ကျပ်သိန်း ၂၅၀ တန် မိချောင်းသားရေအိတ် လိုင်စင်မပါဘဲ သယ်လာမိလို့ လက်လွှတ်ရ

မိကျောင်းသားရေအိတ်

ဓာတ်ပုံ ရင်းမြစ်, Australian government

သြစတြေးလျနိုင်ငံထဲကို အမျိုးသမီးတဦး သွင်းလာခဲ့တဲ့ သြစတြေးလျ ဒေါ်လာနှစ်သောင်း ခြောက်ထောင်တန် (ကျပ်သိန်း ၂၅၀ ဝန်းကျင်တန်) မိကျောင်းသားရေ လက်ကိုင်အိတ် တစ်လုံးအတွက် တင်သွင်းခွင့် ပါမစ်မလျှောက်ထားမိတဲ့အတွက် အသိမ်းခံရပြီး ဖျက်ဆီးခံရတော့မယ့်ပုံ ရှိနေပါတယ်။

ပြင်သစ်ထုတ် အဲဒီ စိန့်လောရင့်တံဆိပ် ဈေးကြီး လက်ကိုင်အိတ်ကို သြစတြေးလျနိုင်ငံ ပါ့သ်မြို့ လေဆိပ်မှာ သိမ်းဆည်းလိုက်တာပါ။

မိကျောင်းသားရေ ကုန်ပစ္စည်းတွေကို သြစတြေးလျနိုင်ငံထဲ သွင်းယူလာခွင့် ရှိပါတယ်။ ဒါပေမဲ့ သြစတြေးလျဒေါ်လာ ၇၀ (မြန်မာကျပ် ခြောက်သောင်းခွဲကျော်) တန် ခွင့်ပြုချက်လက်မှတ် တစ်ခုတော့ လိုပါလိမ့်မယ်။

မှန်ကန်ပြည့်စုံတဲ့ စာရွက်စာတမ်း လျှောက်ဖို့ လိုတယ် ဆိုတာ တန်ဖိုးကြီးကြီး ပေးလိုက်ရတဲ့ ဒီဖြစ်ရပ်က ပြနေတယ်လို့ သြစတြေးလျ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး က ပြောပါတယ်။

အဲဒီအမျိုးသမီးအတွက်တော့ သြစတြေးလျဒေါ်လာ ၂၆၃၁၃ အလကား ဖြစ်သွားရပါပြီ။ အိတ်ကို သိမ်းပြီး ဖျက်ဆီးပစ်တာကလွဲလို့ နောက်ထပ် အရေးယူတာ မလုပ်ဘူးလို့ စိုက်ပျိုးရေး၊ ရေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုဥပဒေကို ချိုးဖောက်ရင် ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရနိုင်ပြီး သြစတြေးလျဒေါ်လာ ၂ သိန်း ၂သောင်း ၂ ထောင် ဒဏ်ကြေး ချမှတ်ခံရနိုင်ပါတယ်။

သြစတြေးလျကို မိကျောင်းက ထုတ်လုပ်တဲ့ ပစ္စည်းတွေ တင်သွင်းခွင့်ရှိပေမဲ့ "မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES)" စည်းကမ်းအရ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။

တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို တားမြစ်ဖို့ သြစတြေးလျနိုင်ငံထဲကို ဘာတွေ ဝင်တယ်၊ ထွက်တယ်ဆိုတာကို အစိုးရ သေသေချာချာစောင့်ကြည့်နေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူဇန်လီက ပြောပါတယ်။

အဲဒီ အိတ်ပိုင်ရှင်က ပြင်သစ်နိုင်ငံထဲကနေ ထုတ်ယူသွားခွင့် လက်မှတ်ကို ယူလာခဲ့ပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံထဲ သွင်းယူခွင့် လက်မှတ်ကိုတော့ မလျှောက်မိခဲ့ပါဘူး။

မိကျောင်းတွေလို တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေကို အလွန်အမင်း သတ်ဖြတ်ပြီး ကုန်သွယ်ရောင်းဝယ်နေမှုတွေကို ကမ္ဘာတဝန်းက နိုင်ငံအစိုးရတွေက လိုက်လံ ဖမ်းဆီးနေတာပါ။ အဲဒီအတွက် ဖက်ရှင်လုပ်ငန်းက လူတွေ အတော်လေး ဒေါသထွက်နေကြတယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေ၊ သားမွေးတွေ၊ တိရစ္ဆာန်အသေကို အကောင်မပျက် ပြန်ပုံသွင်းထားတာတွေ၊ ဆင်စွယ်တွေ အပါအဝင် ရှားပါးတောရိုင်းတိရစ္ဆာန် ပစ္စည်းတွေကို သြစတြေးလျနိုင်ငံထဲ တရားမဝင် ခိုးသွင်းလာတာတွေကို ဖမ်းဆီးမိနိုင်ဖို့ အကြီးအကျယ် ကြိုးပမ်းနေတယ်လို့ လည်း သြစတြေးလျအစိုးရက ဖြည့်စွက်ပြောခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဘူရွန်ဒီ မိကျောင်း ချစ်သူ