ကိုဗစ်- ဆေးရုံ ရောက်နေတဲ့ ထရမ့်ကို ဘယ်လို ကုသနေလဲ

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဆေးရုံကို ရဟတ်ယာဥ်နဲ့ သွားခဲ့ပါတယ်။

ဆေးရုံကိုပို့ဆောင်လိုက်ပေမဲ့ သမ္မတထရမ့် အခြေအနေကောင်းမွန်ပါတယ်လို့ သူ့ဆရာဝန်က ပြောပါတယ်။

သူရော သူ့ဇနီးပါ ကိုဗစ် တွေ့ရှိပြီးနောက် အခုချိန်ထိတော့ မစ္စတာထရမ့်ကို ဗိုင်းရပ်စ်ကုသဆေး ရမ်ဒက်ဆီဗီးယားအပါအဝင် ဆေးသွင်းကုသမှု တချို့လုပ်ထားပါတယ်။

ရွေးကောက်ပွဲ တစ်လပဲလိုတော့ချိန်မှာ အခုလို ကူးစက်ခံရတာ ဖြစ်လို့ သူ့ရဲ့ မဲဆွယ်အစီအစဥ်တွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။

သောကြာနေ့မှာတော့ သူ့ဆရာဝန် ရှောင်ကွန်လီက သမ္မတထရမ့်ကို အောက်ဆီဂျင် ပေးဖို့လိုတဲ့ အခြေအနေမဟုတ်ဘူးလို့ ပြောထားပါတယ်။

ထရမ့်ကို ဆေးရုံကို ပို့ဆောင်ထားတာဟာ ကြိုတင်သတိထားတဲ့ အနေနဲ့ ပို့ဆောင်တာသာ ဖြစ်ပြီး ဆေးရုံမှာ ရက်အနည်းငယ်နေနိုင်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သူ့ရဲ့ ရောဂါလက္ခဏာတွေထဲမှာ အဖျားရှိနေတာ တွေ့ရတယ်လို့ အမေရိကန် မီဒီယာတွေကို သတင်းရင်းမြစ်တွေက ပြောပါတယ်။

သောကြာနေ့က ထရမ့် ဘယ်လို အခြေအနေရှိလဲ

မရင်းဝမ်း ရဟတ်ယာဥ်နဲ့ ဆေးရုံသွားဖို့ ညနေ ခြောက်နာရီကျော်မှာ ထွက်လာတဲ့ ထရမ့်ဟာ နှာခေါင်းစည်းဝတ်ထားတာကို တွေ့ရပါတယ်။

သူ့ကို အနီးအနားက ဝေါ်လ်တာရိဒ် အမျိုးသား စစ်ဆေးရုံကို ပို့မှာပါ။

သူက ရဟတ်ယာဥ်ပေါ်မတက်မခင် သတင်းထောက်တွေကို သူအဆင်ပြေကြောင်း လက်မထောင်ပြခဲ့ပေမဲ့ ဘာမှတော့ ပြောမသွားပါဘူး။

တွစ်တာမှာတော့ သမ္မတထရမ့်က သူနေကောင်းနေပါတယ်။ သမ္မတကတော်လည်း နေကောင်းပါတယ်လို့ ဗီဒီယို အတိုလေး တင်ခဲ့ပါတယ်။

သူ့ကို သမ္မတွေ ပုံမှန် နှစ်စဥ် ဆေးစစ်ခံယူနေကျ ဝေါ်လ်တာရိဒ်ဆေးရုံက သမ္မတွေအတွက် သီးသန့်ထားတဲ့ အခန်းမှာ ထားမှာပါ။

ညသန်းခေါင်မတိုင်ခင်မှာပဲ သူက အခြေအနေကောင်းတယ်ထင်ပါတယ် လို့ တွစ်တာမှာ ထပ်တင်ခဲ့ပါတယ်။

ဘယ်လိုကုသနေလဲ

သူက အောက်ဆီဂျင်မလိုဘူး။ သူ့ကို အထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ရမ်ဒက်ဆီဗီးယား ကုသမှု ပေးထားတယ်။ ဆေးပထမ တစ်ကြိမ်ပေးထားပြီး သက်သက်သာသာ နားနေတယ်လို့ သူ့ဆရာဝန် ရှောင်ကွန်လီက ပြောပါတယ်။

အဲဒီရမ်ဒက်ဆီဗီးယားဆေးဟာ အီဘိုလာ ရောဂါကုသဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ ဆေးပါ။ အဲဒီဆေးဟာ ဗိုင်းရပ်စ်တွေပွားတာကို တားပေးနိုင်ပြီး ရောဂါ သက်သာလာချိန် မြန်စေပါတယ်။

သမ္မတကိုပေးထားတဲ့ အဲဒီဆေးကုထုံးဟာ စမ်းသပ်ဆဲ အဆင့်ဖြစ်ပြီး ကျန်းမာရေး အာဏာပိုင်တွေရဲ့ အတည်ပြုမှုကိုတော့ မရသေးပါဘူး။

ဆေးအတွက် မျှော်လင့်ချက် များများစားစား ရှိပေမဲ့ ဒီလို အဆင့်မှာ အဲဒီဆေးကို သမ္မတကို ကုရာမှာ သုံးလို့ ဆရာဝန်တချို့က အံ့အားသင့်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

မစ္စတာ ထရမ့်ကို ဇင့်၊ ဗိုက်တာမင်ဒီ၊ အစာအိမ်လေနာဆေး၊ အိပ်စက်ဖို့ အထောက်အကူပြုတဲ့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေလည်း ပေးထားတယ်လို့ ဒေါက်တာ ကွန်လီက ပြောပါတယ်။

အသက် ၇၄ နှစ်ရှိပြီး အဝလွန်နေတဲ့ အမျိုးသားတစ်ယောက် ဖြစ်တဲ့အတွက် သမ္မတဟာ အဲဒီအချက်တွေအရ ကိုဗစ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်တဲ့ အုပ်စုထဲမှာ ပါနေပါတယ်။

အသက် ၅၀ အရွယ် သမ္မကတော် မလာနီယာထရမ့်က ချောင်းနည်းနည်းဆိုးပြီး ခေါင်းကိုက်တာ ခံစားနေရပေမဲ့ အခြေအနေကောင်းပါတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်မှာ အတူနေတဲ့ သူတို့ရဲ့သား အငယ်ဆုံး ဘာရွန်ကို ပိုးစစ်ရာမှာတော့ ကူးစက်တာ မတွေ့ခဲ့ပါဘူး။

ဒီမိုကရက်တွေ ဘယ်လို တုံ့ပြန်လဲ

ထရမ့်တို့ ပိုးတွေ့ခဲ့ပြီးနောက် သူ့ပြိုင်ဘက် ဒီမိုကရက် သမ္မလောင်း ဂျိုးဘိုင်ဒန်မိသားစုက ထရမ့်တို့ ဇနီးမောင်နှံ မြန်မြန်ပြန်ကျန်းမာလာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

ဒီမိုကရက် မဲဆွယ် ကမ်ပိန်းမှာ ထရမ့်ပတ်သက်တဲ့ အနုတ်သဘောဆောင်တဲ့ မဲဆွယ်ကြော်ငြာတွေအားလုံးကိုလည်း ခဏ ဖြုတ်ချထားပါတယ်။

အမေရိကန်မှာ ကိုဗစ် ကူးစက်သူပေါင်း ၇ သန်းကျော်ရှိနေပြီး သေဆုံးသူ နှစ်သိန်းကျော်သွားပြီဖြစ်လို့ ကမ္ဘာမှာ ကူးစက်သူနဲ့ သေဆုံးသူ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

တာဝန်တွေ မထမ်းဆောင်နိုင်တဲ့အထိ မကျန်းမာလာရင် ဘာလုပ်မလဲ

ပိုးကူးစက်ထားတဲ့ သမ္မတနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေတာတွေ လုပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလို ရှာဖွေရာမှာ ဒုတိယ သမ္မတ မိုက်ပန့်စ်လည်း ပါဝင်ပြီး သူ့ကို ပိုးစစ်ခဲ့ရာမှာတော့ ပိုးကူးစက်တာ မတွေ့ပါဘူး။ အမေရိကန် အခြေခံဥပဒေအရ သမ္မတဟာ တာ၀န်တွေ မထမ်းဆောင်လောက်အောင် မကျန်းမမာ ဖြစ်လာရင် သူ့အာဏာကို ဒုသမ္မတကို ယာယီလွှဲပေးထားရမှာ ဖြစ်ပါတယ်။