ကမ္ဘာပေါ်မှာ သင်္ချာအတွက်အချက် အမြန်ဆုံးလူငယ်

    • ရေးသားသူ, မန်းနစ်ရှ် ပန်ဒီ
    • ရာထူးတာဝန်, Newsbeat သတင်းထောက်

"အပြေးမှာ ယူစိန်ဘို့လ်၊ အတွက်မှာ ဘာနူး" လို့ပြောရလောက်အောင် အိန္ဒိယနိုင်ငံက လူငယ်လေး နီလာကန်သာ ဘာနူး ပရာကက်ရှ်ဟာ အသက် ၂၀ အရွယ်မှာတင် သင်္ချာကို စိတ်နဲ့ အမြန်ဆုံး တွက်ချက်နိုင်မှု ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

သင်္ချာဘာသာရပ်ဟာ "စိတ်တွက်ကစားနည်း"တစ်မျိုးပါပဲလို့ သူက ဆိုပြီး သင်္ချာကြောက်စိတ် ကို လုံးဝ ပပျောက်သွားအောင် လုပ်ဖို့ သူရည်မှန်းထားတယ်လို့ ပြောပါတယ်။

တစ်ချိန်လုံးလိုလို ဂဏန်းတွေပဲ စဉ်းစားနေတတ်သူလို့ သူ့ကို လူတွေက သိထားကြပါတယ်။ အခုတော့ ကမ္ဘာ့အမြန်ဆုံး သင်္ချာတွက်စက် လူသား ဖြစ်လာခဲ့ပါပြီ။

စိတ်နဲ့ ဂဏန်းတွက်သူနဲ့ တာတိုအပြေးသမားကို နှိုင်းယှဉ်ပြရင်း အပြေးမြန်သူတွေကို ဘာမေးခွန်းမှ မထုတ်ကြပေမဲ့ စိတ်တွက်သင်္ချာသမားတွေကိုတော့ အမြဲပဲ မေးခွန်းတွေ မေးတတ်ကြတယ်လို့ သူကပြောပါတယ်။

"ကမ္ဘာကျော် တာတိုအပြေးချန်ပီယံ ယူစိန်ဘို့လ်လို လူတစ်ယောက် မီတာ ၁၀၀ ကို ၉.၈ စက္ကန့် နဲ့ ပြေးနိုင်တာကို ကွန်တော်တို့ ချီးကျူးဂုဏ်ပြု တတ်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ မော်တော်ကားတွေ၊ လေယာဉ်ပျံတွေ ရှိနေတဲ့ အချိန်မျိုးမှာ အပြေးမြန်တာ ဘာလုပ်ဖို့လဲ ဆိုတာကိုတော့ လူတွေ မေးခွန်းထုတ်လေ့ မရှိကြဘူး"လို့ ဘာနူးက BBC Radio 1 Newsbeat နဲ့ မေးမြန်းခန်း မှာ ပြောခဲ့ပါတယ်။

"ဒါဟာ မမျှော်မှန်းထားနိုင်တာတစ်ခုကို ခန္ဓာကိုယ်က စွမ်းဆောင်ပေးနိုင်လို့ အားကျစရာ ဖြစ်ခဲ့တာပါ။ အတွက်အချက်နဲ့ သင်္ချာလည်း အလားတူပါပဲ"လို့ ဘာနူးက ပြောပါတယ်။

သင်္ချာက ဦးနှောက်ကို အလုပ်လုပ်နေစေပါတယ်

မွေးကတည်းက သင်္ချာ ပါရမီရှင် ဖြစ်လာခဲ့တာလို့ သူ့ကို ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာနူး အသက် ၅ နှစ်အရွယ်တုန်းက မတော်တဆ ထိခိုက်မိရာက ခေါင်းဒဏ်ရာနဲ့ တစ်နှစ်လောက် အိပ်ရာထဲ လဲခဲ့ဖူးပါတယ်။ အဲဒီကစလို့ သူ့ရဲ့ အံ့ဖွယ် သင်္ချာခရီး စခဲ့တာပါ။

ထိထားတဲ့ ဒဏ်ရာကြောင့် သူ့အသိဉာဏ် ချို့ယွင်းသွားနိုင်တယ်ဆိုပြီး သူ့မိဘတွေကို ပြောထားကြတာပါ။

"ဒီတော့ ကျွန်တော့် ဦးနှောက် အလုပ်လုပ်နေအောင် စိတ်နဲ့ ဂဏန်းတွက်တဲ့ အလေ့အကျင့်ကို စလုပ်ခဲ့ပါတယ်" လို့ ဘာနူးက ပြောပြပါတယ်။

သူဟာ အိန္ဒိယက လူလတ်တန်းစား မိသားစုကနေ ပေါက်ဖွားလာသူ ဖြစ်လို့ အလုပ်ကောင်းကောင်းတစ်ခု ရဖို့၊ ဒါမှမဟုတ် စီးပွားရေး တစ်ခုခု လုပ်ဖို့ပဲ ရည်ရွယ်ခဲ့တာပါ။ သင်္ချာ ဘာသာရပ်လို နယ်ပယ်မျိုးထဲ ရောက်လာလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။

ဒါပေမယ့် ကိန်းဂဏန်းတွေ ထူးချွန်ခဲ့တဲ့အတွက် သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရဖို့ ဖြစ်လာပါတယ်။

စိတ်တွက်ကစားနည်းတစ်ခု

အထက်တန်းအဆင့် ဝင်ပြိုင်ကြသူ အများစုလိုပဲ ဘာနူးလည်း အောင်မြင်မှု ဆွတ်ခူးနိုင်ဖို့ ပြင်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ စာကြည့်စားပွဲမှာ စာထိုင်ကျက်တာမျိုးလို လုပ်လို့ရမှာ မဟုတ်တဲ့အတွက် စိတ်တွက် အားကစားတစ်ခုလို သဘောထားပြီး စလေ့ကျင့်ခဲ့ပါတယ်။

"သင်္ချာကို မြန်မြန် တွက်တတ်ရုံတင်မက မြန်မြန်စဉ်းစားတတ်သူ ဖြစ်လာအောင် ကျွန်တော် ကျင့်ခဲ့ပါတယ်"

အသက်ငယ်ငယ်မှာပဲ သူဟာ ကျောင်းချိန်ပြင်ပမှာ တစ်နေ့ကို ခြောက်နာရီ၊ ခုနှစ်နာရီကြာ သင်္ချာ လေ့ကျင့်ပါတယ်။

ဒါပေမယ့် ချန်ပီယံဘွဲ့တွေ ရပြီး စံချိန်တွေ တင်လိုက်နိုင်ချိန်ကစလို့ နေ့စဉ် ပုံမှန် လေ့ကျင့်တာမျိုး မလုပ်တော့ပါဘူး။

"အဲဒီအစား ဂဏန်းတွေကို တချိန်လုံး စဉ်းစားနေပြီး အလွတ်သဘော လေ့ကျင့်တာမျိုးတွေ လုပ်ခဲ့ပါတယ်"

"သီချင်းတွေ အကျယ်ကြီးဖွင့်ရင်း၊ လူတွေနဲ့ စကားပြောရင်း၊ ခရစ်ကက် ကစားရင်းနဲ့ သင်္ချာ ကျင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီအချိန်မှာ ဦးနှောက်ကို တပြိုင်တည်း အလုပ်မျိုးစုံ လုပ်နိုင်အောင် လေ့ကျင့်ပေးနေတာပါ" လို့ သူက ရှင်းပြပါတယ်။

သူ့ကို ဒီမေးမြန်းခန်း လုပ်နေတုန်း တချိန်တည်းမှာပဲ သူက ၄၈ အလီ ကို ရွတ်ပြသွားခဲ့ပါတယ်။

"တခါတလေ ကျွန်တော့်အနားမှာ ဖြတ်သွားတဲ့ အငှားယာဉ် ကားနံပါတ်တွေကို ပေါင်းတာမျိုး၊ ကျွန်တော်နဲ့ စကားပြောနေသူ ဘယ်နှစ်ကြိမ် မျက်တောင်ခတ်သလဲ ဆိုတာကို ရေကြည့်နေတာမျိုးတွေ ကျွန်တော်လုပ်ပါတယ်။ တစ်မျိုးကြီးလို့ ထင်ရင်ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို လုပ်တာက ဦးနှောက်ကို အလုပ်ပေးနေတာပါ"လို့ ဘာနူးက ပြောပါတယ်။

အားကျစိတ် ဖြစ်လာစေ

ဘာနူးအတွက်တော့ စံချိန်တွေချိုးရတာ ကြိုက်ပေမဲ့ ဒီအတွက်ပဲ သက်သက် လုပ်နေတာတော့ မဟုတ်ပါဘူး။

"စံချိန်မှတ်တမ်းတွေ၊ အတွက်အချက် စာရင်းဇယားတွေဟာ ကမ္ဘာကြီးမှာ သင်္ချာပညာရှင်တွေ လိုအပ်တယ် ဆိုတဲ့ တင်စားချက်တစ်ခုသာ ဖြစ်ပါတယ်။ သင်္ချာဘာသာရပ်ဆိုတာဟာ လူတွေကြိုက်တဲ့၊ ပျော်စရာကောင်းတဲ့ ဘာသာရပ်တစ်ခု ဆိုတာ သိဖို့လိုပါတယ်"

သူ့ရဲ့ အဓိက ရည်မှန်းချက်က လူတွေ သင်္ချာကြောက်တဲ့ စိတ်ကို ပပျောက်စေချင်နေတာ ဖြစ်ပြီး လူအတော်များများဟာ ကိန်းဂဏန်းတွေကို ကြောက်လေ့ရှိတယ်လို့ ဘာနူးက ပြောပြပါတယ်။

"ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်ရဲ့ လွှမ်းမိုးမှုကို ကြောက်နေတာဟာ သင်္ချာဘာသာရပ်ကို မလေ့လာလို့ ဖြစ်တယ်"လို့ သူက ဆိုပါတယ်။

သင်္ချာပညာရှင်တွေဟာ ပျင်းစရာကောင်းပြီး ကြောင်တောင်တောင်နိုင်တယ်လို့ အများက ပြောလေ့ရှိကြပေမဲ့ နိုင်ငံတကာစင်မြင့်မှာ ပြိုင်ရတဲ့အခါ သင်္ချာဘာသာရပ်ဟာ ပျော်စရာကောင်းတဲ့ ဘာသာရပ်ဆိုတာကို ပြဖို့ သူ့မှာ တာဝန် ရှိတယ်လို့ ဘာနူးက ပြောပါတယ်။

အခုဆိုရင် ဘာနူးဟာ ကမ္ဘာ့စံချိန် ၄ ခု တင်ထားနိုင်ပြီ ဖြစ်သလို တခြားဆုတွေ အများအပြားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီမို့ သူ့မိသားစုက ဂုဏ်ယူမဆုံး ဖြစ်နေပါပြီ။

သူဒီလိုဖြစ်လာအောင် သူ့မိသားစုက အားပေးခဲ့ပြီး သူအောက်ခြေ လွတ်မသွားအောင်လည်း ထိန်းပေးခဲ့တယ်လို့ ဘာနူးက ပြောပြပါတယ်။

"ကျွန်တော် ပထမဆုံး နိုင်ငံတကာ ချန်ပီယံဆု ရခဲ့အပြီးမှာ ကျွန်တော့်ဦးလေးက ကျွန်တော့်ကို အားလုံးထက် အတွက်အချက် အမြန်ဆုံးလူ တစ်ယောက် ဖြစ်လာအောင် ကြိုးစားဖို့ ပြောခဲ့ပါတယ်"

"ဒီလို ကမ္ဘာ့အမြန်ဆုံး စံချိန်တင် သင်္ချာတွက်စက် လူသား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိပါဘူး"