နောက်မှ ဖမ်းလိုက်ပါတယ်။ သူ့ကို စစ်တော့လည်း အပြစ်ရှိကြောင်း ဝန်ခံပါတယ်။ သူ့အတွက်တော့ အဖမ်းခံရတာဟာ မဆန်းတော့ပါဘူး။
ဒါပေမယ့် မကြာခင်မှာ တော့ အရိပ်မဲကြီး လိုက်လာတာမျိုး ခံစားရတယ်လို့ ပြောပါတယ်။ သူ့အိမ်ကို သြဂုတ်လကတည်းက အရပ်ဝတ်နဲ့ ရဲတွေ ဝိုင်းထားပြီး နောက်မှတံခါးကို လာထုကြတဲ့ အကြောင်း၊ မလှမ်းမကမ်း တောင်ပေါ်မှာလည်း အနီအောက်ရောင်ခြည် ကင်မရာ တပ်ဆင်ပြီး စောင့်ကြည့် ဓါတ်ပုံရိုက်ကြောင်း၊ အိမ်ထဲဝင်ပြီး မွှေနှောက် ရှာဖွေတာတွေလည်း ရဲတွေ က သူ့မိခင် ရှေ့မှာပင် လုပ်ကြလို့ ကြောက်စိတ်ဝင်ပြီး၊ ဒီတစ်ကြိမ်က နောက်ဆုံး အိမ်မှာ နေရတော့မယ့်အချိန်လားလို့တောင် ကိုယ့်ဘာသာ မေးမိကြောင်းတွေ ပြောပါတယ်။
အဖမ်းခံရတဲ့အကြောင်း အိမ်မက်ဆိုးတွေလည်း မက်ခဲ့တဲ့အပြင် အိမ်တံခါး ခေါင်းလောင်းမြည်တိုင်း၊ တံခါးခေါက်သံ ကြားတိုင်း ခေျာက်ချား ရပုံတွေ လည်း ပြောပြပါတယ်။
'ဒီမိုကရေစီ နတ်မိမယ်'
အက်ဂ်နက်စ်ဟာ ၂၄ နှစ်သာ ရှိသေးပေမယ့် ဝါရင့် ဒီမို အရေး လှုပ်ရှားသူ ဖြစ်နေပါပြီ။ ဆယ်ကျော်သက် အရွယ်ကတည်း က ဆန္ဒပြဖက် ဂျိုရှဝါ ဝေါင်းနဲ့ အတူ သင်ရိုးညွှန်းတမ်းမှာ အပြောင်းအလဲလုပ်မှာကို ကန့်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အစိုးရကလည်း အပြောင်းအလဲလုပ်မယ့်အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။
၂၀၁၄ ခုနှစ် မှာတော့ ထီးဆောင်းပြီး ချီတက်တဲ့ လှုပ်ရှားမှုမှာ ထင်ရှားသူ တစ်ဦး ဖြစ်လာပါတယ်။ ဒီအခါမှာ တခြား ဆန္ဒပြသူတွေပါ ဝန်းရံလာကြလို့ ဟောင်ကောင်မြို့တော် ရဲ့ တစိတ်တပိုင်း ကို ၇၉ ရက် ထိန်းသိမ်းနိုင်ခဲ့ပြီး တက္ကသိုလ်မှာ ကျောင်းသားထု တောင်းဆိုမှုရရေး မဲပေးကြဖို့ လှုံ့ဆော်ပါတယ်။ ၂ နှစ် အကြာမှာတော့ ဒီမိုကရေစီ လိုလားတဲ့ ဒီမိုစစ္စတို (Demosisto) အဖွဲ့ကို လုပ်ဖေါ်ကိုင်ဖက် ဂျိုရှဝါ ဝေါင်း ရယ်၊ လွှတ်တော် အမတ်ဟောင်း နေသန်လောနဲ့ ပူးပေါင်း ထူထောင် ကြပါတယ်။
ဒါပေမယ့် အမျိုးသား လုံခြုံရေး ဥပဒေ ပြဋ္ဌာန်း လိုက်တဲ့ နေ့မှာတော့ သူတို့ အဖွဲ့ ကို ဖျက်သိမ်းပြီး တရုတ်နိုင်ငံ နဲ့ ဟောင်ကောင် အရာရှိတွေ ကို ဒဏ်ခတ် အရေးယူရေး ဆက်လက် လှုံ့ဆော်ကြပါတယ်။
အက်ဂ်နက်စ် ကို ထောက်ခံတဲ့သူတွေက သူ့ကို တရုတ် ရှေးဟောင်းပုံပြင်ထဲက မိသားစုကိုရော နိုင်ငံကိုပါ ကယ်တင်တဲ့ သူရဲကောင်းမလေး မူလန် နဲ့ တင်စားကြပါတယ်။ (မူလန်အကြောင်းကို မကြာခင်ကပဲ ဒစ္စနေကုမ္ပဏီရဲ့ ရုပ်ရှင်လည်း ထွက်ရှိခဲ့ပါတယ်။)
တချို့ကတော့လည်း ဒီမိုကရေစီ နတ်မိမယ် လို့ အမည်ပေးထားကြပါတယ်။
သူကိုယ်တိုင်ကတော့ ဒီနာမည်တွေနဲ့ သူ မထိုက်တန်ပါဘူးတဲ့၊ ဒါပေမယ့် ဟောင်ကောင် ရဲ့ ပကတိ အခြေအနေကို သိနိုင်ကြမှာမို့ မဆိုးပါဘူးလို့ ပြောပါသေးတယ်။ သူ့ရဲ့ ကျော်ကြားမှု ဟာ လူတွေကို ယုံကြည်မှု ပိုမိုရရှိစေနိုင်တယ်လို့လည်း ဆိုပါတယ်။
သူ့ အနေနဲ့ ရှေ့တန်းထွက် လှုပ်ရှားမှု နဲ့ ပတ်သက်လို့ ဂုဏ်ယူတာကတော့ ကျားမ ခွဲခြားတဲ့ ရှေးရိုး အစဉ်အလာကြီး ပြိုကျသွားပြီး အရင်က မိန်းကလေးတွေဆိုရင် အန္တရာယ်များတဲ့ တိုက်ခိုက်မှုတွေကြောင့် ရှေ့တန်းမှာ နေရာ မပေးကြပေမယ့် အခုတော့ အမျိုးသမီး ဆန္ဒပြသူတွေ ရှေ့တန်း ရောက်လာတာ ကို ထောက်ပြသွားပါတယ်။
အက်ဂ်နက်စ်ဟာ ဂျပန် စကား ကို သွက်သွက်လက်လက် ပြောနိုင်ပြီး ဂရပ်ဖစ် ဒီဇိုင်းလည်း နှစ်သက်သူဖြစ်လို့ သူ နဲ့ ဝါသနာတူ ဂျပန်လူငယ်တွေကပါ သူ့လွတ်မြောက်ရေးကို လူမှု ကွန်ရက် မှာ တောင်းဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကဆိုရင် တိုကျိုမြို့တော်ကို သွားပြီး ဝန်ကြီးချုပ် ရှင်ဆိုအာဘေး အစိုးရ နဲ့ ဒီမိုကရေစီ ရေး ထောက်ခံပေးဖို့ ဆွေးနွေးပါသေးတယ်။ ဒါပေမယ့် အမျိုးသား လုံခြုံရေး ဥပဒေနဲ့ ငြိမှာစိုးလို့ ဆက် မလုပ်တော့ပါဘူး။ အရင်က ပြောခဲ့တာတွေ ပြောလို့ မရတော့ဘူး လို့လည်း ဆိုပါတယ်။
အဖြူရောင် အကြောက်တရားလို့ ခေါ်တဲ့ အစိုးရ ဆန့်ကျင်သူတွေ ကို နှုတ်ပိတ်တဲ့ အလေ့ဟာ သူ အပါအဝင် ဟောင်ကောင် ပြည်သူတွေ အပေါ် လွှမ်းမိုးနေတယ် လို့ ရှင်းပြပါတယ်။ အဲဒီ အမျိုးသား လုံခြုံရေး ဥပဒေကြီးဟာ လူထု အပေါ်မှာ တုံလှုပ် ချောက်ချားစေလို့ အစိုးရ တပန်းသာသွားတယ် လို့ ပြောပါတယ်။ ဒါပေမယ့် လူထု ဟာ ဒီပုံစံကြောင့် ပိုမို လုံခြုံစိတ်ချတဲ့ အနေအထား ရောက်သွားတာ မဟုတ်ဘဲ အကြောက်တရားသာ ကြီးစိုးသွားတယ် လို့ ရှင်းပြပါတယ်။
'အဆုံးစွန် အနစ်နာခံမှု'
ပြီးခဲ့တဲ့ တစ်နှစ်လုံးလိုလိုဟာ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေကြောင့် အင်အားသုံး အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ သွေးထွက်သံယိုမှုတွေ ပိုမို ပေါ်ပေါက်ခဲ့သလို တရုတ် အစိုးရ ထောက်ခံသူတွေကလည်း ဆန္ဒပြသူတွေကသာ လုံခြုံရေး တပ်ဖွဲ့ တွေ ကို တိုက်ခိုက်တာ၊ လူထု မငြိမ်သက်မှု ဖြစ်အောင် ဖန်တီးတာလို့ စွပ်စွဲ ကြပါတယ်။
ဥပဒေ ပြဋ္ဌာန်းလိုက်တာနဲ့ ကပ်ရောဂါ ပျံ့နှံ့လာမှုတွေကြောင့် ဆန္ဒပြပွဲတွေပါ ချုပ်ငြိမ်းသလို ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြတွေတွေ အပြင်းအထန်လုပ်လိုက်တဲ့အတွက် ဟောင်ကောင်ရဲ့လွတ်လပ်ခွင့်က လျှော့နည်းသွားသလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အခုချိန်မှာ ပြောဖို့ စောသေးကြောင်း မစ္စချောင်က ပြောပါတယ်။
လိုလားချက်တွေမရသေးတဲ့အတွက် အောင်ပွဲလို့ မဆိုနိုင်သလို၊ လှုပ်ရှားမှု အဆုံးသတ်သွားပြီလို့လည်း ကောက်ချက်ဆွဲဖို့ ခက်ခဲတဲ့ အကြောင်း ဖြေပါတယ်။
ဒါပေမယ့် မနှစ် က ဆန္ဒပြပွဲ တွေ သာ မရှိခဲ့ ရင် ရဲတွေ ရဲ့ နှိပ်ကွပ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်သလို ဟောင်ကောင်သားတွေရဲ့ လွတ်လပ်ခွင့် တွေ ပျောက်ကွယ်သွားဘွယ်ရာသာရှိမယ် လို သူက ပြောပါတယ်။
ဆန္ဒပြသူတွေထဲက အများအပြား ပြည်ပ ထွက်ခွာကြတဲ့ အနက် နေသန်လော ဆိုရင် ယူကေကို ရောက်သွားပါတယ်။ သူကတော့ ဘယ် ကိုမှ မသွားဘူး လို့ ဆိုပါတယ်။ ဘာကြောင့် သူတို့ သွားကြလည်း ဆိုတာကို နားလည်တဲ့ အကြောင်း၊ ဟောင်ကောင်ဟာ ဒီမိုကရေစီကို တောင့်တပေမယ့် ကြာလေ ဝေးလေ ဖြစ်နေပုံ ကိုလည်း ပြောပါတယ်။
ဒါပေမယ့် လူထုလှုပ်ရှားမှု တိုင်းဟာ အတားအဆီးတွေ နဲ့ ရင်ဆိုင်ရမှာပဲ၊ လူအများကြီးလည်း အနစ်နာ ခံခဲ့ကြရတာပါပဲ လို့ ပြောပါသေးတယ်။ ဒါကြောင့်မို့ စိတ်ပျက်၊ ကြောက်ရွံ့ နေစရာ မလိုပဲ ဒီမိုကရေစီကို ဆက်လက် တိုက်ပွဲဝင်ရမယ်လို့ အက်ဂ်နက်စ် က ပြောပါတယ်။
နောက်ပြီး အကြောက်တရားကို ဘယ်လို ဖယ်ရှားရမှာလည်းလို့ သူက ပြန်မေးယင်း သိသူရှိရင် သူ့ကိုပြန်သင်ပေးပါလို့လည်း ပြောသွားပါတယ်။