ဗိုင်းရပ်စ်ကူးစက်ခံရပေမယ့် ထရမ့်မောင်နှံ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆရာဝန် ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ကတော် မလာနီယာ ထရမ့်တို့နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး လက်ရှိမှာ ကွာရန်တင်း ဝင်ကာ အားလုံးနဲ့ သီးခြားခွဲနေနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် အန္တရာယ်အရှိဆုံး အုပ်စုထဲမှာ ပါတဲ့ အသက် ၇၄ နှစ်အရွယ် သမ္မတ ထရမ့်ဟာ ဒီသတင်းကို တွစ်တာကနေတဆင့် ကြေညာခဲ့တာပါ။

"ဒီကပ်ဘေးကြီးကနေ အားလုံး အတူတကွ ကျော်ဖြတ်ကြမယ်"လို့လည်း သူက ရေးသားထားပါတယ်။

သမ္မတ ထရမ့်နဲ့ အနီးကပ်ဆုံး အလုပ်လုပ်ကိုင်ရတဲ့ လက်ထောက်တွေထဲက တဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် အခု ဒီသတင်းထွက်ပေါ်လာတာပါ။

သမ္မတ အကြံပေး အသက် ၃၁ နှစ်အရွယ် ဟုတ်ဖ် ဟခ်စ် ဟာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ သမ္မတ ထရမ့်နဲ့ အနီးစပ်ဆုံး လက်ထောက်ဖြစ်ပါတယ်။

မစ္စ ဟခ်စ် ဟာ အင်္ဂါနေ့တုန်းက အိုဟိုင်းရိုး ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲကို သမ္မတနဲ့အတူ Air Force One လေယာဉ်ကြီး စီးပြီး သွားခဲ့ပါတယ်။

ဒီစကားစစ်ထိုးပွဲကို တက်ရောက်ခဲ့ကြတဲ့ သမ္မတ ထရမ့်ရဲ့ မိသားစုဝင်တချို့လည်း နှာခေါင်းစည်း (masks) တွေ တပ်ဆင်ကြတာ မတွေ့ရပါဘူး။

နှာခေါင်းစည်း တပ်ဖို့ကို မစ္စတာ ထရမ့်က ခါးခါးသီးသီး ငြင်းဆန်လေ့ရှိပါတယ်။

ရုံးလုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေစဉ်အတွင်း သူ့လက်ထောက်တွေနဲ့ကော တခြားသူတွေနဲ့ပါ တဦးနဲ့တဦး ခပ်ခွာခွာ မရှိတဲ့ ရုပ်ပုံတွေလည်း မကြာခဏ တွေ့ရပါတယ်။

"သမ္မတ ထရမ့်နဲ့ ဇနီးဖြစ်သူတို့ နှစ်ဦးလုံး လက်ရှိအချိန်မှာ နေကောင်းကျန်းမာပါတယ်။ ဗိုင်းရပ်စ်ပိုး ကင်းစင်နိုင်ဖို့ အနားယူနေတဲ့ ကာလအတွင်း အိမ်ဖြူတော်မှာရှိတဲ့ သူတို့ရဲ့ အိမ်မှာပဲ နေကြဖို့ ရှိတယ်" လို့ မစ္စတာ ထရမ့်ရဲ့ ဆရာဝန် ရှန် ကော်နလီ က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

"သမ္မတ ထရမ့်ဟာ ပြန်လည် နာလန်ထူလာနိုင်ဖို့ ကြိုးစားနေစဉ်အတွင်း အနှောင့်အယှက် တစုံတရာ မရှိဘဲ သမ္မတ တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်လိမ့်မယ်လို့ သူ မျှော်လင့်တဲ့အကြောင်း" အဲဒီထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

မစ္စ ဟခ်စ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးတဲ့နောက် ထရမ့်က သူရော၊ အသက် ၅၀ အရွယ် သူ့ဇနီးပါ ကွာရန်တင်း ဝင်တော့မယ်လို့ ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

"အားလပ်ရက်လုံး၀ မယူဘဲ အလုပ်အင်မတန် ကြိုးစားတဲ့ ဟုတ်ဖ် ဟစ်ခ် ကိုဗစ် ၁၉ ကူးစက်ခံထားရတယ်။ စိတ်ပျက်ဖို့ကောင်းတယ်" လို့လည်း သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားထားပါတယ်။

"ကျွန်တော်ရော၊ ဇနီးဖြစ်သူတို့ပါ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နှစ်ဦး ကွာရန်တင်းစဝင်နေပါပြီ" လို့လည်း သူက ဆက်ရေးထားပါတယ်။

အခုလို မစ္စတာ ထရမ့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုဟာ ဒုတိယအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲအတွက် ပြင်ဆင်မှုတွေကို ဘယ်လို သက်ရောက်မှု ရှိလာမလဲဆိုတာ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဖလော်ရီဒါပြည်နယ်က မီယာမီမြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကျရင် ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများ

ဒုသမ္မတ မိုက်ခ် ပန့်စ်ရဲ့ ပြန်ကြားရေး တာဝန်ခံ ကေတီ မီလာဟာ မေလတုန်းက ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲရပြီး နောက်ပိုင်းမှာ ပြန်လည် သက်သာလာခဲ့ပါတယ်။

မေလတလတည်းမှာပဲ သမ္မတထရမ့်ရဲ့ ပုဂ္ဂိုလ်ရေး လိုအပ်ချက်တွေကို ဆောင်ရွက်ပေးရတဲ့ အမေရိကန် ရေတပ်အဖွဲ့ဝင်တဦးလည်း ပိုးကူးစက်ခံခဲ့ရပါတယ်။

ဒါပေမဲ့ သမ္မတရော ဒုသမ္မတ ပါ ကိုဗစ် ကူးစက်ခံရမှု မရှိဘူးလို့ အဲဒီတုန်းက အိမ်ဖြူတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ် အို ဘရိုင်ယန်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၇ ဒသမ ၂ သန်းကျော် ရှိနေပြီး သေဆုံးသူ ဦးရေကလည်း ၂၀၀,၀၀၀ ကျော်သွားပါပြီ။

အခုတော့ သမ္မတ ထရမ့်နဲ့ နေ့စဉ် ထိတွေ့ ဆက်ဆံနေရတဲ့ သူတွေအားလုံးကို ဗိုင်းရပ်စ်ပိုး ရှိမရှိ အိမ်ဖြူတော်ဘက်က စမ်းသပ်စစ်ဆေးနေပြီဖြစ်ပါတယ်။