ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တူရကီနိုင်ငံ အက်ဂျီယန် ပင်လယ်ကမ်းခြေမှာ လှုပ်သွားတဲ့ ငလျင်ကြီးရဲ့ တုန်ခါမှုကို ဂရိအထိ ခံစားရ
တူရကီရဲ့ အက်ဂျီယန်ပင်လယ် ကမ်းခြေမှာ အင်အားပြင်းလှတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခဲ့သွားတယ်လို့ တူရကီ အစိုးရအရာရှိတွေက ပြောပါတယ်။
ငလျင်က ပြင်းအား ရစ်ချ်တာ စကေး ၇ အထိ ပြင်းတယ်လို့ အမေရိကန် ဘူမိဗေဒ ဆန်းစစ်တိုင်းတာရေးအဖွဲ့ က ပြောပါတယ်။
ငလျင်ရဲ့ တုန်ခါမှုကို ဂရိနိုင်ငံ အေသင်မြို့တော် နဲ့ တူရကီက အီစတန်ဘူရ် မြို့နေရာတွေကတောင်ခံစားရတယ်လို့ ဆိုပါတယ်။
သောကြာနေ့ နေ့လယ်ပိုင်းကလှုပ်ခဲ့တဲ့ ငလျင်ရဲ့ အသေအပျောက်ဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မလာသေးပေမယ့် တူရကီမြို့ အစ်ဇ်မီယာ မှာ အဆောက်အဦတွေ ပြိုကျနေတဲ့ ပုံတွေ ကို တွေ့ရပါတယ်။
တူရကီအစိုးရ တာဝန်ရှိသူတွေက ငလျင်ပြင်းအား ၆. ၆ ရှိတယ်လို့ပြောပြီး အစ်ဇ်မီယာမြို့မှာ လူ ၄ ဦးသေဆုံးခဲ့ပြီး လူ ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ အဆောက်အဦ ၂၀ လောက် အဲဒီမြို့မှာ ပြိုကျခဲ့ပါတယ်။
ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းအသေးစားတွေ ဖြစ်ခဲ့ပြီး အစ်ဇ်မီယာမြို့နဲ့ ဂရိနိုင်ငံ ဆမ်မို့စ် ဆိပ်ကမ်းမြို့မှာ ရေတွေတက်လာပါတယ်။
ငလျင်အစပြုရာနေရာက မြေအောက် ၁၀ ကီလိုမီတာအနက်မှာလို့ အမေရိကန် ဘူမိဗေဒ ဆန်းစစ်တိုင်းတာရေးအဖွဲ့ကပြောပြီး တူရကီ အရာရှိတွေက မြေအောက် ၁၆ ကီလိုမီတာမှာ လို့ ဆိုပါတယ်။
တူရကီနဲ့ ဂရိဟာ ငလျင်ကြောတွေရှိရာအရပ်မို့ ငလျင်လှုပ်တာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။
အစ်ဇ်မီယာဟာ တူရကီရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီး ငလျင်လှုပ်ခတ်စဥ် လူတွေအများအပြား လမ်းတွေပေါ်မှာ ကြောက်လန့်တကြား ပြေးလွှားခဲ့ရပါတယ်။ မြို့ထဲမှာလည်း ရေကြီးနေသလို တချို့ ငါးဖမ်းတံငါသည်တွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
ကမ်းခြေနေရာတွေကို မသွားကြဖို့လည်း သတိပေးညွှန်ကြားနေကြပါတယ်။
၁၉၉၉ ခုနှစ်တုန်းက အီစတန်ဘူရ် မြို့နားက အစ်ဇ်မစ်မြို့မှာ ပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခဲ့ပြီး လူပေါင်း ၁၇, ၀၀၀ သေဆုံးခဲ့ရပါတယ်။