ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု လူထောင်ချီတက်ရောက်

ထိုင်းမှာ ဇူလိုင်လကတည်းက ဆန္ဒပြပွဲတွေ နေ့စဥ်နီးပါး ဖြစ်ပေါ်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထိုင်းမှာ ဇူလိုင်လကတည်းက ဆန္ဒပြပွဲတွေ နေ့စဥ်နီးပါး ဖြစ်ပေါ်နေပါတယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မိုးတွေ ရွာသွန်းနေတဲ့ကြားက ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းဘုရင်ရဲ့ အခန်းကဏ္ဍအပါအဝင် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စုဝေး တောင်းဆိုခဲ့ကြပါတယ်။

လတ်တလော လပိုင်းတွေအတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေခဲ့ပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် ဒီဆန္ဒပြပွဲဟာ အကြီးဆုံး ဆန္ဒပြပွဲတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုထက် လူအများအပြားတက်ရောက်ဖို့ ဦးဆောင်သူတွေက မျှော်လင့်ထားပြီး လတ်တလော လူငါးထောင်လောက် ရောက်နေပြီလို့ ရဲတွေက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ခုချိန်ထိတော့ ဆန္ဒပြမှုတွေ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပါတယ်။

အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်လာဖို့ ဦးဆောင်သူတွေ မျှော်လင့်ထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်လာဖို့ ဦးဆောင်သူတွေ မျှော်လင့်ထား

ဆန္ဒပြသူတွေက ထိုင်းဘုရင်မင်းမြတ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ၊ သူ့အသုံးစရိတ်တွေကို ကန့်သတ်ဖို့ တောင်းဆိုနေကြပြီး ထိုင်းဘုရင်မိသားစုကို ဝေဖန်တာတွေ မလုပ်ဖို့ စည်းမျဉ်း ဥပဒေတွေ တင်းကြပ်ထားတဲ့ ထိုင်းနိုင်ငံမှာ ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ပါဘူး။

ထိုင်းပြည်သူတွေဟာ မွေးဖွားလာချိန်ကတည်းက ဘုရင်စနစ်ကို ကြည်ညိုလေးစားဖို့နဲ့ ချစ်မြတ်နိုးဖို့ သင်ကြားပေးခံခဲ့ရသလို ဒါနဲ့ပတ်သက်လို့ ဖွင့်ဟပြောဆိုမှုရဲ့ အကျိုးဆက်တွေကိုလည်း ကြောက်ကြဖို့ ဆုံးမသွန်သင်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံဟာ ဘုရင်စနစ်ကို ဝေဖန်လို့မရအောင် တင်းကြပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး တားမြစ်ထားတဲ နိုင်ငံ အနည်းငယ်ထဲက တနိုင်ငံပါ။

ဘုရင်၊ မိဖုရား၊ ထီးနန်းအရိုက်အရာကို ဆက်ခံမယ့်သူနဲ့ ထီးနန်းကို ယာယီအုပ်စိုးသူတွေကို ဝေဖန်ရင် ၁၅ နှစ်အထိ ထောင်ကျနိုင်ပါတယ်။

ဗီဒီယို ပုံစာ, ထိုင်းမှာ အစိုးရ အပြင် ဘုရင်စနစ်ကိုပါပြောင်းဖို့ ကျောင်းသားတွေ တောင်းဆို