ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် ဝစ္စကွန်ဆင် ဆန္ဒပြမှုမှာ ပစ်ခတ်ခဲ့မှုနဲ့ ဆယ်ကျော်သက်တစ်ဦးကို အရေးယူ
အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ်မှာ ရဲက လူမည်းတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်အပြီး ပေါ်ပေါက်လာတဲ့ မကျေနပ် ဆန္ဒပြမှုတွေအတွင်း လူနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့မှုနဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးကို စွဲချက်တင်လိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျက်ကော့ဘ် ဘလိတ်ခ် ကို ရဲက သေနတ်နဲ့ ပစ်ခဲ့ရာကနေ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့အပြီး အင်္ဂါနေ့တုန်းက အဲဒီ ဆယ်ကျော်သက်လူငယ် ကိုင်လ် ရစ်တန်းဟောက်စ် က လူ ၃ ဦးကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။
ကနိုရှာမြို့မှာ အဆောက်အအုံတွေကို ဆန္ဒပြသူတွေလက်ကနေ ကာကွယ်ဖို့က သူ့ရဲ့ တာဝန် ဖြစ်တယ်လို့ အသက် ၁၇ နှစ်အရွယ် ကိုင်လ် ရစ်တန်းဟောက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
အခု ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သူ့ကို ရာဇဝတ်ကြောင်းအရ စွဲချက် ၆ ခုနဲ့ အရေးယူထားပါတယ်။
သူဟာ သမ္မတ ဒေါ်နယ်ထရမ့် ကို ထောက်ခံအားပေးသူ ဖြစ်ပြီး ရဲနဲ့ သေနတ်တွေကို နှစ်ခြိုက် စိတ်ဝင်စားသူ ဖြစ်တယ်ဆိုတာကို ဆိုရှယ်မီဒီယာပေါ်က သူ့ရဲ့ အကြောင်းမှာ တွေ့ရပါတယ်။
တနင်္ဂနွေနေ့ညက ဂျက်ကော့ဘ် ဘလိတ်ခ်ရဲ့ နောက်ကျောကို ရဲအရာရှိတစ်ဦးက သေနတ်နဲ့ ၇ ချက် ပစ်ခတ်ခဲ့ရာကနေ ဆူပူဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့အပြီး တတိယမြောက်ညမှာပဲ ကိုင်လ် ရစ်တန်းဟောက်စ်ရဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ရဲရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့တဲ့ ဂျက်ကော့ဘ် ဘလိတ်ခ် လမ်းပြန်လျှောက်နိုင်ဖို့က မလွယ်တော့ဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။
မစ္စတာ ဘလိတ်ခ်ရဲ့ ကားထဲမှာ ဓားတစ်ချောင်းကို ရဲတွေ ရှာတွေ့ခဲ့ပေမဲ့ နောက်ထပ် တခြားဘာလက်နက်မှ မတွေ့ခဲ့ပါဘူး။ ရဲရဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
အင်္ဂါနေ့က ဘာတွေ ဖြစ်ခဲ့တာလဲ
ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ ဗီဒီယိုတွေထဲမှာ ရိုင်ဖယ်သေနတ် ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့နောက်ကို လူအုပ်ကြီးက လိုက်ဖမ်းနေပြီး အဲဒီနောက် အဲဒီလူ လဲကျသွားခဲ့ရာမှာ လူအုပ်ထဲ အဲဒီလူက သေနတ်နဲ့ ပစ်လိုက်တဲ့ ပုံမျိုး တွေ့ရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း အသက်၃၆ နှစ်အရွယ် ဂျိုးဆက်ဖ် ရိုဆန်ဘောင်နဲ့ အသက် ၂၆ နှစ်အရွယ် အန်တိုနီ ဟူဘာတို့ သေဆုံးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂေ့ဂ်ျ ဂရော့စ်ခရူးစ်လည်း ဒဏ်ရာရခဲ့ပါတယ်။
ကိုင်လ် ရစ်တန်းဟောက်စ် ကို ဗုဒ္ဓဟူးနေ့က အီလီနွိုင်ပြည်နယ် အန်တီယော့ခ်မြို့က သူ့မိခင်ရဲ့အိမ်မှာ ဖမ်းဆီးခဲ့တာပါ။ ကြာသပတေးနေ့မှာတော့ လူသတ်မှု စွဲချက်၂ ခု၊ လူသတ်ဖို့ ကြံစည်မှု စွဲချက်တစ်ခုနဲ့အတူ လုံခြုံမှု အန္တရာယ် ဖြစ်လာအောင် မဆင်မခြင် လုပ်ခဲ့မှု၊ အန္တရာယ်ရှိတဲ့ လက်နက် လက်ဝယ် ပိုင်ဆိုင်ထားမှုစတဲ့ စွဲချက်တွေနဲ့ သူ့ကို တရားဝင် တရားစွဲဆိုခဲ့ပါတယ်။
မီရှီဂန်ရေကန်ကြီးရဲ့ အနောက်ဘက်စွန်းမှာ ရှိတဲ့ ကနိုရှာမြို့မှာ လူဦးရေ တစ်သိန်းလောက် နေထိုင်နေပြီး ဂျကော့ဘ် ဘလိတ်ခ် သေနတ်ပစ်ခံခဲ့ရပြီးကတည်းက ဆူပူအုံကြွမှုတွေ ရက်နဲ့ချီ ဖြစ်နေခဲ့ပါတယ်။
မင်နီဆိုတာပြည်နယ်မှာ ဂျော့ဂ်ျဖလွိုက် ဆိုသူ အာဖရိကန်နွယ်ဖွား အမေရိကန်လူမျိုး တစ်ဦး ရဲအရာရှိတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရအပြီး လပိုင်းအကြာမှာပဲ ဒီဖြစ်ရပ်တွေ ဖြစ်ခဲ့တာပါ။
သူသေဆုံးခဲ့မှုကြောင့် အမေရိကန်ရဲတွေရဲ့ အကြမ်းဖက် ကိုင်တွယ်မှုတွေအပေါ် မကြေနပ်တဲ့ ဆန္ဒပြမှုတွေ ကမ္ဘာတဝန်း ပေါ်ပေါက်လာခဲ့ပါတယ်။
အခုတခါ ထပ်ပြီး ဂျက်ကော့ဘ် ဘလိတ်ခ် သေနတ်ပစ်ခံခဲ့ရမှုကြောင့် ကနိုရှာမြို့နဲ့ အမေရိကန်နိုင်ငံတဝန်းက တခြားမြို့တွေမှာ ကန့်ကွက်ဆန္ဒပြမှု အသစ်တွေ ထပ်ပေါ်ထွက်လာခဲ့သလို ဒီဖြစ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်က အားကစားပြိုင်ပွဲ အတော်များများလည်း ပွဲစဉ်တွေ ဖျက်သိမ်းခဲ့ပါတယ်။
မစ္စတာ ဘလိတ်ခ်ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ ရဲဟာ ကနိုရှာ ရဲဌာနက လုပ်သက် ၇ နှစ် ရှိသူ ရပ်စ်တင် ရှက်စကီး ဆိုသူ ရဲအရာရှိ ဖြစ်တယ်လို့ ဝစ္စကွန်ဆင်ပြည်နယ် ရှေ့နေချုပ်က ထုတ်ဖော်ပြောခဲ့အပြီး ဗုဒ္ဓဟူးနေ့ညမှာတော့ ဆန္ဒပြမှုတွေ တိတ်ဆိတ်သွားခဲ့ပါတယ်။
"မနေ့ညတုန်းကတော့ အတော်လေး တိတ်ဆိတ် ငြိမ်သက်နေတယ်" လို့ ကနိုရှာ ခရိုင် ရဲအရာရှိ ဒေးဗစ် ဘက်သ်က သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
အဲဒီမြို့က ဆန္ဒပြမှုတွေကို နှိမ်နင်း အရေးယူဖို့ ဒေသန္တရမှာရော ဖယ်ဒရယ်မှာပါ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေကို သမ္မတ ထရမ့်က ညွှန်ကြားထားတာကြောင့် လူတွေ ဒေါသအမျက် ထွက်နေကြပါတယ်။
ကနိုရှာ ရဲချုပ်နဲ့ ခရိုင်ရဲအရာရှိတို့ကို ရာထူးကနေ ချက်ချင်း နုတ်ထွက်ပေးဖို့ အမေရိကန် ပြည်သူ့ လွတ်လပ်ခွင့် သမဂ္ဂ (ACLU) က ကြာသပတေးနေ့က တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးဟာ လူဖြူကြီးစိုးရေးကို ကာကွယ်နေတယ်၊ ရဲတွေရဲ့ အကြမ်းဖက်မှုတွေကို ထုတ်ဖော် ကန့်ကွက်လို့ အသတ်ခံခဲ့ရသူတွေကို လူဆိုးတွေအဖြစ် ပုံဖော်နေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။